5.24.2009

ဘန်ကောက်မြို့ တရုတ်နှင့်ရုရှားသံရုံး ရှေ့ ဒေါ်စုလွှတ်ပေးရေးတောင်းဆို ဆန္ဒပြ



ရုရှား သံတမန်များက ဆနပြသူများ၏ တောင်းဆိုစာကို လက်ခံယူစဉ်


မေ ၂၄

ထိုင်းနိုင်ငံ ဘန်ကောက်မြို့  အခြေစိုက် တရုတ်နှင့် ရုရှားသံရုံး ရှေ့  ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေး တောင်းဆို ဆန္ဒပြပွဲကို ဘန်ကောက်အခြေစိုက် မြန်မာ့ဒီမိုကရက်တစ် ကွန်ယက်က ကျင်းပခဲ့ကြသည်။

လူအင်အား ရှစ်ဆယ်ခန့််က နေ့လည်၁၁နာရီတွင် တရုတ်သံရုံးရှေ့တွင် နာရီဝက်ကျော်ကြာ ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေး ကြွေးကြော် တောင်းဆှိုဆန္ဒပြခဲ့ကြသည်။ တရုတ်သံရုံးရှေ့တွင် ကြွေးကြော်ဆန္ဒပြ၊ စတိတ်မင့်များ အင်္ဂလိပ်မြန်မာ နှစ်ဘာသာဖြင့် ဖတ်ကြားခဲ့သည်။ စတိတ်မင့်ကို ပေးအပ် ရာတွင် သံရုံဂိတ်ပေါက်စောင့်က လက်မခံသည့်အပြင် စာထည့်ပုံးထဲကိုပင် အထည့်မခံသဖြင့် သံရုံးရှေ့တွင် ထောင်ထားသောသံခြံတွင် ညှပ်ထားခဲ့ရသည်။

ထို့နောက်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ထိုင်းဌာနခွဲ)မှ စီစဉ်ထားပေးသောကားနှင့်ရုရှားသံရုံးသို့  ဆက်လက် ထွက်ခွာလာခဲ့ကြသည်။

ရုရှားသံရုံးရှေ့ တွင် ထိုင်းရဲများ အမြောက်အမြားစောင့်ကြပ်နေပြီး သံရုံဘေး ဗီဇာဌာနဘက်မှ နေရာယူ ကြသည်။ နာရီဝက်ကျော်ကြာ တောင်းဆိုဆန္ဒပြနေစဉ် ရှုရှားသံရုံးမှ အရာရှိနှစ်ဦး ထွက်လာပြီး စတိတ်မင့်ကို လက်ခံရယူကာ ၄င်းတို့၏ အစိုးရကို အကြောင်းကြားပေးမည် ဖြစ်ကြောင်း ပြောပြသည်။

ဆန္ဒပြရာတွင် ပါဝင်သော ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အသင်းမှ အမျိုးသမီးရေးရာ ဌာနမှူး မသက်သက်ဦးက ဆန္ဒပြခြင်း ရည်ရွယ်ချက်ကို- - -

“ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာအရေးကို ဆုံးဖြတ်တဲ့အခါ ရုရှားနဲ့ တရုတ်က ဗီတို အာဏာသုံးမှာကိုမလိုလားတဲ့အတွက် ကျမတို့လာပြီး ဆန္ဒပြရတာ ဖြစ်ပါတယ်’’ဟုပြောသည်။

ဆန္ဒပြအဖွဲ့၏ ထုတ်ပြန်ကြေညာချက် စတိတ်မင့်ကို ရခိုင်အမျိုးသား ကိုသာထွန်းအောင်က ဖတ်ကြားရာတွင်“ မြန်မာနိုင်ငံအပေါ် ထားရှိသော သဘောထားများကို ပြန်လည် ဆင်ခြင်သုံးသပ်ရန်၊ လူသားချင်း ငဲ့ညှာပြီးမြန်မာ့ ဒီမိုကရေစီရေးအတွက် ကမ္ဘာကြီးနှင့် လက်တွဲ ပူးပေါင်းပါဝင်ရန်နှင့် မြန်မာနိုင်ငံ ဒီမိုကရေစီစနစ်သို့ အသွင် ကူးပြောင်းေ၇းအတွက် အထူးအနှောက်အယှက် ဖြစ်စေမည့် ၂၀၁၀ ရွေးကောက်ပွဲကို ရပ်တန့်စေပြီး သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ပေါ်ပေါက်စေရေးအတွက် လူရိုင်းကြီးနအဖအား စည်းရုံး သိမ်းသွင်းပေးပါရန်’’ဟူ၍ ပါရှိသည်။

မိဘများ နေထိုင် အလုပ်လုပ်ကိုင်နေရာ ဘန်ကောက်မြိုသို့ ရက်ပိုင်းအတွင်းက ရောက်ရှိလာသော ဆယ်ကျော်သက်ရွယ် မ၀င်းသန္တာခိုင်က“သမီး ကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကို သိပါတယ်။ သူဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးအတွက် ကြိုးစားနေတဲ့သူ အဖြစ်သိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သမီးကြည်ညိုတယ်။ လေးစားတယ်။ ချစ်ခင်တယ်။ မြန်မြန်ပြန်လွတ်ပါစေလို့ သမီးဆုတောင်းပါတယ်’’ဟု ပြော သည်။

ယနေ့နေ့လည်က မဲဆောက်အခြေစိုက်အဖွဲ့ပေါင်းစုံမှ သံဃာတော်များ အပါအ၀င်တက်ကြွ လှုပ်ရှားတက်ကြွသူ (ရ၀)ခန့် မဲဆောင်မြ၀တီကားဂိတ်မှ ထိုင်းမြန်မာနယ်စပ် ချစ်ကြည်ရေး တံတားအောက် ကားလမ်းမကြီး အတိုင်း လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။

မဲဆောက်အခြေစိုက် အပြည်ပြည်ဆိုင်ရာ သံဃာ့ဦးသျှောင် အဖွဲ့ထိုင်းဌာနခွဲမှ အသျှင်ဦးအိန္ဒက “နအဖ စစ်အစိုးရရဲ့ မတရားတဲ့ တရားဥပဒေကို ဦးဇင်းတို့ကန့်ကွက်တယ်။ အရက်သမားဥပဒေကို လက်မခံဘူး၊ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဖြစ်တယ်၊ အမျိုးသား ခေါင်းဆောင် ဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးလည်းဖြစ်တယ် ၊ဒါမျိုးမလုပ်သင့်ဘူး၊ ဦးဇင်းတို့ မေတ္တာရပ်ခံတယ်၊ အာဏာရှင်စနစ်မပြုတ် သရွေ့ ဦးဇင်းတို့ ဆက်လက်တိုက်ပွဲဝင်သွားမယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး အတွက် ဘယ်နိုင်ငံ အစိုးရကမှ ထိထိရောက်ရောက်လုပ်ပေးနိုင်မှာမဟုတ်ဘူး၊ မြန်မာ့ အရေးကို စိတ်ဝင်စားသူတွေနဲ့ ပြည်သူတွေ တက်ညီလက်ညီ လုပ်မှရမယ်လို့ ပြောချင်ပါတယ်’’ဟု မိန့်တော်မူ သွားသည်။

မဲဆောက်နှင့် ဘန်ကောက်မြို့ ယနေ့ဆန္ဒပြပွဲများ၌် ပါဝင်သူများတွင် အကျဉ်းကျနေသော ဒေါ်အောင် ဆန်းစုကြည်ပုံများ၊ ကိုင်ဆောင်ပြီး နဖူးစီးအနီများတွင်၊ ခွပ်ဒေါင်းပုံနှင့် သက်ဆိုင်ရာပါတီ အဖွဲ့အစည်းများ၏ အမှတ်အသားများ ပါဝင်ကြသည်။ လူတော်တော်များများတို့တွင် ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံပါ တီရှပ် အကျီများကို ၀တ်ဆင်ထားကြသည်။ အလားတူ ဂျပန်နိုင်ငံတိုကျိုမြို့  အဲဘိစု ပန်းခြံတွင်လည်း မြန်မာ့အရေး လှုပ်ရှားသူ ၅၀၀ခန့်က လှည့်လှည် ချီတက် ဆန္ဒပြကြကြောင်း သိရှိရသည်။

ကိုကျော်သောင်းမှပေးပို့ပါသည်။

No comments:

Post a Comment