6.30.2009

မဟောသဓ မရှိတဲ့ သားတရားစီရင်ခန်း

ဘွဲ့ဖြူ
၃၀ ဇွန် ၂၀၀၉


မြန်မာနိုင်ငံရဲ့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးဟာ စက်မှုတက္ကသိုလ် ကျောင်းသား ကိုဘုန်းမော်နဲ့ ကိုစိုးနိုင်တို့ သေဆုံးခဲ့ကြရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မှန်မှန်ကန်ကန် စုံစမ်းစစ်ဆေးပေးဖို့နဲ့ တာဝန်ရှိသူတွေကို တရားဥပဒေ ကြောင်းအရ အရေးယူပေးဖို့ဆိုတဲ့ ကျောင်းသားတွေရဲ့ တောင်းဆိုမှုတခုနဲ့ စတင်ခဲ့တယ်။ ဒါပေမယ့် မဆလ အမည်ကို ယူထားတဲ့ စစ်အာဏာရှင်အစိုးရက ထုံးစံအတိုင်း ဉာဏ်နီဉာဏ်နက်တွေသုံး ကလိမ်ကကျစ်တွေလုပ်ရင်း အချိန် တွေ တရွေ့ရွေ့ ကြာညောင်းလာတဲ့အခါ ဒီမိုကရေစီတောင်းဆိုတဲ့ ပြည်သူလူ ထု အများစုကြီးရဲ့ တောင်းဆိုမှုက ကြားဖြတ်အစိုးရ ဖြစ်လာခဲ့တယ်။

ကိုယ်ထူထောင်ခဲ့တဲ့ ပါတီကို အကျပ်အတည်းပေါင်းစုံအတွင်း ကျောခိုင်း စွန့်ခွာ (ကိုယ်ထောင်တဲ့ပါတီ ကိုယ်ကိုယ်တိုင် ပြန်ဖျက်) ပြီး မြန်မာ့နိုင်ငံရေး နောက်ဖေးတံခါးပေါက်က ခပ်လျှိုလျှိုနဲ့ အသာလစ်ထွက်သွားဖို့ ရှေ့ပိုင်းမှာ စီစဉ်ထားခဲ့တဲ့ မြန်မာစစ်အာဏာရှင်စနစ်ရဲ့ ခေါင်းကိုင်ဖခင်ကြီး ဗိုလ်နေဝင်း ဟာ အဲဒီလိုမရှူနိုင် မကယ်နိုင် ဖြစ်လာတော့မှ သူလက်သပ်မွေး ပြုစု ပျိုးထောင်ပေးခဲ့တဲ့ ဗိုလ်စောမောင်အကူအညီနဲ့ တပ်မတော်က အာဏာ သိမ်းတယ်ဆိုပြီး မဆလကို တဖက်လှည့်နဲ့ ကယ်တင်ကာ တစညဆိုတဲ့ အမည်သစ်နဲ့ သက်ဆိုးရှည်စေခဲ့တယ်။

နဝတ အမည်နဲ့ ရသေ့ရှစ်သောင်းဇာတ်ကို ဆက်ကခဲ့တဲ့ စစ်အုပ်စုဟာ ပြည်သူထောင်ပေါင်းများစွာကို သတ်ဖြတ်ပြီး ပြည်သူတွေရဲ့တောင်းဆိုမှုဖြစ်တဲ့ ကြားဖြတ်အစိုးရဖွဲ့စည်းရေးကို လုံးဝပယ်ချ လျစ်လျူရှုခဲ့ပေမယ့် အားကောင်းမောင်းသန် စီးဆင်းနေဆဲဖြစ်တဲ့ ပြည်သူတွေရဲ့ ဒေါသဒီရေအဟုန်ကို လမ်းလွှဲတဲ့အနေနဲ့ ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲ လုပ်ပေးပါ့မယ်ဆိုတဲ့ ကတိကို ပေးခဲ့တယ်။ လူထုလှုပ်ရှားမှုခေါင်းဆောင်တွေဟာ အဲဒီတုန်းက အရှိန်အမြင့်ဆုံးရောက်နေတဲ့ လူထုရဲ့အုံကြွမှုဒီလှိုင်းကို ဆက်လက်ပဲ့ကိုင်ပြီး ကြားဖြတ်အစိုးရ ဖွဲ့စည်းနိုင်တဲ့အထိ ဆက်လက်ဦးဆောင်တိုက်ပွဲဝင်သွားရင် အောင်ပွဲကို ဆုပ်ကိုင်နိုင်ကောင်း ဆုပ်ကိုင်နိုင်မှာ ဖြစ်ပေမယ့် ပြည်သူလူထုကြီး အထိအခိုက်အကျအဆုံးများပြီး အမြတ်ထက် အရှုံးက ပိုများမှာကို စိုးရိမ်မိတဲ့စိတ်နဲ့ တထစ်လျှော့ပေးခဲ့ကြတယ်။ ဒါက စစ်အာဏာရှင်တွေကို ဒီမိုကရေစီခေါင်းဆောင်တွေက ပထမဆုံးအကြိမ် အလျှော့ပေးလိုက်လျောခဲ့မှု ဖြစ်တယ်။

၁၉၈၉ ခုနှစ် အာဇာနည်နေ့မှာ အာဇာနည်ဗိမာန်ကို လူထုနဲ့အတူ ချီတက်ဂါရဝပြုဖို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မူလက စီစဉ်ထားခဲ့တယ်။ ဒါပေမယ့် အဲဒီနေ့က နဝတဟာ ဧရာမ လူသတ် ပွဲကြီး ဆင်နွှဲဖို့ စီစဉ်ထားတယ်ဆိုတဲ့ ခိုင်မာတဲ့ သတင်းတခုကို ရပြီးတဲ့နောက်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုနဲ့ အတူ ချီတက်မယ့် သူ့ရဲ့အစီအစဉ်ကို ဖျက်သိမ်းကြောင်း အချိန်ကပ်ပြီးမှ ကြေညာလိုက်တယ်။ ဒါပေမယ့် ကျွံသွား ပြီဖြစ်တဲ့ လူထုအစိတ်အပိုင်းတွေကတော့ နဝတ လုံထိန်းတွေရဲ့ ရက်ရက်စက်စက် ရိုက်နှက်ဖမ်းဆီးခြင်းကို ခံသွားခဲ့ကြရပြီး ထောင်ဒဏ်အသီးသီးချမှတ် ခံခဲ့ကြရတယ်။ ဒါက ဒုတိယအကြိမ် အလျှော့ပေးခဲ့မှု ဖြစ်တယ်။

သမားရိုးကျ ဖြစ်စဉ်ရှုထောင့်ကပြောရင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြီးစီးသွားလို့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အမည်စာရင်းတွေကို တရားဝင်ကြေညာပြီးပြီဆိုတာနဲ့ အဲဒီရွေးကောက်ပွဲကို ကြီးကြပ်ပြုလုပ်ပေးခဲ့တဲ့ အာဏာပိုင်အဖွဲ့အစည်းက ရက်ပေါင်း (၆ဝ) အတွင်း လွှတ်တော်ခေါ်ပေးပြီး ကိုယ်စား လှယ် အများစု အနိုင်ရပါတီကို ဦးဆောင်အစိုးရဖွဲ့စေကာ အဲဒီအစိုးရကို အာဏာလွှဲအပ်ရမှာဖြစ်တယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ တမူထူးခြားတဲ့အခြေအနေကို သဘောပေါက်ထားကြတဲ့ ၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရပါတီက ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြိုအနိုင်ရကြောင်း သတင်းတွေ အခိုင်အမာ ပေါ်ထွက်လာခဲ့ပြီးနောက်မှာ လွှတ်တော် ခေါ်ပေးရေးကို မတောင်းဆိုဘဲ နဝတနဲ့ တွေ့ဆုံဆွေးနွေးရေးကိုပဲ တောင်းဆိုခဲ့တယ်။ ဒါက တတိယ အကြိမ် အလျှော့ပေးခဲ့မှု ဖြစ်တယ်။

“ရွေးကောက်ပွဲပြီးရင် စစ်တန်းလျားပြန်မယ်၊ နိုင်တဲ့ပါတီက (၄၇) နဲ့ (၇၄) ကြိုက်ရာ အခြေခံဥပဒေနဲ့ အစိုးရဖွဲ့ကြ၊ အခြေခံဥပဒေအသစ် ရေးချင်တယ်ဆိုရင်လည်း ရေးကြပေါ့၊ အခြေခံဥပဒေရေးဆွဲတဲ့ကိစ္စမှာ စစ်တပ်က တရားခံ အဖြစ်မခံနိုင်ဘူး၊ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တွေ ဆွဲကြပေါ့” လို့ လူသိရှင်ကြား အကြိမ်ကြိမ်အခါခါ ပြောဆိုခဲ့တဲ့ နဝတဟာ ရွေးကောက်ပွဲအပြီး အနိုင်ရပါတီက ဂန္ဓီခန်းမညီလာခံကျင်းပဖို့ ပြင်ဆင်နေခိုက်မှာ ၁/၉ဝ ကြေညာချက်ကို ကတိုက်ကရိုက် ထုတ်ပြန်ခဲ့တယ်။ အဲဒီကြေညာချက်ရဲ့ အနှစ်သာရက ၉ဝ ရွေးကောက် ပွဲအနိုင်ရ ပါတီများဟာ (၄၇) သို့မဟုတ် (၇၄) အခြေခံဥပဒေတခုခုကို အသုံးပြုပြီး အစိုးရဖွဲ့ခွင့်မရှိဘူး။ အခြေခံ ဥပဒေအသစ် ရေးဆွဲရမယ်ဆိုတာဖြစ်တယ်။

နဝတဟာ ရွေးကောက်ပွဲမတိုင်ခင်က သူပေးခဲ့တဲ့ ကတိကို သူကိုယ်တိုင် ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာ ဖြစ်တဲ့ အဲဒီကြေညာချက်ကို ထုတ်ပြန်ခဲ့ရုံသာမက ပါတီအားလုံးကိုလည်း အဲဒီကြေညာ ချက်အတိုင်း လိုက်နာပါ့မယ် ဆိုတဲ့ သဘောတူညီချက်ကို အတင်းအကျပ် လက်မှတ်ရေးထိုးစေခဲ့တယ်။ ဆယ်စု နှစ် သုံးခုနီးပါးကြာ ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ပြည်သူတွေရဲ့ အခွင့်အာဏာလွှဲအပ်မှု (Mandate) ကို ရရှိခဲ့တဲ့ပါတီဖြစ်ပေမယ့် အန်အယ်လ်ဒီဟာ ပြည်သူတွေ'နာ'မှာကို စိုးရိမ်တဲ့စိတ်နဲ့ လက်မှတ်ထိုးပေးခဲ့တယ်။ အဲဒါက စတုတ္ထအကြိမ် အလျှော့ပေးခဲ့မှု ဖြစ်တယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရင်နှစ်သည်းချာဖြစ်တယ်။ စစ်အာဏာရှင်စနစ်အောက် မြန်မာပြည်သူတွေ ခါးစည်းခံနေကြရတဲ့ ဒုက္ခဝေဒနာတွေကို ဆက်ပြီး မရှုရက်မမြင်ရက်တော့လို့ သက်သောင့်သက်သာရှိပြီး အေးချမ်းတည်ငြိမ်တဲ့ ပုဂ္ဂလိကဘဝကို အပြီး တိုင်စွန့်လွှတ်ကာ နာကျင်ပင်ပန်း ခက်ခဲကြမ်းတမ်းလှတဲ့ မြန်မာ့နိုင်ငံရေးမီးတောက်မီးလျှံထဲ ဝင်ရောက်လာ ခဲ့သူဖြစ်တယ်။

ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးဟာလည်း ပြည်သူတွေကို စာနာစိတ်ထားခဲ့မိတဲ့အတွက် စစ်အာဏာရှင် ဗိုလ်နေဝင်းရဲ့ မျက်မာန်တော်ရှခြင်းကို ခံခဲ့ရပြီး ကာကွယ်ရေးဦးစီးချုပ်ရာထူးကို စွန့်လွှတ်ခဲ့ရသူဖြစ်တယ်။ ဒါ့အပြင် နိုင်ငံကို ကယ်တင်လိုတဲ့ ဗိုလ်ကြီးအုန်းကျော်မြင့် ဦးဆောင်တဲ့ မျိုးချစ်စစ်သည်တစုရဲ့ အကြံအစည်ကို ဗိုလ်နေဝင်းထံ သံတော်ဦးမတင်မှုနဲ့ နှစ်ရှည်ထောင်ဒဏ် အပြစ်ပေးခံခဲ့ရသူဖြစ်တယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးအပေါ် မြန်မာပြည်သူတွေထားရှိတဲ့ မေတ္တာထုထည်ကို သိရှိပြီး တုန်လှုပ်ချောက်ချားနေကြတဲ့ နဝတဟာ အဲဒီလူထုခေါင်းဆောင်နှစ်ဦးကို အပြစ်ရှာ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်။ သူတို့အထိန်းသိမ်းခံနေရခိုက်မှာ အပြင်မှာရှိနေတဲ့ အန်အယ်လ်ဒီခေါင်းဆောင်တွေကို အကျပ်ကိုင်ဖိအားပေးပြီး အဲဒီခေါင်းဆောင်နှစ်ဦးကို ပါတီက ထုတ်ခိုင်းခဲ့တယ်။ အန်အယ်လ်ဒီကို စတင်တည်ထောင်ခဲ့ ကြသူတွေ လည်းဖြစ်တဲ့ အဲဒီခေါင်းဆောင်နှစ်ဦးကို အန်အယ်လ်ဒီကထုတ်ပစ်ဖို့ဆိုတာ ကိုယ့်နှလုံးသည်းပွတ်ကို ကိုယ် ကိုယ်တိုင် ခွဲစိတ်လှီး ဖြတ်ပြီး ထုတ်ပေးရတဲ့ အလုပ်မျိုးဖြစ်တယ်ဆိုတာကို သဘောပေါက်နားလည်ပေမယ့် ကျန် အန်အယ်လ်ဒီ ခေါင်းဆောင်တွေဟာ ပြည်သူတွေကို ငဲ့ညှာတဲ့စိတ်နဲ့ ခေါင်းဆောင်နှစ်ဦးကို နဝတ အလိုကျ ပါတီက ထုတ်ပေးခဲ့တယ်။ ဒါက ပဉ္စမအကြိမ် အလျှော့ပေးခဲ့မှု ဖြစ်တယ်။

ရှစ်လေးလုံး လူထုအုံကြွလှုပ်ရှားမှုကြီးရဲ့ အန္တိမမျှော်မှန်းချက်က စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး၊ ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးဖြစ်တယ်။ အန်အယ်လ်ဒီဟာ အဲဒီအရေးတော်ပုံကြီးထဲမှာ မီးရှူးသန့်စင်ဖွားမြင်ခဲ့တဲ့ ပါတီဖြစ်တယ်။ ၁/၉ဝ ကြေညာချက်နဲ့ ပါတီအများစုကို နှိပ်ကွပ်နိုင်ခဲ့ပြီးနောက် ၁၉၉၃ မှာ နဝတ တဖြစ်လည်း နအဖ ဟာ ရွေးကောက်ပွဲမတိုင်မီတုန်းက တခွန်းမှ မဟခဲ့ဖူးတဲ့ အမျိုးသားညီလာခံဆိုတာကို ဦးစီးကျင်းပခဲ့တယ်။

အဲဒီညီလာခံမှာ အခြေခံမူကြီးဆိုတာ (၆) ချက်ပါရှိပြီး အဲဒီထဲက ဆဋ္ဌမမြောက်အချက်က “မြန်မာ့နိုင်ငံရေးတွင် တပ်မတော်က ဦးဆောင်ကဏ္ဍမှ ပါဝင်ရေး” ဖြစ်တယ်။ အနှစ်သာရက စစ်အာဏာရှင်စနစ် တရားဝင် ရာသက် ပန် တည်တံ့ခိုင်မြဲရေးဖြစ်တယ်။ ဒီအချက်ဟာ ပြည်သူ့ဆန္ဒ တနည်းအားဖြင့် ဒီမိုကရေစီသာပဓာန ဦးစီးဦး ဆောင်ဖြစ် တယ်ဆိုတဲ့ အန်အယ်လ်ဒီရဲ့ အခြေခံမူနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပေမယ့် အန်အယ်လ်ဒီ ခေါင်းဆောင်တွေဟာ ပြည်သူလူထုကို ငဲ့ညှာပြီး အဲဒီအမျိုးသားညီလာခံ ဆိုတာကို ပါဝင်တက်ရောက်ခဲ့တယ်။ ဒါက ဆဋ္ဌမအကြိမ် အလျှော့ပေးခဲ့မှု ဖြစ်တယ်။

ဒီပဲယင်းအရေးအခင်းဟာ ကမ္ဘာတုန်သွားခဲ့တဲ့ ရာဇဝတ်မှုကြီး (Global Crime) ဖြစ်တယ်။ အဲဒီအရေးအခင်းအတွင်း နအဖရဲ့ ကြေးစားလူမိုက်လူရမ်းကားတွေဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို လက်စတုံးစီရင်ဖို့ အသည်းအသန် ကြိုးပမ်းခဲ့ကြတယ်။ ဒါပေမယ့် “သူတော်ကောင်းနတ်ကောင်းမ” ဆိုသလို ဒေါ်အောင်ဆန်းစုကြည်ဟာ အသက်ဘေးက သီသီကလေး လွတ်မြောက်ခဲ့တယ်။ နဝတဟာ အဲဒီ ရာဇဝတ်မှုကြီးရဲ့ အရေးအကြီးဆုံး သက်သေကို ဖျောက်ဖျက်ဖို့ ကြိုးစားတဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ကို အဲဒီအရေးအခင်းဖြစ်တဲ့ နေ့ကစလို့ ဖမ်းဆီချုပ်နှောင်ထားခဲ့တာ ဒီကနေ့အထိဖြစ်တယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့အသံကို ကမ္ဘာက ပထမဆုံးကြားလိုက်ကြချိန်မှာ ကြားလိုက်ရတဲ့အသံက ဒီပဲယင်းအရေးအခင်းမှာ တာဝန်ရှိသူတွေကို စစ်ဆေးဖော်ထုတ် အရေးယူပေးဖို့ တောင်းဆိုတဲ့အသံမဟုတ်ဘဲ မြန်မာနိုင်ငံ လွတ်လပ်ငြိမ်းချမ်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် နအဖနဲ့ တွေ့ဆုံဆွေးနွေးလိုတယ်ဆိုတဲ့ တောင်းဆိုသံ သာ ဖြစ်နေတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မိမိရဲ့ ပုဂ္ဂလိကဘဝခံစားချက်နဲ့ ဝေဒနာများကို လုံးဝလျစ်လျူရှုပြီး နိုင်ငံ့အရေးကို ရှေ့ဆုံးမှာထားကြောင်း ထပ်မံပြသလိုက်တာဖြစ်တယ်။ ဒါက သတ္တမအကြိမ် အလျှော့ပေးခဲ့မှု ဖြစ်တယ်။

၁၉၉ဝ ရွေးကောက်ပွဲ ကျင်းပပြီးစီးသွားတဲ့နောက်မှာ ဘယ်ရှုထောင့်ကပဲကြည့်ကြည့် အန်အယ်လ်ဒီဟာ မြန်မာပြည်သူတွေရဲ့ တရားဝင်ကိုယ်စားလှယ်ဖြစ်တယ်။ ဒါကြောင့် တိတိကျကျ မှန်မှန်ကန်ကန်ပြောရရင် အန်အယ်လ်ဒီကို အတိုက်အခံလို့ ရည်ညွှန်းပြောဆို ရေးသားနေကြတာတွေဟာ မှားယွင်းတဲ့ ဖော်ပြမှု များသာဖြစ်ပြီး ပကတိအခြေအနေမှာ တကယ့်အတိုက်အခံက တစညနဲ့ အဲဒီပါတီကို အကာအကွယ်ပေးထားတဲ့ နအဖသာ ဖြစ်တယ်။ ဒါပေမယ့် “ဘုရားကား အောက် မျောက်ကားအထက်” ဆိုသလိုဖြစ်နေတဲ့ မြန်မာ့ နိုင်ငံရေး အခြေအနေကို သဘောပေါက်ထားကြတဲ့ အန်အယ်လ်ဒီခေါင်းဆောင်များဟာ ရွေးကောက်ပွဲပြီးနောက် တလျှောက်လုံး မိမိတို့ပါတီရဲ့ စစ်မှန်တဲ့အနေအထားကို စူးစူးရဲရဲ ထုတ်ဖော်ကြေညာတာမျိုး တခါမှမလုပ်ခဲ့ဘဲ နဝတ၊ နအဖတို့ကို တရားဝင် အစိုးရတခုသဖွယ် ပြောဆိုပြုမူ ဆက်ဆံလာခဲ့ကြတယ်။

တဘက်မှာ ပြည်သူတွေအပ်နှင်းထားတဲ့ အခွင့်အာဏာ၊ တဘက်မှာ တကမ္ဘာ လုံးကို ဆန့်ကျင်အန်တုပြီး ငါတကောကောနေတဲ့ စစ်အုပ်စု။ နံရံနှစ်ခုကြား ကျဉ်းမြောင်းတဲ့ လမ်းမြှောင်ကလေးပေါ်မှာ ယိမ်းယိုင်ပြိုလဲ မသွားရလေအောင် ခက်ခက်ခဲခဲ ကြိုးစားလျှောက်လှမ်းနေရတဲ့ အန်အယ်လ်ဒီ ခေါင်းဆောင်များ အနေနဲ့ နောက်ဆုံးမှာ မိမိတို့တလျှောက်လုံး ကိုင်စွဲလာခဲ့တဲ့ “ရှဥ့်လည်း လျှောက်သာ ပျားလည်းစွဲသာ” မူဝါဒရဲ့ အပျော့ပျောင်းဆုံး နည်းလမ်းကို လူသိ ရှင်ကြား ဖော်ထုတ်ကြေညာခဲ့တော့ တယ်။ အဲဒါကတော့ နအဖ က ၉ဝ ရွေးကောက်ပွဲရဲ့ ရလဒ်ကို အကောင်အထည်ဖော်တဲ့အနေနဲ့ ပြည်သူ့လွှတ် တော်ကို ခေါ်ယူဖွဲ့စည်းပေးပါ။ အဲဒီလွှတ်တော်က နအဖကို မြန်မာပြည်သူ တွေကရော၊ နိုင်ငံတကာ အသိုင်းအဝိုင်းကပါ အသိအမှတ်ပြုလာကြစေမယ့် ‘တရားဝင်’ အစိုးရ တခုအဖြစ် ကြေညာပေးမယ်ဆိုတဲ့ ကမ်းလှမ်းမှုဖြစ်တယ်။ ဒါက အဋ္ဌမအကြိမ်မြောက် အလျှော့ ပေးခဲ့မှု ဖြစ်တယ်။

ဒါတွေကတော့ ၁၉၈၈ ကစလို့ အခုအထိ အနှစ်နှစ်ဆယ်ကျော် ကာလအတွင်း ပြည်သူလူထုအပေါ် နည်းမျိုးစုံနဲ့ အနိုင်ကျင့် ဗိုလ်ကျစော်ကားလာခဲ့တဲ့ နအဖစစ်အာဏာရှင်တွေကို လူထုခေါင်းဆောင်တွေက ပြည်သူလူထုကို ငဲ့ညှာပြီး “ပြည်သူလူထု သွေးချောင်းစီးမှာကို ရှောင်ရှားနိုင်ဖို့အတွက်” အဆုံးစွန်အထိ အလျှော့ပေးလာခဲ့တဲ့ ဖြစ်စဉ်ကြီး ဖြစ်တယ်။

လူထုခေါင်းဆောင်တွေဘက်က အဲသလို အလျှော့ပေးခဲ့ပေမယ့် မဆလ၊ နဝတ၊ နအဖ စစ်အာဏာရှင် တွေဘက်က ဘယ်လိုတုံ့ပြန်ခဲ့သလဲ။ လူထုခေါင်းဆောင်တွေဘက်က နောက်ကို တလှမ်းဆုတ်ပေးလိုက်တိုင်း စစ်အုပ်စုဘက်က ရှေ့ကိုတလှမ်း တက်လာတာချည်းပဲ မဟုတ်လား။ ဆုတ်ပေးရင်း ဆုတ်ပေးရင်း အခုတော့ အန်အယ်လ်ဒီဟာ ၂ဝ၁ဝ ရွေးကောက်ပွဲဆိုတဲ့ ချောက်ကမ်းပါးစွန်းပေါ် ရောက်နေပြီဖြစ်တယ်ဆိုတာ အားလုံး အမြင်ပဲ။ အဲဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အန်အယ်လ်ဒီ လှမ်းမယ့်ခြေလှမ်းဟာ အန်အယ်လ်ဒီရဲ့ကံကြမ္မာကို အပြီးသတ် အဆုံးအဖြတ်ပေးမယ့် ခြေလှမ်းဖြစ်တယ်ဆိုတာ ပေါ်လွင်ထင်ရှားနေတယ်။ အန်အယ်လ်ဒီရဲ့ ကံကြမ္မာဟာ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ရုန်းကန်မှုအစဉ်ကြီးထဲက အလွန်အရေးပါတဲ့ အကန့်တကန့်ရဲ့ ကံကြမ္မာပဲဖြစ်တယ်။

မြန်မာနိုင်ငံသားမှန်ရင် မဟောသဓ ဇာတ်တော်အကြောင်း မဖတ်ဖူးရင်တောင် ကြားဖူးနားဝတော့ ရှိကြမှာပါ။ အဲဒီဇာတ်တော်ထဲက ‘သားတရားစီရင်ခန်း’ ဆိုရင် ကရုဏာရသနဲ့ ဝိဘစ္ဆရသကို ပေါ်လွင်အောင် နှိုင်းယှဉ်ပြပြီး သရုပ်ဖော်ထားတဲ့ ဇာတ်ကြောင်းဖြစ်တာမို့ ဖတ်ဖူးကြားဖူးသူတိုင်း နှလုံးသားထဲ ဓာတ်ပုံရိုက်ထားသလို တသက်လုံး စွဲမြဲနေကြမယ့်ဇာတ်ကြောင်း ဖြစ်မှာသေချာတယ်။ အားလုံးသိကြတဲ့အတိုင်း အဲဒီဇာတ်ကြောင်းမှာ ကလေးကို အလယ်မှာထားပြီး လုကြတဲ့အခါ နာကျင်လို့ ငိုတဲ့ကလေးရဲ့ ငိုသံက မိခင်ရင်းဖြစ်သူရဲ့ နှလုံးသားကို မခံမရပ် နိုင်အောင် နာကျင်စေတာမို့ မိခင်ရင်းဟာ ရှုံးချင်ရှုံးပစေတော့ဆိုပြီး ကလေးကိုလွှတ်ပေးလိုက်တယ်။

မဟောသဓရဲ့ ပထမစီရင်ချက်အတိုင်းဆိုရင် မိခင်ရင်းကရှုံးပြီး ကလေးကို ဘီလူးမက ရရှိသွားမှာဖြစ်တယ်။ ဒါပေမယ့် မဟောသဓက ဇာတ်လမ်းထဲကို ဒုတိယအကြိမ် ထပ်မံဝင်ရောက်လာပြီး သူ့ရဲ့ ပိုင်းခြားစိတ်ဖြာ သုံးသပ်နိုင်တဲ့ ပညာ၊ ရှေ့က အစဉ်အလာတွေအရ သူရရှိထားတဲ့ သြဇာအရှိန်အဝါ၊ အမှန်တရားကို မြတ်နိုးတဲ့ ပွဲကြည့်ပရိသတ်တွေရဲ့ အညွတ်အနူး ထောက်ခံမှုတို့ကို အသုံးပြုပြီး မိခင်ရင်း ဘယ်သူဖြစ်တယ်ဆိုတာကို အဆုံးအဖြတ်ပေးလိုက်တယ်။ ဘီလူးမကလည်း မျိုးမတူဇာတ်ခြား၊ သားစားကျူးတဲ့ ဘီလူးမဖြစ်သည့်တိုင်အောင် လူသားကလေးငယ် တယောက်မျှသာဖြစ်တဲ့ မဟောသဓရဲ့ အဆုံးအဖြတ်ကို ကျေကျေနပ်နပ်ခံယူပြီး အရှုံးပေး နောက်ဆုတ်သွားခဲ့တယ်။

လက်ရှိမြန်မာနိုင်ငံအရေးဟာ အချင်းအရာ အတော်များများမှာ အဲဒီသားတရားစီရင်ခန်းနဲ့ နှိုင်းယှဉ်စဉ်းစားလို့ ရနေတာကို မြင်တွေ့ကြရမှာဖြစ်တယ်။ မြန်မာပြည်သူတွေကို အလယ်ကထားပြီး လုနေကြတဲ့ ဒီမိုကရေစီ ခေါင်းဆောင်တွေနဲ့ မဆလ၊ နဝတ၊ နအဖ စစ်ခေါင်းဆောင်တွေမှာ ဘယ်သူက မိခင်ရင်း၊ ဘယ်သူက ဘီလူးမ ဖြစ်တယ်ဆိုတာကိုတော့ အတိတ်က ဖြစ်ရပ်တွေက သက်သေအထင်အရှား ပြသခဲ့ပြီးဖြစ်တာမို့ နွေနေထွန်း လင်းတဲ့ နေ့ခင်းကြောင်တောင်မှာ လက်နှိပ်ဓာတ်မီးထိုးပြစရာ လိုမယ်မထင်ဘူး။

မဟောသဓဇာတ်တော်ထဲက သားတရားစီရင်ခန်းနဲ့ ယနေ့လက်ရှိ မြန်မာနိုင်ငံအခြေအနေတို့အကြား နှိုင်းယှဉ် စဉ်းစားရာမှာ အခြေခံသဘောအားဖြင့် တူညီတာ တော်တော်များများရှိနေတဲ့ တချိန်တည်းမှာ မတူညီတဲ့ အဓိက ခြားနားချက်ကြီးတခုလည်း အထင်အရှားရှိနေတယ်။ အဲဒါကတော့ သားတရားစီရင်ခန်းမှာ ဇာတ်ရှုပ်ကိုရှင်းပြီး ကလေးငယ်ကို မိခင်လက်ထဲ လွှဲအပ်ပေးရမယ့် စီရင်ချက်ကို ချမှတ်နိုင်ခဲ့တဲ့ မဟောသဓရှိနေပေမယ့် ယနေ့ လက်ရှိ မြန်မာနိုင်ငံအရေးမှာတော့ အဲသလို အဆုံးအဖြတ်ပေးနိုင်တဲ့ မဟောသဓ မရှိခြင်းပါဘဲ။

ရှစ်လေးလုံးအရေးတော်ပုံကြီး စတင်ဖြစ်ပွားခဲ့ချိန်ကစလို့ အခုအထိ သားတရားစီရင်ခန်းထဲက မိခင်ရင်းနဲ့တူတဲ့ လူထုခေါင်းဆောင်တွေက ကလေးငယ်နဲ့တူတဲ့ ပြည်သူတွေ ထိခိုက်နစ်နာမှာကို စိုးရိမ်တဲ့စိတ်နဲ့ အကြိမ်ကြိမ် အလျှော့ပေးခဲ့ပေမယ့် ဘီလူးမနဲ့တူတဲ့ အာဏာရှင်တွေကတော့ ဘယ်သူသေသေ ငတေမာရင်ပြီးရော စိတ်ဓာတ်နဲ့ လုပ်ဆောင်ခဲ့တာ အားလုံးအမြင်ပဲ။

စစ်အုပ်စုဟာ စစ်အာဏာရှင်စနစ် ရာသက်ပန် တည်တံ့ခိုင်မြဲရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ အရာရာတိုင်းကို လုပ်ဆောင်နေတယ် ဆိုတဲ့အချက်ကို အမေရိကန်၊ အီးယူနဲ့ ကုလသမဂ္ဂတို့လို ယဉ်ကျေးတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း မပြောနဲ့၊ တရုတ်၊ ရုရှား၊ အိန္ဒိယနဲ့ အာဆီယံတို့လို့ ကိုယ်ကျိုးစီးပွားကို အဓိကထားပြီး နအဖနဲ့ ပေါင်းသင်းဆက်ဆံ နေကြတဲ့ နအဖရဲ့ ရင်းနှီးတဲ့ မိတ်ဆွေဆိုတဲ့ နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေကတောင် သိကြတယ်။ အဲဒီမိတ်ဆွေနိုင်ငံ တွေက အခွင့်အရေးရရင်ရသလို “အမျိုးသားပြန်လည်သွေးစည်းညီညွတ်ရေး” “ပါဝင်သင့်ပါဝင်ထိုက်သူအားလုံး ပါဝင်တဲ့ ရွေးကောက်ပွဲဖြစ်ရေး” ဆိုတဲ့ ဝေါဟာရတွေ သုံးနှုန်းပြီး နအဖကို တိုက်တွန်းပြောဆိုလေ့ရှိကြတာကိုကြည့်ရင် နအဖရဲ့လုပ်ပုံကိုင်ပုံတွေကို သူ့ရဲ့ မိတ်ဆွေဆိုသူတွေကတောင် ဘဝင်မကျကြဘူး ဆိုတဲ့အချက်က ထင်ရှားပေါ်လွင်လှတယ်။

ဒါပေမယ့် အားလုံးသိကြတဲ့အတိုင်းပဲ မြန်မာစစ်အာဏာရှင်စနစ်ရဲ့ နွားအိုနောက်ကျသား နအဖ ကတော့ မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တရားမျှတ ကြောင်းကျိုးဆီလျော်တဲ့ တောင်းဆိုချက် မှန်သမျှကို စစ်ဖိနပ်နဲ့ နင်းချေလာခဲ့တာ အခုဆိုရင် မြန်မာနိုင်ငံဒီမိုကရေစီပြုပြင်ပြောင်းလဲရေးရဲ့ ဝင်ရိုးမဏ္ဍိုင် သဖွယ်ဖြစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုတောင် ကလိမ်စေ့ငြမ်းဆင် အမှုဆင်ဖမ်းဆီးပြီး ထောင်ဒဏ်ချမှတ် ဖို့အထိ ကြံစည်ကြိုးစားနေပြီ ဖြစ်တယ်။

အခုဆိုရင် နအဖဟာ ဘီလူးမ ဖြစ်တယ်ဆိုတာကို သူနဲ့သူ့ဘေးနားက မင်းမြှောင်ကပ်ဖားတသိုက်ကလွဲလို့ တကမ္ဘာလုံးက သိနေကြပြီ။ ပြဿနာက ဒီကနေ့လက်ရှိကမ္ဘာမှာ နအဖ ဘီလူးမကို တောထုတ်နိုင်မယ့် မဟော သဓ မရှိဖြစ်နေခြင်းပဲ။ အနှစ်နှစ်ဆယ် အတွေ့အကြုံတွေအရ မြန်မာပြည်သူတွေအနေနဲ့ အမေရိကန် ပြည်ထောင်စု၊ အီးယူ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဘယ်သူ့ကိုမှ မဟောသဓ ဖြစ်လာဖို့ မမျှော်လင့်နိုင်ဘူး။

ဒီလိုဆိုရင် ပြဿနာကို ဘယ်လိုဖြေရှင်းကြမှာလဲ။ နှစ်ပရိစ္ဆေဒ ရှည်ကြာရင့်ညောင်းလှပြီဖြစ်ပေမယ့် ဒီကနေ့အထိ သွေးထွက်အောင် မှန်နေဆဲဖြစ်ပြီး နောင်ကိုလည်း စကြဝဠာတည်သရွေ့ ဆက်လက်မှန်ကန်နေဦးမှာဖြစ်တဲ့ ‘ဥစ္စာရင်လို၊ ဥစ္စာရင်ခဲ’ ဆိုတဲ့ စကားကိုပဲ ရည်ညွှန်းကိုးကားရဦးမှာဖြစ်တယ်။ မြန်မာပြည်သူလူထုကြီးအနေနဲ့ စစ်အာဏာရှင်စနစ် ဘီလူးမလက်ထဲက လွတ်မြောက်ဖို့အတွက် ကိုယ့်ဘာသာကိုယ် ကြိုးစားရုန်းကန်လှုပ်ရှား ထကြွကြရမှာပဲဖြစ်တယ်။

ဒီလိုလုပ်ဆောင်ဖို့အတွက် တာဝန်အရှိဆုံးကတော့ မြန်မာပြည်သူလူထုကြီးတရပ်လုံးက ၁၉၉ဝ ရွေးကောက်ပွဲနဲ့ လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းထားခြင်းခံရတဲ့ အန်အယ်လ်ဒီပဲဖြစ်တယ်။ အန်အယ်လ်ဒီမှာမှ ပါတီရဲ့ ဦးဆောင်ပဲ့ ကိုင်နေရာကို ရယူထားတဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (CEC) ဟာ အခရာဖြစ်တယ်။ ပါတီသက်တမ်း တ လျှောက် အောက်ခြေအဆင့်ဆင့်က အန်အယ်လ်ဒီပါတီဝင်တွေ အချိန်အခါ နေရာဒေသအလျောက် သမိုင်းပေး တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြတာတွေကို အကြိမ်ကြိမ်အဖန်ဖန် မြင်တွေ့ခဲ့ကြရပြီးပြီ။ အဲဒီကာလ တလျှောက် CEC က အခမ်းအနားတွေ လုပ်တဲ့နည်းလမ်း၊ ကြေညာချက်တွေထုတ်တဲ့ နည်းလမ်းတွေနဲ့ပဲ တိုက်ပွဲဝင်ခဲ့တာကို ဘဝင်မကျသူတွေ ရှိပေမယ့် “အချိန်တန်တော့ နွားပိန်ကန်မပေါ့” ဆိုတဲ့ မျှော်လင့်ချက်နဲ့ သည်းခံစောင့်ဆိုင်း လာခဲ့ကြတယ်။

အခုတော့ မကြာခင် နောက်ဆုံးပိတ် အသေအကျေတိုက်ပွဲ (Showdown) ရောက်လာတော့မယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲဟာ အန်အယ်လ်ဒီနဲ့ နအဖ ရဲ့ Showdown ပဲ။ အနှစ်နှစ်ဆယ်ကြာ နည်းမျိုးစုံသုံးပြီး ‘အားစမ်း’ လာခဲ့တဲ့ နအဖဟာ ဒီပွဲမှာ အန်အယ်လ်ဒီကို အပြတ်ဖြိုလှဲပြီး အဲဒီအနှစ်နှစ်ဆယ်လုံးလုံး သူတို့အသည်းနှလုံးထဲမှာ စူးနေတဲ့ ၉ဝ ရွေးကောက်ပွဲရလဒ် ‘ဆူး’ ကို နုတ်ပယ်ပစ်လိုက်ဖို့ ပိုင်းဖြတ်ထားပုံရတယ်။ ဒီပွဲရဲ့ အဖွင့်ပဏာမ တီးလုံးအဖြစ် ဘီလူးဆိုင်းတီးပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ချမှတ်ခြင်းဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲ အတွက် လမ်းရှင်းထားဖို့ ကြံစည်နေပြီဖြစ်တယ်။

ဒီအချိန်မှာ အန်အယ်လ်ဒီခေါင်းဆောင်ပိုင်း ဘာလုပ်မှာလဲ။ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ချမှတ်လိုက် ရင်လည်း ကြေညာချက်ထုတ်ပြန် ကန့်ကွက်တာနဲ့ပဲ ပြီးမှာလား။ ရွေးကောက်ပွဲဥပဒေ ထွက်လာရင်ကော။ ပြည်သူလူထု နစ်နာမှာစိုးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နောက်တလှမ်းဆုတ်ပေးဦးမှာလား။ အန်အယ်လ်ဒီ ခေါင်းဆောင်တွေ သဘောပေါက်ဖို့က မြန်မာပြည်သူတွေဟာ ကြေညာချက်တွေကို ငြီးငွေ့နေပြီဆိုတာပါပဲ။ ဒါ့ထက် ပိုအရေးကြီးတဲ့အချက်က အန်အယ်လ်ဒီအနေနဲ့ အခုတခါ ခြေတလှမ်းဆုတ်ပေးပြီးရင် နောက်တခါ ဆုတ်စရာ ခြေထောက်တောင် မရှိတော့မယ့် အနေအထားပါ။

လက်နက်အားကိုးပြီး ပြည်သူကို ဗိုလ်ကျအုပ်စိုးနေတဲ့ အာဏာရှင်စနစ်တခုကို အမြစ်ဖြုတ်ဖယ်ရှားမယ်လို့ ကြွေးကြော်ထားတဲ့ ပါတီတရပ်အနေနဲ့ အဲဒီလုပ်ငန်းကို လုပ်ဆောင်ရာမှာ အကြမ်းမဖက် လက်နက်အားမကိုးတဲ့ နှလုံးရည်နည်းလမ်းကို ကိုင်စွဲကျင့်သုံးသွားဖို့ ပိုင်းဖြတ်ထားတယ်ဆိုရင် အဲဒီပါတီ မလွဲမသွေကိုင်စွဲရမယ့် လက်နက်က တခုပဲရှိတယ်။ အဲဒါကတော့ လူထုပဲဖြစ်တယ်။ လူထုခေါင်းဆောင်တွေဟာ မှော်တန်ခိုး စွမ်းအားရှင်တွေ မဟုတ်တဲ့ အတွက် စစ်ဖိနပ်အောက်က ပြည်သူတွေကို “အထိအခိုက်အရှအနာမရှိ လွတ် မြောက်စေသတည်း” လို့ ရေရွတ်ပြီး လွတ်မြောက်အောင် လုပ်ပေးနိုင်မှာမဟုတ်ဘူး။ စစ်ဖိနပ်အောက်က လွတ်မြောက်ချိန်တန်နေပြီဖြစ်ပြီး လွတ်မြောက်အောင် ရုန်းကန်ဖို့လည်း ပိုင်းဖြတ်ချက် အခိုင်အမာ ရှိနေကြပြီဖြစ်တဲ့ ပြည်သူတွေရဲ့တပ်ဦးက ချီတက်ပြီး မကြာခင်လာတော့မယ့် နောက်ဆုံးအသေအကျေတိုက်ပွဲ Showdown ကို ဆင်နွှဲရတော့မှာပဲဖြစ်တယ်။

အန်အယ်လ်ဒီပါတီဟာ ငါတို့နှင်းအပ်လိုက်တဲ့ အခွင့်အာဏာနဲ့ ထိုက်တန်တဲ့ပါတီ ဟုတ်မှဟုတ်ရဲ့လားဆိုတဲ့ သံသယတွေ ပြီးခဲ့တဲ့ အနှစ်နှစ်ဆယ်ကာလအတွင်း ပြည်သူတွေရင်ထဲ တစတစ မြင့်တက်လာခဲ့တာဟာ ပကတိ အရှိတရားတခု ဖြစ်တယ်။ ဒါဟာ အကြောင်းမဲ့မဟုတ်ဘူး။ ပြည်သူတွေဟာ နအဖစစ်အုပ်စုရဲ့ ပြင်းထန်တဲ့ ဖိနှိပ်မှုကို သဘောပေါက်နားလည်ကြတဲ့ တချိန်တည်းမှာ အန်အယ်လ်ဒီခေါင်းဆောင်တွေရဲ့ ညံ့ဖျင်းအား နည်းချက်တွေကိုလည်း မလွှဲသာ မရှောင်သာ မြင်တွေ့နေကြရတာမို့ အဲသလိုသံသယတွေ ဝင်လာကြတာ ဖြစ်တယ်။

ကံကြမ္မာရဲ့ သရော်လှောင်ပြောင်ချက် (Irony) လေလားမသိ။ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည် မတရား အမှုဆင် စစ်ဆေးခံနေရတဲ့ကိစ္စနဲ့ မကြာခင်လာတော့မယ့် ၂ဝ၁ဝ ရွေးကောက်ပွဲကိစ္စတို့ဟာ အန်အယ်လ်ဒီကို သမိုင်းရဲ့ ရေဆိုးမြောင်းထဲ ကျရောက်သွားစေနိုင်မယ့် ကိစ္စတွေ ဖြစ်နေတဲ့တချိန်တည်းမှာ အန်အယ်လ်ဒီကို ရတနာကိုးပါး စီခြယ်တဲ့ သမိုင်းရဲ့ နန်းပလ္လင်ထက်သို့ တွန်းတင်ပေးလိုက်နိုင်တဲ့ ကိစ္စတွေလည်းဖြစ်နေတယ်။

အထင်အရှား မြင်တွေ့နေရတဲ့ အခင်းအကျင်း အနေအထားတွေအရ ဘီလူးမကတော့ ကလေးကို အရှင်ရရ အသေရရ မရရအောင်ဆွဲတော့မယ့်ပုံ ရှိနေပြီ။ ကလေးငယ်ရဲ့ငိုကြွေးသံနဲ့ မိခင်ရင်းရဲ့မျက်ရည်တို့ကို ကြားနေ မြင်နေကြရတဲ့ ကမ္ဘာ့ပြည်သူတွေလည်း ရင်ထုမနာ ဖြစ်နေကြရတယ်။ ဒါပေမယ့် ဇာတ်တော်ထဲက သားတရား စီရင်ခန်းကို အဆုံးအဖြတ်ပေးနိုင်တဲ့ မဟောသဓတော့ ဒီကနေ့ကမ္ဘာမှာ မရှိဘူး။ အန်အယ်လ်ဒီခေါင်းဆောင်တွေ ဘာလုပ်ကြမှာ လဲ။ မဟောသဓ မရှိတဲ့ ‘သားတရားစီရင်ခန်း’ မှာ မိခင်ရင်းကိုယ်တိုင် မဟောသဓ ဝင်လုပ်ရမယ့် နည်းလမ်းကလွဲပြီး တခြားနည်းလမ်း ရွေးစရာမရှိဘူး။ တွေဝေနေဖို့အချိန် များများလည်း မကျန်တော့ဘူး။ ဒီပွဲမှာ လည်း အန်အယ်လ်ဒီ နောက်တလှမ်း ဆုတ်ဦးမယ်ဆိုရင်တော့ သမိုင်းကြောင်းမညံ့တဲ့ မြန်မာပြည်သူတွေဟာ အန်အယ်လ်ဒီကို ကျောခိုင်းစွန့်ခွာပြီး “နိုင်ငံရေးသစ်” လမ်းကြောင်းဘက်သို့ မျက်နှာမူကြတော့မှာဖြစ်တယ်။

No comments:

Post a Comment