9.09.2009

စက်တင်ဘာ ၈၊ ၂၀၀၉ လက်သံပြောင်သူ ဖိုးလပြည့် ခေါ် နေရွှေသွေးအောင်


https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZugV_7BoU9zkCgu6Dns-p8Uy1Kn9TSowKKncHehcQA5S0GVno55TAEMvp-WKBun3zfei0Sjjk57ohmnqN-GtAsRo1nfUbigWFfQVEyCI-dmS2fDaa0yICoGnGKLP1B9AWa5cRh_SHg6MM/s400/monkey.jpgဗိုလ်ချုပ်မှူးကြီးမြေး၏ အမိန့်အရ ဗိုလ်ချုပ်ကြီးသား၏ကော်ဖီဆိုင်ကို ဖျက်ဆီး

မိုးမခ အထောက်တော်၊ ရန်ကုန်

စက်တင်ဘာ ၈၊ ၂၀၀၉ လက်သံပြောင်သူ ဖိုးလပြည့် ခေါ် နေရွှေသွေးအောင်

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏မြေး ဖိုးလပြည့်က ရန်ကုန်မြို့တော်၊ ဗဟန်းမြို့နယ်ရှိ ကော်ဖီဆိုင် တဆိုင်ကို မှန်များရိုက်ခွဲ ဖျက်ဆီးရန် သူ၏ လုံခြုံရေး တာဝန်ယူသူ ဗိုလ်မှူးအား စေခိုင်းခဲ့ပြီးနောက် အဆိုပါကော်ဖီဆိုင်မှာ ယခု ပိတ်သိမ်းလိုက်ရသည်။

ဆိုင်သည် ဗဟန်းမြို့နယ်၊ ကမ္ဘာအေး ဘုရားလမ်း၊ ချင်းချောင်းနန်းတော် ရှေ့ရှိ ယဉ်ကျေးမှု ၀န်ကြီးဌာနပိုင် မြေတွင် မကြာမီ လပိုင်းကမှ ငှားရမ်း ဖွင့်လှစ်ထားသည့် Seven Corners ကော်ဖီဆိုင် ဖြစ်သည်။ စားသုံးသူများ ကြိုးမဲ့ အင်တာနက် အသုံးပြုနိုင်သည့် ကော်ဖီဆိုင်လည်း ဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် သီတင်းပတ် ၃ ပတ်ခန့်က ဖိုးလပြည့်က ဆိုင်ရှိ ပစ္စည်းနှင့် မှန်များကို ရိုက်ခွဲရန် စေခိုင်းခဲ့ခြင်း ဖြစ်သည် ဟု သိရှိရသည်။

ထိုသို့ရိုက်ခွဲစဉ် “နိုင်ငံတော် အတွင်းရေးမှူး တာဝန် ယူထားတဲ့သူတွေရဲ့ သားသမီးတွေက ဒီလို နိုင်ငံတော်ပိုင် မြေပေါ်မှာ စီးပွားရေး လုပ်စားရသလား” ဟုပါ ပြောဆိုရန် မြေးဖြစ်သူက ညွှန်ကြားခဲ့သည်ဟု အရာရှိဟောင်း တဦးက ပြောကြားသည်။

ထိုသို့ ရိုက်ခွဲ ဖျက်ဆီးခိုင်းသည့် ကိစ္စမဖြစ်မီ ရက်ပိုင်းအလိုတွင် အဆိုပါ ဆိုင်သို့ ဖိုးလပြည့် ရောက်ခဲ့ပြီး ကျပ် ၅ထောင်တန် ကော်ဖီ သောက်လိုကြောင်း မှာကြားခဲ့သည်ဟု ဆိုသည်။

ဝန်ထမ်းများက ဆိုင်တွင် ၃ထောင်ကျော်တန် ကော်ဖီသာ ရှိကြောင်း ရှင်းပြခဲ့ပြီး ထို ဈေးအကြီးဆုံး ကော်ဖီကိုသာ ရောင်းချပေးခဲ့သည်ဟု ဆိုသည်။ ဖိုးလပြည့်က ကျပ် ၅ထောင် ပေးချေပြီး ထွက်ခွာသွားခဲ့သည်ဟု သိရသည်။ ထိုအဖြစ်အပျက် နောက်ပိုင်းတွင် ဆိုင်ကို ဖျက်ဆီးမိန့် ပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဆိုင်ရှိမှန်များ ရိုက်ခွဲခံရပြီးနောက်တွင် ဆိုင်ပိတ်ထားသည်ကို တွေ့ရသည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် ဆိုင် အဆောက်အဦးကိုပါ အမြန် ဖျက်သိမ်းလျက်ရှိသည်ကို တွေ့ရသည်။

ဆိုင်ကို နအဖအဖွဲ့ အတွင်းရေးမှူး ၁ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၏ သား၊ အမျိုးသားစီမံကိန်း နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ၀န်ကြီး ဦးစိုးသာ၏သား တို့ အပါအ၀င် ၅ဦး အစုစပ် ဖွင့်လှစ်ကြခြင်းဖြစ်သည်ဟု သိရသည်။

အခြား သီးခြား အတည်မပြုနိုင်သည့် သတင်း တရပ် အရ ဗိုလ်ချုပ်မှူးကြီး မြေးဖြစ်သူနှင့် ဆက်နွယ်သည့် ကုမ္ပဏီက ကုန်ပစ္စည်း တင်သွင်းခွင့် ပါမစ် လျှောက်ထားရာတွင် ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦးက ပယ်ချသည့်အတွက် ယခုလို လုပ်ဆောင်ရန် စေ့ဆော်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ယခု အဖြစ်အပျက်သည် မကြာသေးမီ နှစ်များက ဗိုလ်ချုပ်ကြီးဟောင်း နေ၀င်း၏ နာမည်ကျော် မြေးဖြစ်သူ ကျော်နေ၀င်းနှင့် အပေါင်းအပါများ ရန်ကုန်မြို့ရှိ ကလပ်များတွင် ရမ်းကားခဲ့သည့် အဖြစ်အပျက်များကို ပြန်လည် သတိရစေပြီး၊ ဗိုလ်ချုပ်မှူးကြီး မြေးဖြစ်သူက အဆိုပါ ကျော်နေ၀င်းတို့၏ နေရာကို ၀င်ယူသည့် သဘော ဖြစ်နေသည်ဟု ရန်ကုန်မြို့မှ သတင်းထောက် တဦးက ဝေဖန် ပြောဆိုသည်။

နအဖ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး၏ သားသမီးများ ပိုင်ဆိုင်သည့် စီးပွားရေး လုပ်ငန်းများ ရန်ကုန်မြို့တွင်ပင် များစွာ ရှိနေသည်။ အလားတူပင် ဒုတိယတန်း ခေါင်းဆောင်များ ဖြစ်သည့် ဗိုလ်ချုပ်ကြီးများ၊ ဒုတိယဗိုလ်ချုပ်ကြီးများ၏ သားသမီးများလည်း နယ်ပယ်အသီးသီးတွင် စီးပွားရေး လုပ်ကိုင်လျက် ရှိကြသည်ကို စီးပွားရေးနယ်ပယ်မှ လုပ်ငန်းရှင်များက သိရှိကြသည်။

J Donuts ကော်ဖီဆိုင်ဆိုလျှင် ဗိုလ်ချုပ်မှူးကြီး၏ မယားပါသား ဦးထွန်းနိုင်ရွှေ ပိုင်ဆိုင်ပြီး၊ ရန်ကုန်မြို့ စူပါမားကက် နယ်ပယ်တွင် အအောင်မြင်ဆုံး ဖြစ်သည့် စီးတီးမတ် အုပ်စုမှာလည်း ဗိုလ်ချုပ်မှူးကြီး၏ သားသမီးများက ရှယ်ယာ အများစုကို ပိုင်ဆိုင်သည်ဟု အမည်မဖေါ်လိုသည့် အကောက်ခွန် ၀န်ထမ်းဟောင်း တဦးက ပြောဆိုသည်။

အဆိုပါ ၀န်ထမ်းက အခြားစီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် ပြည်ပမှ ဇိမ်ခံပစ္စည်း၊ အစားအသောက်များ တင်သွင်းရန် ခက်ခဲချိန်တွင် စီးတီးမတ်အတွက် ကုန်ပစ္စည်းများကို စစ်တပ် အမည်ခံထားသည့် ကုန်သေတ္တာများဖြင့် တင်သွင်းခဲ့ပြီး မည်သည့် အကောက်ခွန်၊ ထောက်လှမ်းရေးမှ ဖွင့်ကြည့် စစ်ဆေးရန် မ၀ံ့ရဲကြဟု ဆိုသည်။


No comments:

Post a Comment