1.22.2010

ယာယီပတ်စပို့ လုပ်ကိုင်ကြရန် ထိုင်းအလုပ်သမားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ပြောဆို

Photobucket
Photobucket
ဇန္န၀ါရီ ၂၂

ထိုင်းမြန်မာအစိုးရတို့ အကောင်အထည် ဖေါ်နေကြသော ယာယီပတ်စပို့ လုပ်ငန်းပြီးစီးမှု အနေအထားအရ နောက်ထပ် လုပ်ကိုင်ချိန် ၂နှစ်တိုးမြှင့် သတ်မှတ်လိုက်ကြောင်း ထိုင်းအလုပ်သမား ၀န်ကြီးဌာန ဒုတိယ ညွှန်ကြား ရေးမှူးချုပ် စူဖတ်ဖူးဝန်က ပြောဆိုလိုက်သည်။

ယမန်နေ့က ကျင်းပသော ထိုင်းနိုင်ငံ အလုပ်သမားရေးနှင့် အလုပ်အကိုင်ရှာဖွေရေး ရုံးချုပ် အစည်းအဝေး ခန်းမ တွင် ထိုင်းသတင်းဌာများနှင့် မြန်မာသတင်းဌာန သတင်းထောက်များအား ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကုန်ကျစရိတ် ကြီးမြင့်လွန်းသဖြင့် မြန်မာအလုပ်သမားများ ၀န်ထုတ်ဝန်ပိုး ဖြစ်နေသဖြင့် ဒီအပေါ်မှာ ထိုင်း အလုပ်သမား ၀န်ကြီးဌာနအနေဖြင့် စဉ်းစားပေး နိုင်မလားဟူ၍ ဘီဘီစီက မေးမြန်းခဲ့သည်။

ဒုတိယ ညွှန်ကြားရေးမှူးချုပ် စူဖတ်ဖူးဝန်က “ဒီကြားခံကုမ္ပဏီလို့ ခေါ်တဲ့ ပွဲစားတွေကို ခွင့်ပြုလိုက် ရတာက နိုင်ငံသား စီစစ်ဖို့ လျှောက်လွှာဖေါင်များအား ဖြည့်စွက်ခဲ့ကြစဉ်က အလုပ်ရှင်နှင့် အလုပ် သမားများက မှန်မှန် ကန်ကန် တိတိကျကျ မဖြည့်စွက် နိုင်ဘူး။ လျှောက်လွှာဖေါင်ပေါင်း တစ်သိန်းကျော်လောက်ကို မြန်မာနိုင်ငံကို ပို့တဲ့ အထဲမှာ ထက်ဝက်ကျော်ကျော် လောက်ကို မြန်မာပြည်မှာ စီစစ်လို့ မရဘူး ဆိုပြီး ပြန်ပို့ လာပါတယ်။ ဒါကြောင့် ဒီဝန်ဆောင်မှု လုပ်မယ့် ကုမ္ပဏီတွေကို မြန်မာ အစိုးရက တင်ပြ လာလို့ ခွင့်ပြုခဲ့ရ တာပါ။ လူတစ်ယောက်ကို ၀န်ဆောင်မှု ၄၅၀၀ ယူတာဟာ သင့်တော်တဲ့ နှုန်းထားပါ”ဟု ပြောသည်။

၂၀၀၉ ခုနှစ်အတွင်း ထိုင်းနိုင်ငံအတွင်း တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ခွင့် လုပ်ထားသော ကမ္ဘောဒီယား၊ လာအိုနှင့် မြန်မာ အလုပ်သမား ၁၃သိန်းအနက် အများစုဖြစ်သော မြန်မာ အလုပ်သမားများအား နိုင်ငံသား စီစစ်ပြီးနောက် ယာယီ နိုင်ငံကူးလက်မှတ်ပေါင်း ခုထိတစ်သောင်းကျော် ပြီးစီးခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် နိုင်ငံကူး လက်မှတ် လုပ်ငန်းစဉ်ကို နောက်ထပ် ၂နှစ် သက်တမ်းတိုးမြှင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ထိုင်း အလုပ်သမား ၀န်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် စူဖတ်ဖူးဝန်က ပြောသည်။၂နှစ်အတွင်း နိုင်ငံကူး လက်မှတ် ပြီးသွားခဲ့ပါက ယင်းနောက်ပိုင်း ထိုင်းနိုင်ငံအတွင်း ယာယီပတ်စပို့ နှင့် အလုပ်လုပ်ရမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင်လည်း သန်းခေါင်းစါရင်းနှင့် မှတ်ပုံတင်လည်းမရှိသော မြန်မာ အလုပ်သမား များအား ထိုင်း အစိုးရက ဖမ်းဆီး ပြန်ပို့မည် ဆိုပါက ရက်စက်သော မြန်မာအစိုးရ၏ လုပ်ရပ်များကို သိသိကြီးဖြင့် လုပ်ရာ မရောက်ဘူးလားဟု ဗွီအိုအေ သတင်းထောက်က မေးမြန်းသည်ကို ဒုညွှန်ချုပ်က “ အဲဒါက မြန်မာ အစိုးရ အပိုင်းပဲဖြစ်တယ်။ ကျနော်တို့ ကတော့ ကျနော်တို့ တိုင်းပြည်ရဲ့ ဥပဒေအတိုင်း ဆောင်ရွက်သွားမှာ ဖြစ်တယ်။ လာမယ့် ဖေါ်ဖေါ်ဝါရီလကုန်မှာ ပတ်စပို့ လျှောက်ထားလို့ မရှိတဲ့ အလုပ်သမားတွေကိုတော့ ဖမ်းဆီးပြန်ပို့မှာ ဖြစ်တယ်။ ပတ်စပို့ လုပ်တာ အားလုံးအတွက် ကောင်းပါတယ်။ လုပ်ကြပါလို့ ကျနော် ထပ်ပြောချင်ပါတယ်” ဟု ဖြေဆိုသွားခဲ့သည်။

အကယ်၍ အလုပ်ရှင်များက ကိုယ်တိုင် သွားလုပ်လိုလျှင်လည်း လမ်းညွှန်စာစောင်များ ထုတ်ဝေ ပေးနေကြောင်း အလုပ်သမား ကိုယ်တိုင်လည်း သွားလုပ်လို့ ဖြစ်ကြောင်း ပြောဆိုသွားသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သူ တစ်ဦးဖြစ်သည့် ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများအသင်း နိုင်ငံခြားဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးမှူး ဦးမျိုးနိုင်က “အလုပ်သမားတွေ က ယာယီပတ်စပို့နဲ့ ပတ်သက်ပြီးတော့ သတင်းအချက်အလက်အပြည့် အစုံ မသိသေးတာ များတယ်။ မဖြစ်မနေ လုပ်ရမယ် ဆိုတဲ့အခါ အခက်အခဲတွေ အများကြီး တွေ့လာရတယ်။ ယာယီပတ်စပို့ မလုပ်မီနဲ့ လုပ်ပြီးတဲ့အခါ ဆောင်ရန် ရှောင်ရန်တွေ အများကြီး ကျန်ပါသေးတယ်။ လွယ်တော့ မလွယ်သေးဘူးဗျ။ သုံးလတစ်ကြိမ်၊ ထိုင်း လူဝင်မှု ကြီးကြပ်ရေးကို သွားရမှာတို့၊အရေးပေါ် မြန်မာနိုင်ငံကိုပြန်မယ်ဆိုရင် အဲဒီလ၀ကရုံးမှာ (ပြန်လည် ပြည်ဝင်ခွင့် ဗီဇာ)သွားရ လုပ်ရပါမယ်၊ စာအုပ်ကို ရေမစိုအောင်၊ မပျောက်ပျက်အောင် ထိမ်းသိမ်းတာမျိုး၊ အခြား လူကို ငှါးရမ်းတာ မျိုးတွေ အစရှိသဖြင့် သိစရာတွေ အများကြီး လိုသေးတယ်ဗျ ။ ဒီစာအုပ်လုပ်ပြီး work permit လုပ်ရအုံးမယ်။ အယင် ဘတ်လုပ်သလို အဆင့်တွေ လုပ်ရအုံးမယ် ဆိုတာတွေ ပေါ့ဗျာ” ဟု ပြောဆို သွားသည်။

မြန်မာအစိုးရက နောက်ထပ် အလုပ်သမားအသစ် လူ၂သိန်းအား ယာယီပတ်စပို့ နယ်စပ်တွင် ထုတ်ပေးနိုင်ရန် အတွက် စီစဉ် ဆောင်ရွက်နေကြောင်း၊ နောင်လာမည့် ငါးနှစ်အတွင်း အာဆီယံအတွင်း လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်မည့် အနေအထားများ ရှိသဖြင့် အလုပ်သမားများ ပြဿနာများလည်း နည်းပါးသွားမည် ဖြစ်ကြောင်း အပြင် ထိုင်းနိုင်ငံအတွင်း လာရောက် အလုပ်လုပ်ကိုင် ကြသည့် နိုင်ငံခြားသား အလုပ်သမားများ အနေဖြင့် ထိုင်းနိုင်ငံ ဥပဒေများကို လိုက်နာပြီး နေထိုင် အလုပ်လုပ်ကိုင် ကြစေလိုကြောင်း ထိုင်းအလုပ်သမား ၀န်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်က ပြောဆိုသွားခဲ့သည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။

No comments:

Post a Comment