1.16.2009

အလုပ်သမား ပတ်စပို့လုပ်မည်ဟု လုပ်ငန်းရှင်ကခေါ်ယူစည်းဝေး အလုပ်သမားများစိုးရိမ်

ဇန်နဝါရီ ၁၄

ထိုင်းနိုင်ငံ တောင်ပိုင်း ဆုံခါမြို့ နယ်၊ ဟတ်ယိုင်မြို့  ထုံလုံရပ်ကွက်နှင့် စူစပ် ရပ်ကွက်အကြားတွင် တည်ရှိသော လက်အိပ် စက်ရုံ (Siam-Sempermed) လက်အိပ်စက်ရုံတို့တွင် လုပ်ငန်းရှင်က တရားဝင် အလုပ်သမား ပတ်စပို့ လုပ်ရန် ပြောကြားသဖြင့် မြန်မာ ရွေ့ ပြောင်း အလုပ်သမားများ စိုးရိမ်နေကြကြောင်းသိရသည်။

( စရံ ) လက်အိပ်စက်ရုံမှ အလုပ်သမ မအေး က“ကျမတို့ ဒီအလုပ်ရုံမှာ အယင်နှစ်က အလုပ်သမား ဘတ်လုပ်ခ ဆိုပြီး ဘတ်ငွေ (၆၀၀၀)ပေးပြီး နေထိုင်ခဲ့ရတယ်၊ ၀င်ဝင်ခြင်း (၂၀၀၀)ပေးရတယ်။ တစ်လကို (၁၀၀၀)စီ ဖြတ်ခဲ့ ပါတယ်။ ခုနှစ်ကုန်တော့ မနေ့က အစည်းအဝေးခေါ်တယ်၊ နယ်စပ်ကိုသွားပြီး ပတ်စပို့လုပ်ရမယ်လို့ ပြောပါတယ်၊ တစ်ယောက်ကို ဘတ် (၈၅၀၀) ဖြတ်မယ်လို့ ပြောပါတယ်၊ အမည်ရင်း၊ နေရပ်လိပ်စာ အပြည့် အစုံပေးရမယ် လို့ပြောပါတယ်၊ ကျမတို့က ထိုင်းမှာ ဘတ်လုပ်ထားတာ အမည်လည်း ပေးချင်သလို ပေးထားတယ်၊ အသက်လည်း အမှန်မဟုတ်ဘူး၊ ဗမာပြည်မှာ ဂွက်ထော် က ဒီမှာ မေသူအောင် ဖြစ်ချင် ဖြစ်နေတယ်၊ ပြီးတော့ နာမည်အမှန် နေရပ်လိပ်စာ အမှန်ကို ပေးရမယ်ဆိုရင် ကျမတို့ နောက်ကြောင်း စိတ် ချရပါ့မလား၊ ရွာမှာသွားပြီး အခွန်ကောက်မလား အမျိုးမျိုး စဉ်းစားနေကြတယ်၊ ဆက်ပြီး လုပ်နေကြမလား၊ အလုပ်ပဲ ပြောင်းမလား နေရပ်ကို ပြန်ရင် ကောင်းမလား မသိတော့ပါဘူး။ ၂၀ ရက်နေ့ ငွေထုတ်ရင် ဘတ် ၂၈၀၀ ဖြတ်မယ် ပြောပါတယ်။ မလုပ်ရင်လည်း အလုပ်က ထွက်ရမယ်လို့ ပြောပါတယ်”ဟု ပြောသည်။

ရုံချင်းကပ်လျှက် အလုပ်ရုံဖြစ်သော (Aimberly-clkrk) စက်စကင်း လက်အိပ်စက်ရုံမှ အလုပ်သမား ကိုကျော်သန်း က “ကျနော်တို့စက်ရုံကို ၀င်ဝင်ချင်း ဘတ်(၂၅၀၀) ပေးရပါတယ်။ တစ်လကို (၁၀၀၀)ဖြတ်ပါတယ်၊ မနေ့က အစည်းအဝေးမှာ မန်နေဂျာ က ပြောပါတယ်၊ ကော့သောင်း၊ မဲဆောက်၊တာချီလိတ် တို့ကို တစ်သုတ်ကို အလုပ်သမား(၁၀၀)စီ ပို့မယ်လို့ ပြောပါတယ်၊ ကျနော်တို့တော့ အခက် တွေ့နေရ ပါတယ်၊ ကျနော်တို့က ရခိုင်ကလာတာ၊ ကျနော်တို့ သန်းခေါင် စာရင်းကို အချိန်တို အတွင်းဘယ်လိုမှ မရနိုင်ပါဘူး၊ လနဲ့ချီ စောင့်လို့ စောင့်တာတောင် ရပါမလား၊ စောင့်နေတဲ့အခါ ဘာနဲ့ စားမလဲ၊ ဘယ်မှာ တည်းမလဲ၊ အလုပ်လည်း မလုပ်ရ ဒုက္ခတော့ တွေ့တော့မှာပဲဗျာ”ဟု ပြောသည်။

အဆိုပါ အလုပ်ရုံများမှာ စင်္ကာပူ၊ မလေးရှားနှင့် ထိုင်းလူမျိုး လုပ်ငန်းရှင်များ ပိုင်ဆိုင်ကြောင်း အလုပ်သမားများ ကပြောသည်။

ထိုင်း မြန်မာနယ်စပ် မဲဆောက် အခြေစိုက် မြန်မာပြည်သားအဖွဲ့ မှ ကိုမိုးကြိုးက “ထိုင်းမှာ အလုပ်လာလုပ်တဲ့ အလုပ်သမားတွေဟာ အမည်တစ်ခြား၊ အသက်တစ်ခြား ပေးထားပြီး သူများဘ၀ထဲ ၀င်နေကြသူတွေပါ၊ နယ်စပ်မှာ ပတ်စပို့လာလုပ်ရင် ထိုင်းမှာ ပေးထားတဲ့ အမည်က တစ်မျိုး အသက်က မမှန်၊ ဆိုတော့ ဗမာ အာဏာပိုင် တွေက သိတဲ့အတိုင်းပဲ ရစ်တော့မှာ၊ မြ၀တီမှာ ပတ်စပို့လာလုပ်တာ ၂၀၀၈ အောက်တိုဘာလက တည်းကပါ၊ လူရာဂဏန်းလောက် လုပ်တယ်လို့ ကြားရပါတယ်၊ မဲဆောက်မှာ မြန်မာ အလုပ်သမား သိန်းချီရှိတာ ဒီလောက်ပဲ လုပ်တယ်။

ရနောင်းဘက်မှာ သိတော့ သိတယ် လုပ်တဲ့ လူတွေ မရှိဘူးလို့ ကျနော်တို့ စုံစမ်းလို့ သိရတယ်၊ တာချီလိတ် ဘက်မှာ စိတ်လည်း မ၀င်စားဘူးလို့ သိရပါတယ်။ ဗမာ အလုပ်သမားတွေက နောက်ကြောင်း စုံစမ်းမှာ မလို ချင်ကြဘူး၊ နေရပ်က မိသားစုတွေဆီမှာ အခွန်မကောက်ဘူးလို့ ဘယ်သူ ပြောနိုင်မလဲ ဘာမှ စိတ်မချ ရဘူး”ဟု ပြောသည်။

ထိုင်းအစိုးရနှင့် မြန်မာအစိုးရတို့ နှစ်နိုင်ငံ သဘောတူညီချက်အရ တရားဝင် အလုပ်သမား ငှားရမ်းရေး အစီ အမံများ စီစဉ်ခဲ့သည်မှာ နှစ်အတန် ကြာခဲ့သော်လည်း ယခုထိ အကောင်အထည် ပေါ်ခြင်း မရှိသေးချေ။ ပထမတွင် မြန်မာအစိုးရက ဘတ်ငွေ(၂၀၀၀)စီ သတ်မှတ်ခဲ့သော်လည်း နာက်ဆုံးတွင် ဘတ်(၅၀၀)သို့ လျှော့ ချခဲ့သည်။

ထိုင်းအစိုးရဘက်က အလုပ်သမား ဘတ်လုပ်သကဲ့သို ဘတ်ငွေ(၃၈၀၀)နှင့် အခြေခံလစာ သတ်မှတ်ချက် ဘတ်(၆၀၀၀)မှ လစဉ်ဝင်ငွေခွန် ဆယ်ရာခိုင်နှုန်း ပေးသွင်းရမည် ဖြစ်သဖြင့် တစ်လကို (၆၀၀)ဘတ် ၊ တစ်နှစ် အတွက် (၇၂၀၀) အပြင် ဗီဇာကြေး ဘတ်(၂၀၀၀) ဖြစ်၍ အလုပ်သမား တစ်ယောက်အတွက် တစ်နှစ် အတွက် ဘတ်ငွေ (၁၃၀၀၀) ဖြစ်နေသဖြင့် အလုပ်သမားများ ကုန်ကျမည့် ငွေပမာဏမှာ များလွန်း နေကြောင်း အလုပ် သမားအရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများက သုံးသပ်နေကြသည်။ ထိုင်းနိုင်ငံ၏ စာရင်းဇယား အားလုံး တို့မှာ ကွန်ပြူတာ စနစ်ဖြစ်သော်လည်း၊ မြန်မာနိုင်ငံ၏ စာရင်းဇယားများမှာ မူ စာရွက် စာတမ်း စနစ်သာ ရှိသေးသဖြင့် နှစ်နိုင်ငံ အလုပ်သမား ပတ်စပို့ လုပ်ကိုင်ရေးကိစ္စမှာ လွယ်ကူချောမွေ့စွာ ဖြစ်နိုင်ဘွယ် မရှိကြောင်း အလုပ်သမား အရေး ကျွမ်းကျင်သူများက ပြောဆိုနေကြသည်။

ထိုင်နိုင်ငံတွင် မြန်မာ အလုပ်သမားများ ကိုင်ဆောင်ထားသော အလုပ်လုပ်ကိုင်ခွင့် (ဘတ်)ကို ၂၀၀၉ ခုနှစ် အထိ သက်တမ်းတိုး ပေးဦးမည် ဖြစ်သော်လည်း ၂၀၁၀ ပြည့်လွန် နှစ်များတွင် တရားဝင် ဗီဇာ ရှိသူ များကိုသာ နေထိုင် အလုပ်လုပ်ကိုင်ခွင့် ပြုတော့မည် ဖြစ်ကြောင်း ထိုင်းအစိုးရ အလုပ်သမား ၀န်ကြီးဌာနမှ ထုတ်ပြန် ကြေညာ ထားသည်။

ကိုကျော်သောင်းမှပေးပို့ပါသည်။

No comments:

Post a Comment