7.02.2009

နအဖအတွက် တောခြောက်ပေးရာရောက်လိမ့်မယ်

ရဲဘော်ဖိုးသံချောင်း ၂ ဇူလိုင် ၂၀၀၉
မျက်မှောက်ဗမာပြည်နိုင်ငံရေးရဲ့ အဓိကဆုံချက်ဟာ နအဖစစ်အစိုးရက အတင်းချီတက် နေတဲ့ လမ်းပြမြေပုံ (၇) ချက်ကို ဆန့်ကျင်သူများနဲ့ ထောက်ခံ သူများ အကြားက ပဋိပက္ခဆိုရင် မမှားပါဘူး။ ဒီဟာကို ထပ်ပြီး အသေးစိတ် ထောက်ပြရရင် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲကို အကောင်းမြင်သူနဲ့ ဆန့်ကျင်သူတွေရဲ့ ပဋိပက္ခလို့ ပြောနိုင်ပါတယ်။ ဒေါ်အောင် ဆန်းစုကြည်ကို ထောင်ချဖို့ ကြိုးပမ်းတာ၊ ဦးတင်ဦးနဲ့ ဦးဝင်းတင်ကို သက်သေ ထွက်ခွင့်မပေးတာတို့ကအစ လူတွေ တဖမ်းတည်းဖမ်းနေတာ၊ ရယကရုံးထဲမှာ သေအောင်ရိုက်တာ စတာတွေဟာ ဒီပဋိပက္ခရဲ့ ဖော်ပြချက်တွေဖြစ်ပါတယ်။ တပါတည်းမှာ ပြောသင့်တာက ဒီတလော ပေါ်ပေါက်လာနေတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အယူအဆအမျိုးမျိုးပဲဖြစ်ပါတယ်။ ဒါတွေဟာလည်း အဲဒီပဋိပက္ခ ပတ်လည်က မုန်တိုင်းမဟုတ်တောင် လေပွေလေးတွေလို့ ဆိုနိုင်ပါတယ်။

ဒီကာလမှာ ထင်ထင်ရှားရှားပေါ်ထွက်လာတာ၊ အာရုံစိုက်ခံရတာတခုက ဦးဝင်းတင်ပြောတဲ့ နိုင်ငံရေးသစ် ဆိုတာဖြစ်ပါတယ်။ ဦးဝင်းတင်က သူ့ရဲ့ နိုင်ငံရေးသစ်ဆိုတာကို အနက်ဖွင့်ရာမှာ “သူတို့ကတော့ ရွေးကောက်ပွဲ တင်းကုပ်ထဲကို ကျနော်တို့ကို ဆွဲခေါ်တော့မယ်။ မြက်ကျွေးလို့ပဲဖြစ်ဖြစ်၊ နဖားကြိုးဆွဲလို့ဖြစ်ဖြစ် ဆွဲခေါ်တော့ မယ်” လို့အစချီခဲ့ပါတယ်။ ဒါပေမယ့် နအဖနဲ့ နီးစပ်တဲ့ “ပညာရှင်” တဦးကတော့ ၁၉၉ဝ ပြည့်နှစ် ရွေးကောက် ပွဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ အာမခံချက်မရှိဘူး။ လာမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲမှာ အခြေခံ ဥပဒေ အာမခံချက်ရှိတယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲကို ဝင်သင့်တယ်လို့ ဆိုပါတယ်။

ဦးဝင်းတင်က သူ့ရဲ့နိုင်ငံရေးသစ်အတွက် နိုင်ငံရေးအင်အားစုတွေ အသံညီဖို့လိုတယ်လို့ပြောပါတယ်။ ဆိုလိုတာ ညီညွတ်ရေး၊ အတိုက်အခံတွေဘက်က ညီညွတ်ရေးရှိဖို့ လက်တွေ့ကျတယ်လို့ သူထင်တဲ့ နည်းလမ်းတခုကို တင်ပြလိုက်တာ ဖြစ်ပါတယ်။ ဦးဝင်းတင်က လူတွေကို မကြောက်တရားနဲ့ စွန့်လွှတ်မှုရှိကြဖို့လှုံ့ဆော်ပါတယ်။ ဒါပေမယ့် စောစောကပြောခဲ့တဲ့ “ပညာရှင်” ကတော့ ရွေးကောက်ပွဲဝင်ခိုင်းရုံမက ရွေးကောက်ပွဲအပြီးမှာ အသစ် တက်လာတဲ့ နအဖရဲ့ စစ်အုပ်စုချုပ်ကိုင်မှုအောက်က အစိုးရက နိုင်ငံရေးလှုပ်ရှားမှုတွေကို ဖိနှိပ်တာ၊ အန္တရာယ် ပေးတာတွေ လုပ်လာရင် ဒါဟာ “အသစ်ဖြစ်လာတဲ့ နိုင်ငံရေးစနစ်က ခွင့်မပြုတာမဟုတ်ဘဲ အုပ်ချုပ်ရေး ယန္တရားရဲ့ အသွင်းကူးပြောင်းရေး မပီပြင်သေးတာပဲဖြစ်မယ်” ဆိုပြီး ရွေးကောက်ပွဲလွန် ဖိနှိပ်မှုတွေ အတွက် တောင် ကြိုတင် ရှေ့နေလိုက်ပေးလိုက်ပါသေးတယ်။ တနည်းပြောရရင် ဖွဲ့စည်းပုံအခြေခံဥပဒေအရကိုပဲ အချိန် မရွေး အာဏာသိမ်းခွင့်ရှိနေမယ့် နောင်တက်လာမယ့်အစိုးရကို ထင်ရာစိုင်းခွင့်ပေးလိုက်တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင်ဒီ “ပညာရှင်” ဟာ အဲဒီအင်တာဗျူးမှာ “နိုင်ငံရေးကို အန္တရာယ်ကင်းကင်းနဲ့ ကိုယ်က လုပ်ချင်တယ် ဆိုခဲ့ရင်၊ ဒါကို လုပ်မယ်ရည်စူးရင် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းကို သာမန်အားဖြင့် အသိပေးရန် မလိုသော် လည်းပဲ အခုအချိန်မှာ trust (ယုံကြည်မှု) တည်ဆောက်တဲ့အနေနဲ့ အသိပေးလိုက်ခြင်းအားဖြင့် သူတို့ အနေနဲ့ လည်းပဲ အသွင်းကူးပြောင်းရေးကို အလွယ်တကူ ကူးပြောင်းလို့ရမယ်” လို့ ပြောပါသေးတယ်။ ဒါဟာ အဏာပိုင် တွေ ကိုယ်တိုင်ကတောင် မတောင်းဆိုဘဲနဲ့ ကိုယ်ကသွားပြီး သွားဖြီးလေးနဲ့ မျက်နှာချိုသွေးဖို့ ပြောသလို ဖြစ်နေ ပါတယ်။ နောက်ပြီး ပိုအရေးကြီးတာက စစ်အစိုးရဘက်က ဒီနေ့အထိ ယုံကြည်မှု တည်ဆောက်တဲ့လက္ခဏာ ဘာတခုမှမပြသေးဘူးဆိုတဲအချက်ကို ဒီ “ပညာရှင်” တွေ ဘာမှမပြောကြဘဲ တခြားနိုင်ငံရေး အင်အားစုတွေက စစ်အစိုးရယုံကြည်အောင် လုပ်ပြရမယ်လို့ တောင်းဆိုနေပါတယ်။ စစ်အစိုးရက ယုံအောင် လုပ်ရမယ်ဆိုတာ ဘာလုပ်ရမှာလဲ။ စစ်အစိုးရကို၊ စစ်အာဏာရှင်စနစ်ကို မဆန့်ကျင်ပါကြောင်း ယုံကြည်အောင်လုပ်ရမှာလား။

သူရဲ့ဒီစကားကိုလည်း ဆက်နားထောင်ကြည့်ပါ။ “ထိုင်းနိုင်ငံမှာ ထိုင်းတပ်မတော်က ဝင်ရောက်စွက်ဖက်တာဟာ အာဏာ သိမ်းတာမဟုတ်ဘူး၊ အာဏာဖြုတ်တာပဲ။ - - - - ဒါဟာ ထိုင်းစစ်တပ်ရဲ့ ရင့်ကျက်မှုကို ဖော်ပြတာပဲ” တဲ့။ ဒီလိုဆိုလိုက်တာဟာ နောင်ဗမာပြည်နိုင်ငံရေးမှာ စစ်တပ်က ဘာမဆိုဝင်လုပ်နိုင်တယ်။ အာဏာသိမ်းတာ လောက်ကတော့ ထမင်းစား ရေသောက်ပဲလို့ စစ်တပ်လုပ်သမျှထောက်ခံဖို့ လမ်းခင်းထားတာမဟုတ်လို့ ဘာများ ဖြစ်ရအုန်းမှာလဲ။

သူနဲ့တချိန်တည်းလိုလိုပြောခဲ့တဲ့ တခြား “ပညာရှင်” တယောက်နဲ့ သူတို့ချင်း အပြောတူနေကြတဲ့ အချက်တခု လည်း တွေ့ရ ပါတယ်။ အဲဒါကတော့ ဗမာပြည် ပြည်သူလူထုဟာ အသိပညာနိမ့်ကျသေးတယ်။ ဒါကြောင့် ပညာ ပေးဖို့ လိုသေးတယ်။ နောက်ပြီး အဲဒီလို အသိပညာတွေရှိမှပဲ ရွေးကောက်ပွဲမှာ မှန်မှန်ကန်ကန်မဲပေးနိုင်မယ်၊ လူရွေးချယ်နိုင်မယ်ဆိုတာပါပဲ။ သူတို့က ပြည်သူလူထုဟာ သူတို့ရွေးချယ်မယ့်ပါတီ ဒါမှမဟုတ် ကိုယ်စားလှယ်၊ ဒါမှမဟုတ် ခေါင်းဆောင်ကို သူ့ပေါ်လစီဝါဒတွေကို သေချာလေ့လာနားလည်ပြီး မဲပေးတာမျိုး ဖြစ်သင့်တယ်လို့ ဆိုပါတယ်။

ဟုတ်ပါတယ်။ ပညာလို-အိုသည်မရှိဆိုသလို လူတိုင်းတသက်လုံးပညာကို ဆည်းပူး နေရမှာပါ။ ဒါပေမယ့် ဒီနေ့ဗမာပြည်မှာ ကြုံတွေ့နေရတဲ့ အနေအထား မှာ မေးစရာဖြစ်လာတာက ပြည်သူလူထုဟာ ပညာရေချိန်နိမ့်ကျကြလို့ ဒီအာဏာရှင် တွေကို မင်းမြှောက်ထားတာလား။ ၁၉၉ဝ ပြည့်နှစ်တုန်းက ပြည်သူလူထုဟာ အသိရေချိန် နိမ့်ကျလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲတွေ ပုံအောထည့်ခဲ့ကြတာလား။ ဒီနေ့အခြေအနေမှာ အမှားအမှန်မခွဲနိုင်တာ၊ လူဆိုးလူကောင်းမခွဲနိုင်တာဟာ ပြည်သူလူထုလား အဲဒီ “ပညာရှင်” လို လူတွေလား ဆိုတာပါပဲ။ ဗမာပြည်လို အင်မတန် ရက်ရက်စက်စက် အဖိနှိပ်ခံ နေရတဲ့နိုင်ငံမှာ ပြည်သူလူထုရဲ့ အသိဆိုတာ အသည်းနှလုံး ကတဆင့် လာတယ်ဆိုတာ မမေ့သင့်ပါဘူး။ ဒါဟာ ပညာရှင်တွေပေးမယ့် အသိထက် အများကြီးလေးနက်ပါတယ်။ နောက်မေးစရာတခုကလည်း အင်မတန် ဒီမိုကရေစီ ထွန်းကားပါတယ်ဆိုဆို၊ လူနေမှုအဆင့်အတန်းမြင့်ပါတယ်ပဲ ပြောပြော အမေရိကန်၊ အင်္ဂလန် စတဲ့ နိုင်ငံတွေမှာရော မဲပေးသူတိုင်းဟာ ပေါ်လစီတွေ၊ လုပ်ငန်းစဉ်တွေကို ဖတ်ပြီး၊ လေ့လာပြီးမှ ပေးတယ်လို့ ဆိုချင်တာလား။ အဲဒီနိုင်ငံက သာမန်လူတွေမှာ နိုင်ငံရေးဗဟုသုတ၊ နိုင်ငံရေး ပထဝီအသိ စတာတွေကို စိတ်မဝင်စား၊ မလေ့လာလို့ ဘာမှမသိသူတွေ အများကြီးဆိုတာ မကြားဖူးလေရော့သလား။ အိုဘားမားရရှိခဲ့တဲ့ လူမည်းတွေရဲ့ မဲတွေထဲမှာ လူမည်းမို့ပေးတဲ့ မဲဟာ ရာခိုင်နှုန်းမနည်းဘူးဆိုတာ မမေ့သင့်ပါဘူး။

ဗမာပြည်သားတွေဟာ ကနေ့ပညာရေးရေချိန်ထက် နိမ့်ကျတဲ့ရေချိန်နဲ့ အင်္ဂလိပ်ကိုလိုနီကို တွန်းလှန်ခဲ့ကြ၊ ဂျပန်ဖက်ဆစ်ကို တွန်းလှန်ခဲ့ကြတာပါ။ အင်္ဂလိပ်အလိုတောရိ ဆိုတာတွေဟာ စာတလုံးမှမတတ်တဲ့ လယ်သမား တွေ မဟုတ်ခဲ့ပါဘူး။ ပညာတတ် တွေထဲက ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ ပြည်သူလူထုကို အသိရေချိန် မြင့်စေချင်ရင် ပြည်သူလူထုရဲ့ စီးပွားရေးအဆင့်အတန်း၊ ဝင်ငွေအဆင့်အတန်းစတာတွေကို မြင့်အောင် အရင်လုပ်ဖို့ လိုတယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒီနအဖ စစ်အစိုးရလက်အောက်မှာ လူတွေ ကြာလေ ဆင်းရဲလေ ဖြစ်နေတဲ့ ကိစ္စကို ဖြေရှင်းဖို့မပြောဘဲ ပညာရည်နိမ့်ကျတယ်ဆိုတာချည်း ပြောနေတာဟာ ဘာကြောင့်လဲ ဆိုတာ ရှင်းနေပါတယ်။

ဒီနှစ်ဦးအပြင် အခုတလောမှာ ဖတ်ရကြားရတဲ့ ပြောကြားနည်းတခုက ပြည်သူလူထုကိုမကြောက်အောင်၊ သတ္တိရှိအောင် လုပ်ပေးရေးဆိုတာပါပဲ။ အဲဒီလိုအမြင်နဲ့ ပြောင်းပြန် လူထုကိုစိန်ဝင်းလို ပုဂ္ဂိုလ်ကတော့ ကြောက်နေတာ၊ ကြောင်နေတာဟာ ပြည်သူတွေမဟုတ်ဘူး၊ (တချို့) နိုင်ငံရေးခေါင်းဆောင်တွေဖြစ်တယ်လို့ ပြောပါတယ်။ ဦးဝင်းတင်ပြောတဲ့ “စိတ်ရှည်ရမယ်၊ သည်းခံရမယ်၊” ဆိုတဲ့စကားဟာ မခံမရပ်နိုင်ဖြစ်နေတဲ့ လူထုကြီးကို စိတ်နောက်ကိုယ်ပါမလုပ်မိဖို့ သတိပေးနေတာဖြစ်ပါတယ်။ နိုင်ငံရေး လှုပ်ရှားမှုကြီးတွေဆိုတာဟာ နိုင်ငံရေးပါတီတွေ၊ ခေါင်းဆောင်တွေက လှုံ့ဆော်စတင်ပြီး ပြည်သူလူထုက နောက်ကလိုက်ကြတာ ဖြစ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ပြည်သူလူထုထွက်လာတော့မှ နောက်ကလိုက်မယ်၊ ဒါမှမဟုတ် ရှေ့မှာ ဝင် ခေါင်းဆောင်မယ် ဆိုရင်တော့ ဘယ်လိုပါတီ၊ ဘယ်လိုခေါင်းဆောင်လဲ စဉ်းစားစရာဖြစ်ပါတယ်။

ရှင်းနေတာကတော့ ဗမာပြည်ရဲ့ ဒီသမိုင်းအကွေ့မှာ ဘယ်သူနဲ့ လက်တွဲချီတက်မလဲ ဆိုတာပဲဖြစ်ပါတယ်။ ပြည်သူနဲ့လက်တွဲ ချီတက်မယ့်လူက ပြောနည်းနဲ့ နအဖစစ်အုပ်စုနဲ့ လက်တွဲချီတက်မယ့်လူကပြောနည်း ဘယ်လိုမှ မတူညီနိုင်ပါဘူး။ ဦးဝင်းတင် ပြောသလို ရွေးကောက်ပွဲတင်းကုပ်ထဲကို မြက်ကျွေးလို့ပဲဖြစ်ဖြစ်၊ နဖားကြိုး ဆွဲလို့ပဲဖြစ်ဖြစ် အတင်းခေါ်သွင်းပြီဆိုရင် ဒီရွေးကောက်ပွဲနဲ့ ၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ချီးမွမ်းခန်း ဖွင့်နေသူတွေဟာ လူထုကို အဲဒီတင်းကုပ်ထဲ ရောက်သွားအောင် နအဖအတွက် တောခြောက်ပေး နေတယ်လို့ ဆိုရမှာပါ။


No comments:

Post a Comment