1.16.2009

မြန်မာ ရွေပြောင်း အလုပ်သမားများ စုပေါင်း နေထိုင်ရာ ရပ်ကွက်တစ်ခု ဖျက်ဆီးခံရ ပုန်းရှောင်နေရာများတွင် လိုက်လံဖမ်းဆီး

ဇန်နဝါရီ ၁၅

ထိုင်းနိုင်ငံ မဲဆောက်မြို့ တောင်ဘက် ဖုဖရမြို့ နယ်၊ အတွင်းရှိ မြန်မာ အလုပ်သမားများ နေထိုင်ရာ ဝေါတော ရပ်ကွက်ကို ယမန်နေ့က ဖျက်ဆီးပေးခဲ့ရပြီး တောစပ်နှင့် တောင်ယာတဲများတွင် ရှောင်တိမ်း ပုန်းအောင်း နေသော မြန်မာ အလုပ်သမားများအား ထိုင်းအာဏာပိုင်များ ရှာဖွေ ဖမ်းဆီး နေကြောင်း သိရှိရသည်။

ရွာဖျက်ဆီးခံရပြီး ရှောင်တိမ်းနေရသူ ဦးသောင်းကြည်က “မနက် ရှစ်နာရီ လောက်က ကားဆယ်စီး ကျော်လောက် ရောက်လာတယ်၊ ဆယ်ဘီးကား တစ်စီးနဲ့ စစ်သားတွေ အပြည့် ကားလေးနှစ်စီးနဲ့ ပုလိပ်အပြည့် လာကြတယ်။ တွေ့သမျှ လူတွေ လိုက်ဖမ်းနေပါတယ်၊ တောထဲကို ၀င်ပြီး တောနင်း ရှာနေကြတယ် ခုထိ ဆက်ဖမ်းနေပါတယ်။ အနီးအနား ရွာတွေမှာ ရှိတဲ့ မြန်မာ အလုပ်သမားတွေကိုလည်း ရှာဖမ်း နေပါတယ်။”ဟု မျက်မြင်ကို ပြောပြသည်။

မဲဆောက်မြို့  တောင်ဘက် ၄၄ကီလို အကွာတွင် ရှိသော မြန်မာ အလုပ်သမားများ (၂၀၀)ကျော်ခန့် စုပေါင်း နေထိုင်ရာ အိမ်ခြေ ၇၀ ကျော် ရှိသော ရွာအား ထိုင်းအာဏာပိုင်များက ဖျက်ဆီးခိုင်းသဖြင့် ယမန်နေ့ နေ့လည် ၁နာရီခန့်က ဖျက်ဆီး ပေးခဲ့ရသည်။

အဆိုပါရွာတွင် ထိုင်းပညာရေးအဖွဲ့ ( MOE)နှင့် HWF (Help Wouthout frontier) အဖွဲ့တို့၏ ထောက်ပံ့မှုဖြင့် တည်ဆောက်ထားသော မြန်မာစာသင်ကျောင်း တစ်ကျောင်း အပါအ၀င်၊ အိုင်အာစီ မှ ဆောက်လုပ် ပေးထားသော ကျေးလက် ဆေးပေးခန်း၊ စာကြည့်တိုက်နှင့် ရေလောင်း အိမ်သာများ၊ သောက်ရေများ စနစ်တကျ တည်ရှိသော ရွာဖြစ်သည်။ လျှပ်စစ်မီး မရှိသည်က လွဲ၍ အထူး နေချင်စဖွယ် ရွာဖြစ်ကြောင်း ကျောင်းဆရာ ဦးထိုက်သူအောင်ကပြောသည်။

“ကျနော်တို့ ဒီရွာကလေးက နေချင်စဖွယ် သပ်သပ်ရပ်ရပ် ရှိပါတယ်။ ၂၀၀၁ ခုနှစ်က စပြီး ကိုယ်ထူကိုယ်ထ ကျောင်းဖွင့်လှစ် ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာ အခုရှိတဲ့ ကျောင်းကို ထိုင်းပညာရေးအဖွဲ့ ( MOE)နဲ့ HWF (Help Without frontier) အဖွဲ့တို့က ဆောက်ပေး ပါတယ်။ ဗမာရွာလို ဖြစ်လာတယ်။ လူတွေ တဖြည်းဖြည်းနဲ့ များလာတယ်။ ဒါကြောင့် ထိုင်းအာဏာပိုင်တွေက အလိုရှိဟန် မတူဘူး။ တစ်ရွာလုံးဖျက်လိုက် ရတယ်။ ကျနော့်တပည့်တွေကို ကျနော် ဘယ်လို ပညာသင် နိုင်တော့မလဲ။ နေအိမ်တွေကို ဖျက်ပြီး စိုက်ခင်းတွေ။ တောင်ခြေတွေကို သွားကုန်ကြပြီ။ နိုင်ငံမဲ့ကလေးတွေ၊ စာလည်းမတတ်ဘူး ဆိုရင် သူတို့ အနာဂါတ် မတွေးရဲ စရာ ပဲဗျာ။ ကျနော်တို့ တတ်နိုင်သမျှ ကြိုးစား ကြည့်ပါဦးမယ်’’ ဟု ပြောသည်။

အဆိုပါ စာသင်ကျောင်းတွင် သူငယ်တန်းမှ စတုတ္ထတန်း အထိ သင်ကြားပေးသည်။ ထိုင်းဆရာမတစ်ဦး။ မြန်မာ ဆရာမတစ်ဦးနှင့် မြန်မာကျောင်းဆရာ နှစ်ဦး ရှိပြီး ကျောင်းသား ကျောင်းသူ (၁၄၆)ယောက် ရှိကြောင်း ပြောသည်။

မဲဆောက်အခြေစိုက် မြန်မာပြည်သားအဖွဲ့ ခေါင်းဆောင် ကိုမိုးကြိုးက ဘတ်မရှိတဲ့အတွက် ဥပဒေကြောင်း အရ လုပ်လို့ မရနိုင်ပေမယ့် ထိုင်းနယ်ခြားစောင့် တပ်ကို အဲဒီရွာ အနားမှာရှိတဲ့ ကရင်လူငယ်အစည်းအရုံး (KYO) အဖွဲ့နဲ့ သွားပြီးတော့ ကျနော်တို့ မေတ္တာရပ်ခံ ထားခဲ့ပါတယ်။ ရွာကလေးက တော်တော်နေဖို့ ကောင်းတယ် ဘယ်တတ်နိုင် မလဲဗျာ။ စနစ်ပေါ့ ကိုယ့်တိုင်းပြည်မှာ စားစရာမရှိ အလုပ်အကိုင်က မရှိ၊ သူတပါး တိုင်းပြည်မှာ လာပြီး ဒုက္ခရောက် ကြရတယ်။ ကျနော်တို့က မှတ်တမ်း တင်ပေးတယ်။ အကူအညီ ပေးထားတဲ့ အဖွဲ့တွေကို အကြောင်းကြား ပေးတယ်”ဟု ပြောသည်။

ထိုင်းမြန်မာ နယ်စပ် မဲဆောက်မြို့ နယ်တွင် မြန်မာ အလုပ်သမားပေါင်း တစ်သိန်းဝန်းကျင်ခန့် တပ်ခရိုင်အတွင်း မြန်မာနိုင်ငံသားပေါင်း ခြောက်သိန်းခန့် ရှိကြောင်း မဲဆောက်အခြေစိုက် မြန်မာပြည်သား အဖွဲ့က စစ်တမ်း ကောက်ယူထားကြောင်း သိရသည်။

ကိုကျော်သောင်းမှပေးပို့ပါသည်။

No comments:

Post a Comment