9.29.2009

ခေတ်ပြိုင် အယ်ဒီတာ့ အာဘော်

ရွှေဂုံတိုင်ကြေညာချက်ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ချီတက်ကြစို့
NEJ / ၂၈ စက်တင်ဘာ ၂၀၀၉

၂၀၀၉ ခု နှစ်ဆန်းပိုင်းလောက်မှစ၍ ၂၀၁၀ ရွေးကောက်ပွဲဟူသည့်အသံများ ဆူညံလာသော်လည်း အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန်ယက်တော၏ အမှုကိစ္စဖြစ်ပြီးနောက်ပိုင်း ရွေးကောက်ပွဲအသံများ အနည်းငယ်ငုပ်လျှိုးကာ အခြားမြန်မာ့နိုင်ငံရေး ဆက်တင်အသစ်များ တခုပြီးတခု လျင်လျင်မြန်မြန် ဖြစ်ပေါ်ပြောင်းလဲလာသည်ကို တွေ့ရပေသည်။

နအဖစစ်အုပ်စုမှ ကျင်းပပြုလုပ်မည်ဆိုသည့် ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ပြိုင်ရန် အားခဲထားကြသူများရော၊ ဆန့်ကျင်ကန့်ကွက်သူများကပါ နအဖအနေဖြင့် သူတို့ကျင်းပသည့် တပ်မတော်နေ့ အခမ်းအနားပြီးလျှင် ရွေးကောက်ပွဲဥပဒေကို ထုတ်ပြန်ကြေညာပြီး နိုင်ငံရေးပါတီများ တည်ထောင်လှုပ်ရှားခွင့် ပြုလိမ့်မည်ဟု ထင်မြင်ယူဆထားခဲ့ကြသည်။ တပ်မတော်နေ့ အပြီး နအဖက ထုတ်ပြန်ကြေညာခြင်းမရှိသော်လည်း ဟိုနေ့ ထုတ်ပြန်နိုးနိုး၊ ဒီနေ့ ထုတ်ပြန်နိုးနိုး လည်ပင်းရှည်ခဲ့ကြသည်။

သို့သော် မေလဆန်းပိုင်းတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်းသို့ အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်တောဆိုသူ လျှို့ဝှက်ဝင်ရောက်ခဲ့ချိန်မှစ၍ ၂၀၁၀ ရွေးကောက်ပွဲဆိုသည့် မြန်မာ့နိုင်ငံရေးဆက်တင်အစား ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်ဆိုသည့် နိုင်ငံရေးဆက်တင်အသစ်က ရှေ့တန်းသို့ ရောက်လာခဲ့လေသည်။ မြန်မာပြည်သူလူထုနှင့် ပြည်တွင်းပြည်ပ ဒီမိုကရေစီအင်အားစုများ၊ နိုင်ငံတကာအသိုင်းအ၀ိုင်းမှ ခေါင်းဆောင်များအားလုံး၏ အာရုံတွင် ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်ကိစ္စက လွှမ်းမိုးသွားခဲ့သည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကိုယ်တိုင် နေပြည်တော်သို့ လာရောက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးရန် တောင်းဆိုခဲ့ရသည်အထိ တရားခွင်ကိစ္စက ထိပ်တန်းရောက်သွားခဲ့သည်။

ထို့နောက် ဇူလိုင်လ နောက်ဆုံးပတ်ထဲတွင် ထိုင်းနိုင်ငံ ဖူးခက်၌ ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ကိုယ်တိုင်တက်ရောက်ပြီး နအဖနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့် လက်ဆွဲနှုတ်ဆက်ခဲ့သည်။ ဟီလာရီကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလျှင် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအသစ်ကို ပြန်လည်သုံးသပ်ရာ၌ နအဖစစ်အစိုးရအပေါ် ပိတ်ဆို့အရေးယူထားမှုများကို ပြန်လည်လျှော့ပေါ့ရေး စဉ်းစားသွားမည်ဟု အပေးအယူသဘောမျိုး လေသံပစ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏အမှု စီရင်ချက်ချပြီးနောက် သြဂုတ်လအလယ်လောက်တွင်မူ အမေရိကန်ဆီးနိတ်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် မြန်မာနိုင်ငံသို့ ဆိုင်းမဆင့် ဗုံမဆင့် ရောက်ရှိလာပြီး နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်ရော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ တွေ့ဆုံဆွေးနွေးခဲ့လေသည်။ အပြန်တွင် ပြစ်ဒဏ်ကျနေသူ တရားခံ ဂျွန်ယက်တောကို အမေရိကန်နိုင်ငံသို့ ပြန်လည်ခေါ်ထုတ်သွားခဲ့သည်။ ထိုခရီးစဉ် ပြီးဆုံးသည့်နောက်ပိုင်းတွင် ဂျင်မ်ဝက်ဘ်က မြန်မာစစ်အစိုးရအပေါ် အရေးယူပိတ်ဆို့မှုများကို လျှော့ပေါ့ပေးသင့်ကြောင်း ဦးဆောင် ဆော်သြလေတော့သည်။ သို့နှင့် နအဖ-အမေရိကန်ဆက်ဆံရေး ပြောင်းလဲတော့မည်လောဟူသည့် နိုင်ငံရေးဆက်တင်အသစ်ပေါ် အတိုက်အခံတို့ အာရုံများခဲ့ကြပြန်သည်။

ထို့နောက် နအဖက ၂၀၀၈ ဖွဲ့စည်းပုံအတိုင်း သူတို့လိုချင်သည့် နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး တိုက်တွန်းချက်ကို အပစ်ရပ်လက်နက်ကိုင်အဖွဲ့အစည်းများက လက်မခံဘဲ အန်တုနေကြသဖြင့် အင်အားအနည်းဆုံးဖြစ်သော ဦးဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့်အဖွဲ့ (MNDAA) ကို လက်နက်မှု၊ မူးယစ်ဆေးဝါးမှုများ အကြောင်းပြကာ သြဂုတ်လကုန်ပိုင်းတွင် ၀င်ရောက်တိုက်ခိုက်ခဲ့လေသည်။ ဒုက္ခသည် သုံးသောင်းခုနှစ်ထောင်ကျော် တရုတ်နယ်စပ်သို့ ထွက်ပြေးခိုလှုံကြရပြီး နအဖ-ကိုးကန့်ပြဿနာဟူသည့် နိုင်ငံရေးဆက်တင်အသစ် ထပ်မံပေါ်ထွက်ခဲ့ပြန်သည်။

ယခုစက်တင်ဘာလအတွင်း၌လည်း ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်သည့် နအဖနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းသည် နယူးယောက်ပတ်လည် (၂၅) မိုင်သာမက ၀ါရှင်တန်ရှိ မြန်မာသံရုံးသို့ တရက်ကြာ သွားရောက်လည်ပတ်ခွင့်ရပြီး အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်နှင့် ထပ်မံတွေ့ဆုံဆွေးနွေးခဲ့လေသည်။ ထို့အပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများကို မရုပ်သိမ်းဘဲ နအဖစစ်အစိုးရနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံမှု ပြုလုပ်သွားမည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့နှင့် တွေ့ဆုံသည့် အစည်းအဝေးအပြီးတွင် မြန်မာနိုင်ငံအပေါ် အမေရိကန်၏ မူဝါဒအသစ်နှင့် ပတ်သက်၍ အရိပ်အမြွက် ပြောကြားခဲ့သည်။

ထိုသဘောထားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သဘောတူပြီး နအဖနှင့် အတိုက်အခံနှစ်ဘက်စလုံးကို မျှမျှတတ ထိတွေ့ဆက်ဆံဖို့ တောင်းဆိုခဲ့သည်။ ထို့အပြင် နောက်ဆုံးထူးခြားမှုအနေဖြင့် ပိတ်ဆို့မှုရုပ်သိမ်းရေးအတွက် နအဖနှင့် ပူးပေါင်းဆောင်ရွက်လိုပါသည်ဟူသော ဒေါ်အောင်ဆန်းစုကြည်၏ ပေးစာကို နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ (၂၈-၉-၀၉) တနင်္လာနေ့တွင် ပေးပို့ရန် ပြင်ဆင်ထားကြောင်း အန်အယ်လ်ဒီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ထုတ်ဖော်ပြောဆိုခဲ့သည်။

ထိုသို့ နိုင်ငံရေးဆက်တင် အပြောင်းအလဲများက အလွန်လျင်မြန်သွက်လက်စွာ ဖြစ်ပေါ်နေသဖြင့် နအဖ၏ ၂၀၁၀ ရွေးကောက်ပွဲကျင်းပရေးဟူသည့် ကိစ္စသည်ပင် မှေးမှိန်သွားသလိုထင်ရလေသည်။ အဆိုပါ အသစ်အသစ်သော နိုင်ငံရေးဆက်တင်များသည် နအဖ၏ တမင်သက်သက် ဖန်တီးမှုကြောင့်ဖြစ်စေ၊ သူ့အလိုလို ပေါ်ပေါက်လာသည်ဖြစ်စေ နောက်ကွယ်တွင်မူ နအဖစစ်အုပ်စုသည် သူ၏လက်ကိုင်တုတ်များနှင့် ရွေးကောက်ပွဲဝင်ရန် သဘောတူလက်ခံသည့် အတိုက်အခံအချို့ကို လက်သိပ်ထိုး စည်းရုံးလှုပ်ရှားခွင့်များပေးကာ ကြိုတင်ပြင်ဆင်မှုများ အဆက်မပြတ် လုပ်ဆောင်နေသည်ကို တွေ့မြင်နေရပေသည်။

အချုပ်အားဖြင့်ဆိုရလျှင် မြန်မာနိုင်ငံကို စစ်ကျွန်ဇာတ်သွင်းချင်နေသည့် နအဖစစ်အုပ်စုက နိုင်ငံရေးဆက်တင်အသစ်များ၏ နောက်ကွယ်၌ သူ့အလုပ်သူ တစိုက်မတ်မတ် လုပ်ဆောင်နေသကဲ့သို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်သည့် အတိုက်အခံအင်အားစုများအပါအ၀င် မြန်မာပြည်သူလူထုအနေဖြင့်လည်း ကိုယ့်အလုပ်ကိုယ် အာရုံထားလုပ်ဆောင်ကြဖို့ လိုပါသည်။ သို့မှသာ မိမိတို့လိုလားသည့် စစ်မှန်သောဒီမိုကရေစီစနစ် ထွန်းကားရေး ပန်းတိုင်ဆီသို့ အရောက်လှမ်းနိုင်မည် ဖြစ်သည်။ ထို့အတွက် အပြောင်းအလဲမြန်နေသည့် နိုင်ငံရေးဆက်တင် အသစ်အသစ်များနောက်သို့ချည်း မျောပါမနေကြဘဲ ဦးဆောင်ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လက်ရှိရပ်တည်ချက်များဖြစ်သော …

(က) အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးနှင့် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊
(ခ) ပြည်သူ့လွှတ်တော်ပေါ်ပေါက်ရေး၊
(ဂ) ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်သုံးသပ်ပြင်ဆင်ရေး၊
(ဃ) တွေ့ဆုံဆွေးနွေးရေး… တို့အပေါ် အခြေခံတောင်းဆိုထားသည့် ရွှေဂုံတိုင်ကြေညာချက်ပါ …

(၁) ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦး အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးလျှင်၊
(၂) ၂၀၀၈ ခုနှစ် အခြေခံဥပဒေထဲမှ ဒီမိုကရေစီစံနှုန်းနှင့် မကိုက်ညီသည့် အချက်များကို ဖယ်ရှားပေးလျှင်၊
(၃) အားလုံးလွှမ်းခြုံပါဝင်နိုင်သည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာ၏ စောင့်ကြပ်လေ့လာမှုကို ခွင့်ပြုလျက် ကျင်းပပေးလျှင် … ဟူသော တောင်းဆိုချက်များ ပြည့်ပြည့်၀၀ ရရှိသည်အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အတူ ချီတက်တိုက်ပွဲဝင်ကြပါရန် ခေတ်ပြိုင်က တိုက်တွန်းနှိုးဆော်လိုက်ရပေသည်။

No comments:

Post a Comment