9.12.2009

ယာယီ ပတ်စပို့ သွားလုပ်သည့် အလုပ်သမားသမား လင်မယား ဒုက္ခရောက်

Photobucket
စက်တင်ဘာ ၁၁

ထိုင်းနိုင်ငံဘန်ကောက်မြို့လမ်ကန်ဖေလမ်းတွင် အိမ်အကူလုပ်ကိုင်နေသော မြန်မာအလုပ်သမားလင်မယား နှစ်ဦးတို့ ပြီးခဲ့သော စက်တင်ဘာလဆန်း ရက်ပိုင်းက ထိုင်းမြန်မာနယ်စပ် တာချီလိတ်နယ်စပ်သို့ နေထိုင် အလုပ်လုပ်ကိုင်ခွင့် ပတ်စပို့  စာအုပ်သွားလုပ်စဉ် နယ်ခြားစောင့် မြန်မာစစ်တပ်က အမျိုးသားကို ပေါ်တာ ခေါ်ယူသွားပြီး ဇနီးဖြစ်သူကို ထောင်ချလိုက်ကြောင်း သိရသည်။

စက်တင်ဘာလ၂ ရက်နေ့က မွန်ပြည်နယ်ဖါသိမ်ကျေးရွာမှ ကရင်တိုင်းရင်းသား လင်မယားဖြစ်ကြသော အသက် နှစ်ဆယ်ကျော်အရွယ် ကိုဖာလာအဲ နှင့် မမူပတို့ ပတ်စပို့လုပ်ကိုင်ရန် မြ၀တီနယ်စပ်သို့ လာခဲ့ကြသည်။ လုပ်မရသဖြင့် တာချီလိတ် မယ်ဆိုင်နယ်စပ်သို့ လာရောက်ခဲ့သည်။ နယ်စပ်အခြေစိုက် မြန်မာစစ်တပ်မှ ၄င်းတို့ ထံမှ ဖုန်း၂လုံးကို သိမ်းယူလိုက်သည်။ ထို့နောက် ကိုဖာလာအဲကို ပေါ်တာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး မမူပ ကို တာချီလိတ်ထောင်တွင် ချလိုက်ကြောင်း ဘန်ကောက်မြို့မှ ၄င်းတို့မိတ်ဆွေ အမျိုးသမီး မတင်တင်က ပြောသည်။ သူတို့ဇနီးမောင်နှံတွင် ကလေးရှိပြီး နေရပ်ကျေးရွာတွင် မိဘများနှင့်အတူ ထားရှိကြောင်း သိရသည်။

“ဟုတ်တယ် မမူပ က ကျမကိုဖုန်းဆက်လာတယ်။ သူယောက်ျား ပေါ်တာလိုက်သွားရတယ်။ သူထောင်ကျနေ တယ်။ ဘန်ကောက်က သူတို့သူဌေးက ပုလိပ်အရာရှိ တစ်ယောက်ပဲ ဘာမှ လုပ်လို့မရဘူးလို့ ပြောတယ်။ ဘန်ကောက်က သိတဲ့လူတွေ တော်တော်လန့်ဖြန့် ကုန်တယ်။ ကျမလည်း မလုပ်ရဲတော့ဘူး”ဟု ပြောသည်။

ဘန်ကောက်တွင်နှစ်အတန်ကြာအလုပ်လုပ်နေသော မတင်တင်သည် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကျေးရွာတစ်ရွာမှ ဖြစ်သည်။ ဒီကေဘီအေဘီအေ တပ်များ သွာလာလှုပ်ရှားနေသော ဒေသဖြစ်သည်။ ပြီးခဲ့ သော၂ ရက်က သူမတို့မိခင်ထံသို့ ရွာလူကြီးမှ စာလာပေးကြောင်း ပြောပြသည်။

“ပြီးခဲ့တဲ၂ ရက်ကလေ ကျပ်ငွေ ငါးသောင်းပေးရမယ်လို့ ဒီကေဘီအေ ကစာလာပေးခိုင်းတယ်လို့ တယ်ရှင် ဗမာစစ်တပ်နဲ့ အတူတူပဲလို့ ပြောတယ်။ လတိုင်း လာကောက်မယ်။ တစ်ခါတည်း ပေးမယ်ဆိုရင် တစ်နှစ်အတွက် ကျပ်ငွေ ငါးသိန်းပေးရမယ်လို့ ကျမ အမေက ဖုန်းဆက်ပြီး ကျမကိုပြောပါတယ်။ ကျမတို့ ဘန်ကောက်မှာ အိမ်အလုပ်လုပ်တာ တစ်လကို ကျပ်ငွေတစ်သိန်း မနည်းစုယူရတယ်။ စစ်တပ်နဲ့ ဒီကေဘီအေကို တစ်လကို ငါးသောင်းပေးရမယ်ဆိုတော့ ကျမတို့တွေ ရွာပြန်မလားလို့ ပြောနေကြတယ်။ ဘာလုပ်နေတော့မှာလဲ။ ကျမတို့ မိဘကိုပဲ လုပ်ကျွေးနိုင်မယ် သူတို့တွေကိုတော့ အလကား မပေးနိုင်ဘူး”ဟု ပြောသည်။

ဘန်ကောက်မြို့ဖက်က ဆင်လမ်းမကြီးရှိ ကာဖိုး ကုန်တိုက်ကြီးတွင် ဘန်ကောက် မြန်မာသံရုံးမှ တာဝန် ပေးချက်အရ ဖွင့်လှစ်ထားသော မြန်မာနိုင်ငံသား အသိအမှတ်ပြုရေးရုံးသို့ အထက်ပါ ကိစ္စရပ်များအား ဖုန်းဖြင့် မေးမြန်းခဲ့ရာ သူတို့မသိရှိကြောင်း ပြန်လည် ဖြေကြားသွားခဲ့သည်။

ပြီးခဲ့သောအပတ်က ပြည်တွင်းထုတ် Weekly Eleven ဂျာနယ်တွင် ယာယီပတ်စပို့ထုတ်ပေးခဲ့သော တစ်လခွဲ ကာလအတွင်း ကော့သောင်း၊မြ၀တီ၊တာချီလိတ် တို့တွင် လူပေါင်း ၅၃၅ ဦးသာလာရောက် လျှောက်ထား ခဲ့ကြောင်း ရေးသားထားသည်။ ဤအရေအတွက်မှာ မြန်မာအစိုးရ ခန့်မှန်းထားသော ဂိတ်တစ်ခုစီ တစ်နေ့ လူ၂၀၀ လုပ်ပေးမည် ဆိုသော ကိန်းကဏန်းဖြင့် များစွာ ကွာဟနေသည်။ နှစ်နိုင်ငံအစိုးရတို့ တရားဝင် သတ်မှတ် နုန်းထားမှာ ထိုင်းနိုင်ငံသို့ဘတ်ငွေ ၂၀၀၀ ပေးသွင်းရမည်ဖြစ်ပြီး မြန်မာအစိုးရကို ကျပ်ငွေ ၃၀၀၀ ပေးသွင်းရမည် ဖြစ်သော်လည်း ပွဲစားနှင့် သွားရောက်လုပ်ကိုင်သူများမှာ ဘတ်ငွေ ၇၀၀၀ ပေးရသည်။

ထိုင်းနိုင်ငံအတွင်း လာရောက် အလုပ်လုပ်ကိုင်နေကြသော မြန်မာ အလုပ်သမား အများစုတို့မှာ ယာယီပတ်စပို့ လုပ်ကိုင်လိုသော ဆန္ဒများရှိကြသည်။ သို့ရာတွင် မိမိတိုင်းပြည်တွင် အိမ်ထောင်စုစာရင်း မရှိခြင်း၊ မှတ်ပုံတင် မလုပ်ဖူးခြင်းတို့လည်း များစွာရှိသည်။
ထိုင်းအစိုးရနှင့် မြန်မာအစိုးတို့ နှစ်နိုင်ငံ သဘောတူညီချက်အရ ၂၀၀၅ ခုနှစ်က စတင် အကောင်အထည် ဖေါ်ဆောင်ခဲ့သော ယာယီပတ်စပို့ လုပ်ငန်းစဉ်မှာ ယခုထိတိုင် အောင်မြင်မှု မရရှိနိင်ဖြစ်နေသည်။ ယခုနှစ်တွင် ထိုင်းအစိုးရမှ လုပ်ပေးသော အလုပ်လုပ်ကိုင်နေထိုင်ခွင့် ဘတ်သက်တမ်းမှာလည်း ၂၀၁၀ ခု ဖေဖေါ်ဝါရီလ၂၈ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ ယာယီပတ်စပို့ လုပ်ကိုင်ရန်မှာ မလွယ်ကူသကဲ့သို့ လာမည့်နှစ်တွင် ထိုင်းအစိုးရက ဘတ်မလုပ်ပေးတော့မည်ကိုလည်း ထိုင်းနိုင်ငံရောက် မြန်မာရွေ့ပြောင်း အလုပ်သမားများက အထူးစိုးရိမ်နေကြကြောင်း သိရသည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။

No comments:

Post a Comment