9.01.2009

မြန်မာ့ အနုမြူစွမ်းအင် အေဂျင်စီမှ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းသော ရည်မှန်းချက်ဖြင့်သာ အသုံးပြုရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ထုတ်ပြန်ကြေငြာ

မြန်မာ့ အနုမြူစွမ်းအင် အေဂျင်စီ(Department of Atomic Energy ) ၏ တာဝန်ရှိသူမှ မြန်မာနိုင်ငံ အနေနှင့် အနုမြူ စွမ်းအင်ကို ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့်သာ ဆောင်ရွက် နေခြင်းဖြစ်ကြောင်း ယနေ့ နေ့စွဲဖြင့် ထုတ်ပြန် ကြေငြာပါသည်။
ထိုထုတ်ပြန် ကြေငြာချက်တွင် မြန်မာနိုင်ငံသည် ၁၉၅၆ ခုနှစ်ကတည်းက UBARI ခေါ် Union of Burma Applied Research Institute ကို စတင်ထူထောင်ခဲ့ပြီး သုသေသန လုပ်ငန်းများကို ဆောင်ရွက် ခဲ့ကြောင်း ပြောဆိုခဲ့သည်။
နောက်ပိုင်းတွင် ဗဟို သုသေသနဌာန (Central Research Organization) မှ Myanmar Scientific and Technological Research Department(MSTRD) အမည်သို့ ပြောင်းလဲပေးခဲ့ပြီး ထိုအမည်ဖြင့် ၁၉၉၇ ခုနှစ်အထိ လုပ်ကိုင် ခဲ့သည်။ ထိုနောက်တွင်မှ Department of Atomic Energy အဖြစ် ပြောင်းလဲခဲ့ပြီး သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၏ ဌာနခွဲ တခုအဖြစ် ဆောင်ရွက်လုပ်ကိုင်ခဲ့သည်။
မြန်မာနိုင်ငံသည် နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA) ၏ အဖွဲ့ဝင်အဖြစ် ၁၉၅၇ခုနှစ် ကတည်းက တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ပြီး IAEA ၏ အစီအစဉ်ဖြင့် ပညာသင်ဆုများ၊ သင်တန်းများကို ရယူခဲ့ကြောင်း၊ ထိုနောက် လုံခြုံရေး သဘောတူညီချက်ကို IAEA နှင့် လက်မှတ်ရေးထိုးခဲ့ကြောင်း ထိုစည်းကမ်း နည်းလမ်းများ အတိုင်းသာ အဏ္ဏဝါဗေဒ၊ အာကာသနည်းပညာနှင့် ကျမ်းမာရေးဆိုင်ရာ ကိစ္စများတွင်သာ အသုံးပြုခဲ့ကြောင်း နှင့် DAE ရည်ရွယ်ချက်များနှင့် လုပ်ငန်းဆောင်တာများကို ရှင်းလင်းပြောပြသွားခဲ့သည်။
ပြည်တွင်းသတင်းထောက်တဦး(ရွှေဝါရောင် သတင်းလွှာ)
ရွှေဝါရောင် သတင်းလွှာမှ မြန်မာနိုင်ငံ အနုမြူ စွမ်းအင်အေဂျင်စီ၏ သင်တန်းကို တက်ရောက်ခဲ့ဘူးသူ တဦးကို မေးမြန်းခဲ့ရာ နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ၏ စကော်လာရှစ် ပရိုဂရမ်များနှင့် သင်တန်းအစီ အစဉ် များကို သွားရောက် တက်ခွင့် ရသူများမှာ စစ်ဘက်မှ အများစုဖြစ်ပြီး ကျန်သူအနည်းငယ်မှာ ရှုပဗေဒဌာနမှ ဆရာ ဆရာမ အချို့သာဖြစ်ကြောင်း ပြောပြခဲ့ပါသည်။
DAE မှပေးသော ပထမပတ် သင်တန်းကို တက်ရောက်ခွင့် ရသူများမှာ စစ်တပ်မှ ပေးသော B.SC(Radiography)ဘွဲ့အတွက် တက်ရောက်နေသော စစ်သားများသာဖြစ်ပြီး၊ ထို Radiation and emergency protection ဘာသာရပ်ကို ဘာသာရပ် တခု အနေနှင့် သင်ကြားပေးခဲ့ပြီး အတန်းတင် စာမေးပွဲ တွင် Subject တခုအနေဖြင့် စစ်ဆေးခဲ့ပါသည်။
ဒုတိယပါတ်နှင့် နောက်အပါတ်များကိုမူ X-Ray ရောင်ခြည်ကို အသုံးပြုရသော အစိုးရဌာန အချို့နှင့် ဆေးရုံများ၊ ပုဂ္ဂလိက ဆေးခန်းများမှ ဓါတ်မှန် ကျွန်းကျင်သူများဖြစ်ပြီး ထိုသင်တန်းများ အတွက်မူ အသိအမှတ်ပြု လက်မှတ် များ ထုတ်ပေးခြင်း မရှိခဲ့ပါ။
ထိုသင်တန်း နည်းပြ ဆရာ၊ ဆရာမများသည် အနုမြူနည်းပညာများ၊ အနုမြူ ဓါတ်ပေါင်းဖိုများ၏ ဆောင်ရွက် လုပ်ကိုင်ပုံများကို ကျွမ်းကျင်နားလည် သူများဖြစ်ကြပြီး၊ မြန်မာနိုင်ငံ အနေဖြင့် လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းက အနုမြူစွမ်းအင် အတွက် အခြေခံ ဒြပ်စင် တခုဖြစ်သော ယူရေနီယံကို ရှာဖွေရန် နည်းလမ်းမျိုးစုံဖြင့် ကျိုးပမ်းနေခဲ့သည်ကို သိခဲ့ရသည်ဟု ပြောပြခဲ့ပါသည်။ ပထမဦးစွာ မြန်မာနိုင်ငံ အချို့ဒေသ များရှိ သဲတွင် ပါဝင်သော ယူရေနီယမ်ကို ထုတ်ရန်ကြိုးပန်းခဲ့သော်လည်း သဲတန်ပေါင်းများစွာမှ ယူရေနီယံ ပမာဏ အနည်း ငယ်သာ ရရှိခဲ့သဖြင့် ရပ်တန့်ခဲ့သော်လည်း မြန်မာနိုင်ငံ၏ ဒေသအချို့တွင် ယူရေနီယမ် ထွက်ရှိနိုင်သော အထောက်အထားများကို တွေ့ရှိထားသဖြင့် သုတေသန ပြုလုပ်နေကြသည်ဟု သိရကြောင်းကိုလည်း ထိုသင်တန်း တက်ရောက်ခဲ့သူက ပြောပြသွားခဲ့ပါသည်။
ရွှေဝါရောင် သတင်းလွှာ

No comments:

Post a Comment