10.03.2009

ရွေးကောက်ပွဲဝင်မယ်ဆို လမ်းခွဲကကြို

ရဲဘော်ဖိုးသံချောင်း

၂ အောက်တိုဘာ ၂၀၀၉

ဗမာပြည်ကမီဒီယာတွေကို ဖတ်ကြည့်တဲ့အခါ ဗမာပြည်နိုင်ငံရေးမှာ ရှုပ်ထွေးစရာတွေပေါ်လာမယ့် လက္ခဏာတွေ တော်တော်တွေ့လာနေရပါတယ်။ ဒီကြားထဲ အမေရိကန်နိုင်ငံက ပေါ်လစီပြောင်းမယ်ဆိုတဲ့ သတင်းကလည်းရှိနေတော့ မကြာခင်မှာ အသံတွေပိုစီညံလာဦးမှာ သေချာနေပါတယ်။

ဒါပေမယ့် ဘယ်လိုလေသံတွေပဲဖြစ်နေနေ၊ အဆုံးမှာသတ္တုချလိုက်ရင်တော့ ပြောဆိုနေကြတာဟာ နအဖက ကျင်းပမယ့် လာမယ့် ရွေးကောက်ပွဲကို ၀င်မလား၊ မ၀င်ဘူးလားဆိုတဲ့နှစ်ခုပါပဲ။ ကြားမရှိဘူးလို့တောင် ပြောရင်ရပါတယ်။

ဒီရွေးကောက်ပွဲကိုဝင်ဖို့ တိုက်တွန်းသူတွေထဲမှာ ကိုယ်တိုင်ဝင်မယ့်လူလည်းရှိ၊ ကိုယ်တိုင်မ၀င်ဘဲ ဟောပြောတရားချတာ သက်သက်လုပ်နေသူတွေလည်းရှိ၊ လူအမျိုးအမျိုးပဲဆိုတာ တွေ့ရမှာပါ။ ဒီအထဲက တချို့ကဆိုရင် အိုဘားမားနဲ့ ဒေါ်ကလင်တန်တောင်မှ သူတို့ရဲ့နောက်ကို လိုက်လာတယ်လို့ ပြောချင်ဟန်ရှိပါတယ်။

ဒီလိုရွေးကောက်ပွဲအတွက် တောခြောက်ပေး၊ ဘေးတီးပေးသူတွေအထဲမှာ တချို့က ဒီလိုလုပ်တာဟာ သူတို့ ကိုယ်ကျိုးအတွက်မဟုတ်ပါဘူး၊ သူတို့ကိုယ်တိုင်လည်း ဒီရွေးကောက်ပွဲကိုမ၀င်ပါဘူးလို့ ဆိုကြပါတယ်။ ဟုတ်ပါတယ်။ သူတို့ရဲ့အသက်အရွယ်အရ ဖြစ်စေ၊ သူတို့ရဲ့သုညနားကပ်နေတဲ့ နိုင်ငံရေးဂုဏ်သိက္ခာအရပဲဖြစ်စေ၊ သူတို့ဟာ ရွေးကောက်ပွဲကို ၀င်ချင်လို့လည်း ၀င်လို့မရပါဘူး။ သူတို့ဟာ ဒီနေ့ နအဖရဲ့ အဓိကရန်ဘက်စာရင်းမှာပါနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗကပ စတာတွေထဲမှာ ပါဖူးပါတယ်။ လက်နက်လည်းချဖူးကြပါတယ်။ ဒီတော့ “တခါလက်နက်ချဖူးရင် အကြိမ်ကြိမ်လက်နက်ချနေရတယ်” ဆိုတဲ့ လက်နက်ချတို့ရဲ့ အစဉ်အလာအတိုင်း မသေမချင်း တိုင်းပြည်မှာအရေးကြီးတဲ့ ကိစ္စပေါ်လာတိုင်း စစ်အုပ်စုက လိုအပ်တယ်ဆိုရင် ထောက်ခံစာတွေ ရေးပေးနေရတာပါပဲ။ သူတို့ကိုယ်တိုင်ကတော့ လူထုအပေါ်ဘာသြဇာမှမရှိတော့ပါဘူး။ ဒါပေမယ့် သူတို့က အင်္ဂလိပ်စကားလုံးတွေနဲ့ သဘောတရားတွေထုတ်တတ်တော့ နအဖကိုလည်းဖားချင်၊ ဘာသဘောတရား အကြောင်းပြချက်နဲ့ ဖားရမှန်းမသိဖြစ်နေသူတွေအတွက် အထောက်အကူ ဖြစ်စေပါတယ်။ နောက်ပြီး နအဖကို ဖားချင်လို့ဖြစ်စေ၊ ပညာတတ်ဂိုက်ဖမ်းချင်လို့ဖြစ်စေ သူတို့ရေးတာတွေကို ဖော်ပြပေးနေတဲ့ မီဒီယာတွေလည်း ရှိနေပါတယ်။ ဒါကြောင့် သူတို့ရေးတာ၊ ပြောတာတွေဟာ တချို့လူတွေအတွက်တော့ အသုံးဝင် တန်ဖိုးရှိတယ်လို့ပဲ ပြောရမယ်ထင်ပါတယ်။ ပြည်တွင်းက မြို့ပေါ်မှာနေသူတွေဆိုတော့ သူတို့ဟာ သူတို့နဲ့ ပြိုင်ငြင်းလို့ မရမှန်းသိထားတဲ့အတိုင်း လူတကာကိုတိုက်ခိုက်တာ ဆွတာတွေလုပ်ကြပါတယ်။ တခါတလေမှာ သက်တော်ရှည် ဆရာ ဒဂုံတာရာကို သေဖော်ညှိတာလည်း လုပ်ကြပါတယ်။ ဆရာ့ခမျာ ဒင်းတို့မို့ပေကိုးဆိုပြီး မသိဟန်ဘဲ ဆောင်နေရဟန် တူပါတယ်။ ဒါပေမယ့် သူတို့ခမျာ ဖားသာဖားရ မျက်မာန်ရှမှာကိုတော့ ကြောက်နေရတဲ့ လက္ခဏာတွေလည်း မြင်နေရပါတယ်။

နောက်တမျိုးက စီးပွားရေးလုပ်ငန်းရှင်၊ ပညာတတ်လို့ ဆိုရမယ့်သူတွေဖြစ်ပါတယ်။ သူတို့က မဝေးလှတဲ့ ကုန်လွန် လေပြီးတဲ့သမိုင်းမှာ ဗိုလ်ခင်ညွန့်နဲ့နီးစပ်၊ ပတ်သက်ဖူးတယ်လို့ နားလည်ရပါတယ်။ သူတို့က ငွေကြေးတတ်နိုင်တော့ ကိုယ်ပိုင်မီဒီယာလည်းရှိတယ်၊ ပြည်ပအဆက်အသွယ်တွေလည်း ရှိပါတယ်။ ကမ္ဘာအနှံ့ရှိ ရှုပ်ထွေးလှတဲ့ အန်ဂျီအိုကွန် ရက်တွေနဲ့လည်း ပတ်သက်နေကြပါတယ်။ သူတို့က ရွေးကောက်ပွဲကို ၀င်မယ့်လက္ခဏာတွေဖော်ပြနေပါတယ်။ ဒါပေမယ့် ငွေကြေးရှင်လည်းဖြစ်၊ ပညာတတ်လည်းဖြစ်ဆိုတော့ သူများလိုပြာပြာသလဲမဖြစ်၊ တည်တည်ငြိမ်ငြိမ်နဲ့ပြောနိုင်၊ လှုပ်ရှား နိုင်ကြပါတယ်။ သူတို့မှာက နအဖ စစ်အုပ်စုထဲက ဘယ်ထိပ်သီးနဲ့အဆက်အသွယ်ရှိတယ်ဆိုတဲ့ အရည်အသွေးမျိုးတွေလည်း ရှိနေ ပါသေးတယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲနဲ့ သူတို့ရဲ့စီးပွားရေးတိုးချဲ့မှုဟာ ကင်းမှကင်းရဲ့လားလို့ တချို့က တွေး နေကြပါတယ်။ သူတို့ပြောတဲ့ သဘောတရားတွေမှာ နားယောင်စရာ ရှိကောင်းရှိနိုင်ပေမယ့် သူတို့ဘာကြောင့် ဒီရွေးကောက် ပွဲကို ထောက်ခံပါဝင်ချင်ကြတယ် ဆိုတာကတော့ ရှင်းနေတယ်လို့ ထင်ပါတယ်။

ဒီလိုအမျိုးအစားတွေခွဲပြောပြီဆိုရင် တစညလို တပ်မတော်အရာရှိဟောင်းများကိုလည်း ချန်ထားလို့မဖြစ်ပါဘူး။ သူတို့ကိုချန်လှပ်လို့မရပေမယ့် သူတို့ရဲ့တွေးခေါ်နည်း၊ ပြောကြားချက်စတာတွေကတော့ လူတိုင်းအဖို့ ဘာမှမဆန်း၊ ရှုပ်ထွေး စရာလည်းမရှိတာမို့ ဒီဆောင်းပါးထဲမှာ ချန်လှပ်ထားခဲ့ပါမယ်။ တစညပဲ၊ ဒီလိုပဲ ပြောတော့မပေါ့လို့သာ မှတ်ထားလိုက်ကြပါစို့။

ဒါ့အပြင် နောက်တမျိုးကတော့ လူသစ်တန်းလို့ပြောရင် ရမလားပါပဲ၊ သူတို့က ပိုခြေသွက်ပါတယ်။ ပိုပြီး မျက်နှာပြောင်တယ်လို့ ပြောရင်တောင်ရမလားပါပဲ။ တကယ်က သူတို့ထဲက တချို့ဟာ ရှစ်လေးလုံး အရေးတော်ပုံတုန်းက အဖွဲ့အစည်းတချို့မှာ တတိယတန်းခေါင်းဆောင်လောက်လုပ်ဖူးပြီး အခြေအနေ ဆိုးလာတော့ ထိုင်သွား၊ ငုပ်သွားသူတွေ ဖြစ်ပါတယ်။ သူတို့အနေနဲ့ ရှစ်လေးလုံးခေါင်းဆောင်တွေအပေါ် အာဃာတတွေထားကြောင်း ဖော်ပြတာလည်း တခါတရံမှာ တွေ့ရပါတယ်။ ဒီအမျိုးအစားထဲမှာ သတိမပြုဘဲ မနေနိုင်တဲ့ ဒွေးရောယှက်တင်ဖြစ်နေသူတွေလည်း ရှိပါသေးတယ်။ အဲဒါတွေကတော့ ကြံ့ဖွံ့လိုဟာ၊ သတင်းပေး လိုဟာတွေပါ ရောပါနေတာဖြစ်ပါတယ်။ အခုဖော်ပြခဲ့သူ အားလုံးထဲမှာ သူတို့ဟာ အပြတ်သားဆုံးလို့ တောင်ဆိုနိုင်ပါတယ်။ သူတို့က ဘာမှမကြောက်ဘူး ဆိုတာမျိုးလည်း ကြုံတိုင်းလိုလို ဖော်ပြကြပါတယ်။ အင်တာနက်မှာလည်း ကျက်စား၊ သူတို့ရဲ့ဖုန်းနံပါတ်တွေကိုကြေညာ၊ ကိုယ့်ကိုယ်ကိုယ် အပြတ်ကြော်ငြာ နေကြပါတယ်။ ဒါ့အပြင်သူတို့က ပြည်ပမီဒီယာတွေထဲမှာ “စိမ်ခေါ်လို့ကတော့ တိမ်ပေါ်ကိုတောင်တက်ထိုးမယ်” ဆိုတာမျိုးကိုလည်း ပြောကြပါတယ်။ သူတို့ဦးတည်တာက နအဖဆန့်ကျင်သူ အားလုံးကို ဖြစ်ပါတယ်။ ဒီလိုအခါမှာ သူတို့ကို နအဖက လိုလားဟန်လည်းဖော်ပြနေတော့ သူတို့က ပိုကမ်းတက်တယ်လို့ ပြောနိုင်ပါတယ်။

ဒီ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲလွန်ကာလနဲ့ ပတ်သက်လို့ ပြည်ပမှာဖော်ပြချက်တွေလည်း တိုးတိုးတဖုံ၊ ဗြောင်တမျိုး အမျိုးမျိုးပေါ်လာနေပါတယ်။ တချို့ကဆိုရင် “မောင်မောင်အခေါ်” စောင့်နေကြတာပါ။ ကြိုပြီး တိတ်တဆိတ် ဖျာခင်းတာတွေ လုပ်တယ်လို့လည်း ကြားနေရပါတယ်။ သူတို့က နိုင်ငံခြား ပညာရှင်ကြီးတွေရဲ့အဆိုအမိန့်တွေကို ကိုးကားပြီး ဗမာပြည်နိုင်ငံရေးကို ချဉ်းကပ်ပါတယ်။ ဒါပေမယ့် မရဲတရဲနဲ့ အချိန်မရွေးပြန်ဆုတ်လို့ရအောင် ပြောဆိုပြင်ဆင်နေကြတာလည်း သတိထားမိပါတယ်။ ကြည့်ရတာ သူတို့ဟာ နအဖရဲ့ ကြိုးကိုင်ဒီမိုကရေစီရဲ့အရသာကို မြည်းစမ်းချင်ကြတဲ့ သဘောပါပဲ။ ကြိုးကိုင်ညင်သာရင် ပြည်တွင်းက ကွင်းမှာကစားမယ်၊ ကြိုးကိုင်ကြမ်းရင်တော့ ပြည်ပမှာပဲနေမယ်ဆိုတဲ့ သဘောပါပဲ။ သူတို့အနေနဲ့ အန်အယ်လ်ဒီကို အပြစ်တင်တာဟာ မလုပ်မဖြစ်လုပ်ရတဲ့ ကြိုတင်လမ်းခင်းခြင်းလို့ဆိုရင် မမှားပါဘူး။

ဒီလိုလူမျိုးတွေ၊ ဒီလိုအစိုးရနဲ့ ဒီလိုရွေးကောက်ပွဲမျိုးကို ကြည့်ရတာ ပျော်စရာတော့ အကောင်းသားလို့ပဲ အောက်မေ့ရပါတယ်။ ဇာတ်က ဘုန်းကြီးရူးနဲ့လှေလူးထက် ပိုပြီးဟာသမြောက်မှာပါ။

No comments:

Post a Comment