12.09.2008

ဘန်ကောက်မြို့ မော်တော်ဆိုင်ကယ်အလုပ်ရုံတွင် မြန်မာအလုပ်သမားများ အလုပ်ထုတ်ခံရ

ဒီဇင်ဘာ (၈)

ဘန်ကောက်မြို့  ဖလန်ဆောင်နယ်မြေ တန်ဘော်ရပ်ကွက် ချန်တလေ ၂၆ K လမ်းရှိ KTFMမော်တော်ဆိုင်ကယ် ပစ္စည်းစက်ရုံတွင် မြန်မာအလုပ်သမား ၂၅ ယောက်ကို အလုပ်မှ ထုတ်ပယ်လိုက်သည်

အလုပ်ထုတ် ခံရသူ မအ၀န်က” ကျမတို့ကို (၄)ရက်နေ့က အစည်းအဝေးခေါ်တယ် ပြီးတော့ ထိုင်းနိုင်ငံ စီးပွားရေးကျလို့ ပြောပါတယ် အလုပ်ထုတ်လို့ နစ်နာကြေးပေးရမယ်လို့ ပြောတော့ မန်နေဂျာက နင်တို့ လခစားတွေ မဟုတ်ဘူး နေ့စားတွေ ဖြစ်တာကြောင့် မပေးနိုင်ဘူး လို့ပြောပါတယ်၊ ပိုဆိုးတာက ထောလော စံပက်ထပ်နိန်လို့ ခေါ်တဲ့ ဘတ်စာရွက် ဒီနှစ်စာရွက်ကို မပေးပဲ အရင်နှစ်က အဟောင်းကို ပေးတယ်၊ ဒီကိစ္စကို ကျမတို့ (ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများအသင်း)ကို အကူအညီ တောင်းထားပါတယ်။ လောလောဆယ် ကျမတို့ အလုပ်သစ် ရှာရခက် နေပါတယ်” ဟုပြောသည်။

ဘန်ကောက် အခြေစိုက် (ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အသင်း)မှ တာဝန်ရှိသူ ဒေါ်သက်သက်ဦးက“ထောလော စံပက်ထပ်နိန်လို့ ခေါ်တဲ့ အလုပ်လုပ်ကိုင်ခွင့် စာရွက်အစစ် ရရှိနိုင်အောင် ကျမတို့ လုပ်ပေးနိုင်မှာပါ။ ထိုင်းအလုပ်သမား ဥပဒေအရ စာရွက်စာတမ်း အပြည့်အစုံနဲ့ ရက်ပေါင်း၁၂၀ လုပ်ခဲ့တဲ့ အလုပ်သမားတစ်ယောက်ကို လုပ်ငန်းရှင်က အလုပ်ထုတ်မယ် ဆိုရင် ရက်ပေါင်း သုံးဆယ် ကြိုတင် အသိပေးရပါမယ် ပြီးတော့ အလုပ်သမားကို နစ်နာကြေးအဖြစ် တစ်လစာ ထုတ်ပေးရပါတယ် အလုပ်သမား တစ်ယောက်အဲဒီ အလုပ်ရုံမှာ ဘယ်လောက် လုပ်ခဲ့သလဲဆိုတဲ့ အပေါ်မှာ ပုံသေ ပြဌာန်းထားတဲ့ နှုန်းထားတွေ ရှိပါတယ်။

အရင် ထိုင်းနိုင်ငံ စီးပွားရေး ပုံမှန် လည်ပတ်တုန်းက အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေအတွက် ကျမတို့ ဆောင်ရွက် ပေးခဲ့ဖူးပါတယ်၊ ခုဟာက စီးပွားရေး ကပ်ဆိုက်နေတဲ့ အချိန်ဆိုတော့ ကျမတို့နဲ့ လက်တွဲလုပ်နေကြတဲ့ ထိုင်းမိတ်ဆွေ အဖွဲ့တွေ အနေနဲ့ ဘယ်လို ကူညီဖြေရှင်ပေးမလဲတော့ မသိသေးဘူး” ဟု ပြောသည်။

၂၀၀၇ ကုန်ခါနီး ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကြောင့် ပြည်ပ ထုတ်ကုန် အဓိက ထုတ်လုပ်သော ထိုင်း နိုင်ငံလည်း စီးပွားရေး ကျဆင်းလာခဲ့သည်။ ထိုင်းနိုင်ငံ အ၀ှန်း ဒေသပေါင်းစုံတွင် အလုပ်လုပ်နေကြသော မြန်မာ အချို့  အလုပ်ထုတ်ခံနေရကြောင်း ကြားသိနေရသည်။ နိုဝင်ဘာလကလည်း ဘန်ကောက်မြို့  ဖလန် ဆောင်လမ်း (၂၀)ရှိ အထည်ချုပ်စက်ရုံတစ်ရုံမှ မြန်မာအလုပ်သမား (၄၀)ခန့် အလုပ်ထုတ်ခံခဲ့ရသည်။

ကိုကျော်သောင်းမှပေးပို့ပါသည်။

No comments:

Post a Comment