၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံကြီးကြောင့် ပြုတ်ကျသွားခဲ့သော မဆလ ပါတီ၏ အသွင်ပြောင်း တစညပါတီက ပါတီထူထောင်တဲ့ ၂၁နှစ်ပြည့် အခမ်းအနား ကျင်းပခဲ့တယ်လို့ သိရပါတယ်။
ယနေ့ နေ့လည်က ကျင်းပတဲ့ အဲဒီအခမ်းအနားမှာ တစညပါတီရဲ့ တွဲဘက် အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးဟောင်း ဦးခင်မောင်ကြီးက တက်ရောက်လာကြတဲ့သူများနဲ့ သတင်းထောက်များကို တစညပါတီဟာ လာမယ့် ၂၀၁၀ မှာ ရွေးချယ်ပိုင်ခွင့်ရှိတဲ့ ၄၉၈ နေရာမှာ ၃၀၀ အတွက် အဆင်သင့် ဖြစ်နေပြီလို့ ကြေငြာသွားခဲ့ပါတယ်။ မဆလပါတီရဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးတဦးလဲ ဖြစ်ခဲ့ဘူးတဲ့ ဦးခင်မောင်ကြီးက သူတို့ ပါတီအနေနဲ့ စစ်အုပ်စုကချမှတ်ထားတဲ့ Road Map ၇ချက်ကို အကောင်အထည်ဖေါ်ရာမှာ အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ လဲပြောပါတယ်။ တကယ်လို့ တခြားပါတီတွေနဲ့ ညွန့်ပေါင်းအစိုးရ ဖွဲ့ဖို့ အခြေအနေ ဖြစ်ပေါ်လာရင်လဲ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆက်လက်ပြောဆိုပါတယ်။
ထို့အတူ သူတို့ရဲ့ပါတီဟာ ပါတီဝင်အင်အား ငါးသိန်းလောက်နဲ့ ထောက်ခံသူပေါင်း နှစ်သန်းကနေ သုံးသန်းအထိ ရရှိနေပြီလို့လဲ ဆိုပါတယ်။
သတင်းထောက်တွေရဲ့ NLD ကရွေးကောက်ပွဲကို သပိတ်မှောက်ထားတဲ့ အပေါ် မေးမြန်းချက်ကို ဖြေကြားရာမှာတော့ အဲလိုဆိုရင် NLD ဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်းမှာ နောက်ကျ ကျန်ရစ်ခဲ့ နိုင်တယ်လို့ ပြောသွားခဲ့သလို ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်အကြောင်း မေးမြန်းရာမှာတော့ အဲဒီကာလဟာ နှစ်၂၀ လောက်ရှိခဲ့ပြီလို့ ပြောခဲ့ပြီး အမေရိကန်နိုင်ငံရဲ့ မူဝါဒ ပြောင်းလဲမှုဟာ နှစ်နိုင်ငံ လုံးအတွက် ပိုမိုကောင်းမွန်တဲ့ အကျိုးရလဒ်များ ဖြစ်ပေါ်လာစေမယ်လို့ ဖြေကြားသွားခဲ့ပါသည်။
ထိုနောက်၎င်းက ဆက်လက်ပြောဆိုရာတွင် သူတို့ပါတီသည် ၁၉၉၅ ခုနှစ်က စတင်ရေးဆွဲခဲ့သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရေးဆွဲရာတွင် စတင်သည့်အချိန်မှ ပြီးဆုံးသည်အထိ ပါဝင်ဆောင်ရွက်ခဲ့ကြောင်းကို ပြောပြသွားပါသည်။ ထို အခြေခံဥပဒေအရ ကိုယ်စားလှယ်နေရာ အားလုံး၏ လေးပုံ တပုံဖြစ်သော ၁၆၆ နေရာကို စစ်တပ်မှ ကိုယ်စားလှယ်များက ရွေးချယ်စရာ မလိုပဲ ရရှိရမည် ဟု ပြဌာန်းထားပါသည်။
ပြည်တွင်းသတင်းထောက်(ရွှေဝါရောင် သတင်းလွှာ)

No comments:
Post a Comment