1.22.2010

ဖုန်းကိုင်မိလျှင် အသက်သေနိုင်ကြောင်း ကောလာဟလသတင်းကြောင့် မြန်မာအလုပ်သမားများ ထိတ်လန့်ကြ

ဇန္န၀ါရီ ၂၂

အနီရောင် စာတမ်းပေါ်ပြီး ဖုန်းခေါ်လာပါက အသက်သေတတ်ကြောင်း ကောလာဟလသတင်း ထွက်ပေါ် နေကြောင်း ထိုင်းရုပ်မြင်သံကြားလိုင်းနှင့် ထိုင်းရေဒီယိုတို့က ထုတ်လွှင့်လျက်ရှိသည်။ မြန်မာ အလုပ်သမား များလည်း အသက်အန္တရာယ်ကို စိုးရိမ်နေကြသဖြင့် ရင်းနှီးသူများ၏ ဖုန်းကိုသာ လက်ခံ ပြောဆိုနေကြောင်း အိမ်တွင်းမှု အလုပ်သမအချို့ က ပြောသည်။

ချင်းမိုင်မြို့ ရဲဝန်ထမ်း အိမ်တစ်အိမ်တွင် အိမ်အလုပ်လုပ်နေသော မပိုပိုက “၂၀ ရက်နေ့ ညနေ ၁၀ နာရီကျော်မှာ ထိုင်းတီဗွီ ၉ လိုင်းက ထုတ်လွှင့်သွားပါတယ်။ အဖွားကြီးတစ်ယောက် ဖုန်းကိုင်လိုက်လို့ နားရွက်က သွေးတွေ ထွက်လာပြီး သေသွားတယ်လို့ ပြောတယ်။ ဒါပေမယ့်တဲ့ အတိအကျ ဘယ်သူဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး၊ ဒါပေမယ့် သထိထားကြ ဖို့ အတွက် သတိပေးပါတယ်”ဟု ပြောသည်။

ယမန်နေ့ ထုတ်ထိုင်းရပ်သတင်းစာ မျက်နှာဖုံးတွင် ဖုံနံပတ်ကို ရိုက်ကူးပြီးဖေါ်ပြထားသည်။ မည်သူသေသည်ကို အတိအကျမသိရသေးသော်လည်း သတိထားကြရန် တိုက်တွန်းထားသည်။ အလုပ်သမားများ ထိုင်းတီဗွီင်္ကို ကြည့်ရာမှ မှတ်ထားသည့်ဖုန်းများမှာ(083 333 6567..083 333 6657.နှင့်083 333 6687)တို့ ဖြင့်ခေါ်လာပါ က ဖုန်းမကိုင်ကြရန် ပြောထားသည်။

ချင်းမိုင်မြို့ ညဈေး ထမင်းဆိုင်တွင် ဈေးအကူ ရောင်းနေသော မြန်မာအလုပ်သမ မနန်းပိုပိုအောင် က “သတင်းမှာတော့ လွှင့်နေတယ်၊ သူဌေးကလည်း သတိထားဖို့ ပြောတယ်။ အမေကလည်း လှမ်း ပြောတယ်။ နင်တို့  ဖုန်းနံပါတ်တွေကို မှတ်ထားလိုက်တဲ့၊ အစက သုံညရှစ်သုံး၊ သုံညရှစ်ငါး၊ အလယ်မှာ သုံးသုံးလုံး၊ သုံးလေးလုံး နောက်မှာ ခြောက်ခွန်၊ ငါးခွန်တွေပါတယ်။ ဖုန်းလက်ခံ ပြောလိုက်တဲ့ အတွက် ဟန်ဒုံးမှာ တစ်ယောက်၊ ချင်းဟိုင်းမှာ ၄ ယောက်၊ နောက် ချင်းမိုင်အနီး ဘယ်နေရာဆိုလဲ သုံးယောက် သေပြီတဲ့၊ အဲဒီလို သတင်းကြားရာကို သတင်းဌာနတွေက လိုက်လံစုံစမ်းပေမယ့် ဘယ်လိုမှ မတွေ့ဘူးလို့ ပြောပါတယ်။ ကယ်ဆယ်ရေး အဖွဲ့တွေကို မေးကြည့် တော့လည်း ဖုန်းဆက်လို့ သေတဲ့ အလောင်းကို သယ်ယူဖူးခြင်း မရှိဘူးလို့ ဒေသခံတွေကို မေးမြန်ပြီး ပြပါတယ်။ ဒါပေမယ့် သတိထားကြပါလို့ ပြောပါတယ်“

ဘန်ကောက်မြို့ မှ အိမ်အလုပ်သမ မဘုတ်ဘုတ်နှင့် မလင်းလင်းတို့ က မသိသောဖုန်းများကို မကိုင်ရဲ တော့ ရုံမက ညနေပိုင်းတွင် လုံးဝဖုန်းကို ပိတ်ထားကြောင်း ပြောသည်။

“ဟုတ်မဟုတ်တော့ မသိဘူး။ သမီးတို့ ကြောက်တယ်လေ။ ဒီနေ့ ၇ လိုင်းရော ၉လိုင်းကပါ သတိထားကြဖို့ ကြေညာပါတယ်”ဟု ပြောသည်။ ယခုကဲ့သို့ ဖုန်းပြဿနာ တစ်ခုလည်ုး ပြီးခဲ့သော ၃နှစ်ခန့်က ပေါ်ပေါက်ခဲ့ ဖူးသော်လည်း ယခုတစ်ကြိမ်လောက် ထိပ်လန့်မှု မရှိကြပေ။ ထိုစဉ်က ကွန်ပျူတာ နည်းပညာဖြင့် ဖုန်းနံပါတ် တစ်ခုအား ည၁၀ နာရီ နောက်ပိုင်းတွင် ဖုန်းခေါ်ကြည့်ပါက ဖုန်းဆက်ခလည်း မကုန်ပေ။ အဆိုပါဖုန်းကို အကြိမ် ရေ မည်မျှခေါ်ခေါ်၊ မည်သူခေါ်ခေါ် မကြားဝံ့မနာသာ ရုန်းရင်းကြမ်းတမ်းသော စကားများကို မိန်းကလေး
ငယ်တစ်ဦးက ပြောသည့်အသံကို ကြားခဲ့ရသည်။

မဲဆောက်မြို့ မယ်ဖုဖရားရွာ စိုက်ပျိုးရေး လုပ်ငန်းတွင် အလုပ်လုပ်နေသူ တစ်ဦးကလည်း ယမန်နေ့က ထို သတင်းကို အလန် တကြား လှမ်းပြော သေးသည်။

ထိုင်းနိုင်ငံ တောင်ပိုင်း ကျုံဖေါ်ပါနန်း လှေဆိပ်တွင် အလုပ်လုပ်နေသည့် ရေလုပ်သား ကိုမင်းနိုင်က “နေ့လည် ၁၁နာရီ ၁၅မှာပါ၊ ကျနော့်ဆီကို ဖုန်းဝင်ပါတယ်၊ အင်္ဂလိပ်လို ဖုန်းဝင်တဲ့အကြောင်း ရေးထားပါတယ်။ ကျနော်လည်း ခုတလော ဖုန်းသတင်းဆိုးကို ကြားနေရတော့ မကိုင်ရဲဘူးလေ၊ ငါးကြိမ်တောင်လာတယ်။ နောက်လာရင်တော့ ကျနော်ကိုင်တော့မယ်။ ကျနော်လှမ်းပြီး အကြောင်းကြားတာပါ။ ခေါ်တဲ့အခါ call လို့ ပေါ်ပေမယ့် ဖုန်းကျသွားပြီးလို့ ပြန်ကြည့် တော့ no number လို့ ပေါ်နေပါတယ်။ နံပါတ်မပေါ်ဘူးဗျ။ အကယ်၍ လူတွေ ပြောနေကြသလို သေမယ်ဆိုရင်လည်း အခြားလူတွေ သတိထားအောင် ကျနော် သက်သေပြ သွားမယ်။ ကျနော်အသက် ၂၈နှစ်ရှိပြီး၊ နောက်လာရင်တော့ သေချင်လည်း သေပစေကျနော် ကိုင်တော့မယ်လို့ ကျနော် ဆုံးဖြတ်ထားတယ်”ဟု ပြောသည်။

ယမန်နေ့ ညနေပိုင်းက ထိုင်းရေဒီယိုမှ ယခု ဖုန်းကောလဟာလ သတင်းကို ဆက်သွယ်ရေး တာဝန် ရှိသူများက လိုက်လံ စုံစမ်းနေပြီး သူတပါး အကျိုးစီးပွား ထိခိုက်အောင် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင် နေသူအား တွေ့ ရှိပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ထုတ်လွှင့်သွားခဲ့သည်။

ပြီးခဲ့သောသတင်းပတ်က ထိုင်းတောင်ပိုင်ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငမြို့တွင် တည်ဆောက်ဆဲ တံတား တခု အတွက် လူ ဦးခေါင်း ၁၀၀ ကို ဖြတ်၍ ယဇ်ပူဇော်မည် ဟူသော ကောလာဟလကြောင့် လုပ်ငန်းခွင်သို့ သွားရောက်ရန် မြန်မာအလုပ်သမားများစိုးရွံ့နေခဲ့ကြသည်။

ဖုန်းလက်ခံပြော၍ ဘယ်ရွေ့ ဘယ်မျှသေသည်။ ဘယ်နေရာမှာ သေသည်။ ဘယ်သူ သေသည်ကိုမူ ထိုင်း သတင်းဌာများ အနေဖြင့် အတိအကျစုံစမ်း၍ မရရှိသေးသကဲ့သို့  စိုးရိမ်နေကြသော မြန်မာ အလုပ်သမားများ ကလည်း တိကျစွာ ပြောဆိုနိုင်သူ မရှိသေးပေ။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။

မှတ်ချက် ။ ။ ထိုင်းနိုင်ငံ မဲဆောက်မြို့နှင့် အခြားနေရာများတွင်လည်း ထိုသတင်းကြောင့် ထိတ်လန့် ခြောက်ခြားမှု များ ဖြစ်ခဲ့ရပါသည်။ ရှင်းလင်းစွာ သိလိုသူ အချို့ထိုနံပါတ်များကို အရဲစွန့်၍ ခေါ်ဆိုကြည့်ကြရာတွင် ထို နံပါတ်များ မရှိကြောင်း အော်ပရေတာ၏ ပြန်ကြားချက်ကိုသာ ကြားရသည်ဟု သိရပါသည်။
ကျွန်တော်တို့ ဘလော့မှ အီလက်ထရောနစ် ဆိုင်ရာ နားလည် ကျွမ်းကျင်သူများကို မေးမြန်း စုံစမ်းကြည့်ရာတွင် စပီကာ အငယ်စားလေးသာပါသော တယ်လီဖုန်းမှ မည်ကဲသို့သော လူကိုသေစေလောက်သည့် ကြိမ်နှုန်းမြင့် အသံလှိုင်းမျိုး သို့မဟုတ် ရောင်ခြည်မျိုး ကိုမှ ထုတ်လွှင့်၍ မရကြောင်း အကယ်၍ ထိုကဲ့သို့ ဖြစ်ပေါ်မှု ရှိခဲ့လျှင်လည်း တိုက်ဆိုင်မှုသာ ဖြစ်မည်ဟု ပြောပြ ကြ ပါသည်။
လတ်တလောတွင်မူ လူအများစိုးရိမ် ပူပန်မှုများကိုသာ ဖြစ်စေခဲ့ပြီး တယ်လီဖုန်း ကုမ္ပဏီများကို ထိခိုက်နစ်နာ စေခဲ့ပါ သည်။
Saffron Mail Letter

No comments:

Post a Comment