2.27.2010

မဟရင် မနေနိုင်တာကလွဲလို့ …မဖွရင် မနေနိုင်တာကလွဲလို့

 
စိန်အိုးစည်/ ၂၆ ဖေဖော်ဝါရီ ၂၀၁၀
၂၆/ ဖေဖော်ဝါရီ ၂၀၁၀
အိမ်သူသက်ထား ဇနီးမယား ကရားရေလွှတ် တတွတ်တွတ် မလုပ်အားသေးမီ အိမ်သာမှာ အချိန်ကြာ နေတုန်း သူမ၏ ဈေးပြန်ကြွပ်ကြွပ်အိတ်ထဲက ဘိန်းမုန့်တချပ်ကို ရွှေဂျိုးတယောက် ပါးစပ်ထဲသို့ ပလုတ် ပလောင်း ကောက်သွတ် လိုက်သည်။ ပြီးသည်နှင့် “မိန်းမရေ ကိုယ် လက်ဖက်ရည်ဆိုင် ခဏသွား လိုက်ဦးမယ်ကွာ” ဟု ချိုချိုသာသာ လှမ်းအော်နှုတ်ဆက်ကာ စက်ဘီးစုတ်လေးကို အလျင်အမြန် ကောက်ဆွဲ လိုက်သည်။ ထို့နောက် လှုပ်လီလှုပ်လဲ့ ဖင်ထိုင်ခုံလေးပေါ် ရွရွလေး တက်ခွကာ လေပုပ်ထုတ်ကုန်း လက်ဖက်ရည်ဆိုင်လေးဆီ ဖြည်းဖြည်းငြိမ့်ငြိမ့်လေး နင်းလာခဲ့သည်။
လေပုပ်ထုတ်ကုန်း လက်ဖက်ရည်ဆိုင်ရှေ့ရောက်တော့ ဒီနေ့လည်း ထူးခြားပြန်သည်ဟု ရွှေဂျိုးစိတ်ထဲ ရေရွတ်မိလိုက်သည်။ ခါတိုင်း ရွှေဂျိုးတို့ဝိုင်းဘေးတွင် အဖွဲ့ကျတတ်သည့် သတင်းသမား၊ အေအေပီပီ၊ အေဘီ၊ ဆေးဆရာပါ ပါသည့်အုပ်စုကို တယောက်တလေမျှ မတွေ့ရဘဲ လေအိုးတယောက်သာ ထိုင်နေကျ ၀ိုင်းတွင် စာရွက်လိပ်ကလေးကိုင်ရင်း ပြုံးဖြီးဖြီး ဆီးကြိုနေသည်ကို တွေ့ရ၍ဖြစ်သည်။ ရွှေဂျိုးတယောက် စက်ဘီး ဒေါက်ထောက်နေရင်းမှ မအောင့်နိုင်မအည်းနိုင် လေအိုးကို လှမ်းမေးလိုက်သည်။
ရွှေဂျိုး ။ ။ ဗျို့ … ကိုလေအိုး၊ ဟိုဘက်ဝိုင်းက ဆရာသမားတွေ ဒီနေ့ တယောက်မှ မတွေ့ပါလားဗျ။ တယ် ထူးဆန်းနေပါပေါ့လား။
လေအိုး ။ ။ မတွေ့ရတော့ နားမငြီးဘူးပေါ့ဗျာ။ ရှိနေရင် သူတို့အသံတွေချည်းပဲဥစ္စာ။ အခုတော့ လေအိုးနဲ့ ရွှေဂျိုးနှစ်ယောက်တည်း ဖရီးဒစ်စကတ်ရှင် လုပ်လို့ရတာပေါ့ဗျာ။ ဟား ဟား ဟား ဟား (ပြောရင်းဆိုရင်း လေအိုးတယောက် ပါးစပ်ကို လက်နှင့်အုပ်ပြီး ရယ်)။
ထိုစဉ် အဖျော်ဆရာလေး ပိုက်ထွေး၏ အသံ ကြားဖြတ်ဝင်လာသည်။
ပိုက်ထွေး ။ ။ မဟုတ်ဘူး အစ်ကိုရွှေဂျိုးရေ၊ သတင်းဆရာတွေက သတင်းညီလာခံရှိလို့တဲ့၊ ဆေးဆရာ တွေကတော့ ဆေးညီလာခံရှိလို့တဲ့။ ညီလာခံနှစ်ခုက ရက်တထပ်တည်းကျနေတယ်ဆိုလား ပြောနေသံ ကြားတယ်။ အဲဒါကြောင့် ပျောက်နေကြတာဖြစ်မယ်။
ပိုက်ထွေးပြောပြီးနောက် လေအိုးက အတည်ပေါက်နှင့် ပိုက်ထွေးဘက် လှည့်အော်သည်။
လေအိုး ။ ။ အေး … ပိုက်ထွေး မင်းချည်းပဲ ပြောတော့ကွာ။ ငါ မပြောတော့ဘူး။
ပိုက်ထွေးက လက်ဖက်ရည်ဖျော်ရင်းမှ ထွန်းအိန္ဒြာဗိုအလိုက်လေးနှင့် လေအိုးကို ပြန်နောက်နေသည်။
ပိုက်ထွေး ။ ။ ဟား ဟား ဟား အစ်ကိုလေအိုးကလည်းဗျာ စိတ်ကြီးလှချည်လား။ “မပြောရင် မနေနိုင်တာကလွဲလို့ … မပြောရင် မနေနိုင်တာက လွဲ…လို့ အို ဟို ဟို့”
ရွှေဂျိုးက ထိုင်နေကျခုံမှာ ၀င်ထိုင်ရင်း ပိုက်ထွေးကို တောင်းတောင်းပန်ပန် လှမ်းပြောလိုက်သည်။
ရွှေဂျိုး ။ ။ တော်ပါတော့ ပိုက်ထွေးရာ၊ ကျက်သရေ မင်္ဂလာရှိတဲ့ မနက်ခင်းလေးကို မင်းအသံကြီးနဲ့ မဖျက်ဆီး စမ်းပါနဲ့။ လုပ်စမ်းပါဦး ရေနွေး (အဲ …) လက်ဖက်ရည်တခွက်လောက်ကွာ။
ထို့နောက် ဘေးဝိုင်းက ဆရာသမားတွေ ပျောက်ဆုံးနေမှုကို အတိအကျ သိနိုင်ရန် လေအိုးဘက်သို့ ရွှေဂျိုး ပြန်လှည့်လိုက်သည်။
ရွှေဂျိုး ။ ။ လုပ်စမ်းပါဦး ကိုလေအိုး၊ ခင်ဗျားက ပိုသိမှာပေါ့။ ဒီနယ်မြေမှာ ကိုလေအိုး မသိတာ မရှိ သလောက်ပဲဟာ၊ အကျယ်တ၀င့်လေး လင်းစမ်းပါဦးဗျ။
လေအိုး ။ ။ ဘာကို လင်းရဦးမှာလဲ၊ ခုနက ပိုက်ထွေးပြောတာ ဟုတ်နေတာပဲ။ ဒီထက် ဘာပို သိချင်သေးလို့လဲ။
ရွှေဂျိုး ။ ။ ဒီလိုလေ ကိုလေအိုးရာ၊ သတင်းသမားတွေ၊ ဆေးဆရာတွေက ညီလာခံတွေ ကိုယ်စီရှိလို့ ပျောက်နေကြတာ ဟုတ်ပါပြီ။ ဒါနဲ့ အေအေပီပီနဲ့ အေဘီတွေကရောဗျ။
လေအိုး ။ ။ ဟ … ကိုရွှေဂျိုးနဲ့တော့ ခက်နေပါပြီ၊ ဒီမှာက သတင်းသမားရယ်၊ အေအေပီပီရယ်၊ အေဘီရယ်၊ ဆေးဆရာရယ်ဆိုပေမယ့် တယောက်ကို အတွင်းခံ (အဲ …) ဦးထုပ်နှစ်လုံး၊ သုံးလုံးစွပ်ထားကြတဲ့ ရောသမမွှေ တွေချည်းပဲဟာ။ အေအေပီပီနဲ့ အေဘီတွေလည်း ညီလာခံထဲ ရောက်ချင်ရောက် နေကြမှာပေါ့ဗျ။ ဒါတွေ ထားလိုက်စမ်းပါဗျာ။ အရေးကြီးတာက နားအေးပါးအေးရှိဖို့ပဲမဟုတ်လားဗျ ဟား ဟား ဟား ဟား။
ရွှေဂျိုး ။ ။ ဟား ဟား ဟုတ်ပါပြီ ကိုလေအိုး၊ ခင်ဗျားလင်းမှပဲ ပိုရှင်းသွားပါပြီ။ ဒါနဲ့ ခင်ဗျားလက်ထဲ ဘာ အလိပ်ကြီး ကိုင်ထားတာလဲဗျ။
လေအိုး ။ ။ အေး … ကျုပ်ကလည်း ဒီအလိပ်ထဲက သတင်းထူး သတင်းဦးအကြောင်း ခင်ဗျားနဲ့ ဆွေးနွေးဖို့ အိမ်ကနေ ပရင့်အောက်ထုတ်လာတာဗျ။ သတင်းက ပျောက်နေတဲ့ ဟိုဘက်ဝိုင်းက ဆရာသမား တွေနဲ့လည်း ပတ်သက်နေတယ်ဗျ။
ရွှေဂျိုး ။ ။ ဟာ ဟုတ်လား၊ ဘယ်လိုပတ်သက်တာလဲ၊ ဘာသတင်းမို့လဲဗျ။ လုပ်စမ်းပါဦး၊ မြန်မြန်လေး ဖတ်ပြစမ်းပါဦးဗျ။
လေအိုး ။ ။ ဟိုတနေ့က ခင်ဗျားကို ကျုပ်ပြောသလို တတုံးစားလည်း မမှတ်၊ နှစ်တုံးစားလည်း မမှတ်ဆို တဲ့သူတွေ အကြောင်းပေါ့ ကိုရွှေဂျိုးရာ။ အခုဟာက သန်းရွှေကြီး ကျွေးမယ့်အတုံးကို စားချင်လွန်းနေတဲ့ ပြည်တွင်းက ဦးသုဝေနဲ့ ဒေါက်တာ ခင်ဇော်ဝင်းတို့က ပြည်ပက လူတွေပါ အတူတကွ သုံးဆောင်ကြပါဆိုတဲ့ အထာနဲ့ မြန်မာသတင်းသမဂ္ဂညီလာခံမှာ သေဖော်လာညှိတဲ့ သတင်းဗျ။ ခေတ်ပြိုင်မှာက အဲဒီသတင်းကို “ရွေးကောက်ပွဲသည် စစ်တပ်က စနစ်တကျ တပ်ဆုတ်ခြင်းဖြစ်ဟု ဦးသုဝေ သုံးသပ်” ဆိုတဲ့ ခေါင်းစီးနဲ့ ဖော်ပြထားတယ်။ အဲ … ဧရာဝတီမှာကတော့ “ရွေးကောက်ပွဲဝင်ကြရန် နိုင်ငံရေးသမား (၂) ဦး ပြည်ပတွင် တိုက်တွန်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြထားသဗျ။
ရွှေဂျိုး ။ ။ ဟ … သူတို့က ပိုင်လှချည်လားဗျ။ မြန်မာ့သတင်းသမဂ္ဂညီလာခံ စင်မြင့်ပေါ်တောင် တက်ပြောရဲရလောက်အောင် ဒီပုဂ္ဂိုလ် (၂) ဦးက ဘယ်လိုသတ္တိထူးတွေများ ပိုင်ဆိုင်နေလို့လဲ။ ပြန်သွားရင် ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တယ်ဆိုပြီး အဖမ်းမခံရနိုင်ဘူးလားဗျ ကိုလေအိုး။
လေအိုး ။ ။ ဘာပိုင်ရမှာလဲဗျာ။ သန်းရွှေတို့က လွှတ်ပြီး သူတို့လုပ်မယ့် ရွေးကောက်ပွဲအတွက် ပွဲစားလုပ်ခိုင်းလို့နေမှာပေါ့။ မဟုတ်ရင်တော့လား မင်္ဂလာဒုံလေဆိပ်မှာတင် ဒင်းတို့ ဆွဲစေ့ခံရတာ ကြာလှ နေမှာပေါ့။ နွားတွေလုပ်မယ့် ရွေးကောက်ပွဲအတွက် လော်ဘီလာလုပ်တာဆိုတော့ နွားပွဲစားတွေလို့ ပြောရင် လည်း ရသပေါ့ဗျာ။ ဟား ဟား ဟား ဟား။
ရွှေဂျိုး ။ ။ အိုကေ သူတို့နှစ်ယောက်က သန်းရွှေတို့ လွှတ်လို့ လာတာတော့ ဟုတ်ပါပြီ။ ဒီဘက် သတင်း သမဂ္ဂက အမောင်ယောင်တောင်တောင် (အဲ …) ကိုယ်တော်ချောတွေကရော ဘာဖြစ်လို့ စင်မြင့်ပေါ် ပေးတက်ရတာလဲဗျ။ သူတို့ကပါ အလိုတူ အလိုပါ ဖြစ်နေလို့လား။ သူတို့ရော စားချင်နေကြပြီလား။ ရှုပ်ရှုပ်ယှက်ယှက် တော်တော်လုပ်တဲ့ လူတွေဗျာ။
လေအိုး ။ ။ ဟိုးထား ဟိုးထား အဲဒီကိစ္စကတော့ အပြောမစောနဲ့ဦးဗျို့။ အသေးစိတ်ကို ဟိုဘက်ဝိုင်းက ပျောက်စေဆရာတွေ ပြန်ရောက်လာမှ စပ်စုကြည့်ရမယ်ဗျ။ ခေတ်ပြိုင်မှာ ဖတ်ရသလောက်ကတော့ “ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပသည့် သတ္တမအကြိမ်မြောက် မြန်မာသတင်းသမဂ္ဂ၏ မီဒီယာ ညီလာခံတွင် ဗွီအိုအေအသံလွှင့်ဌာနမှ ပြုလုပ်သော မြန်မာ့နိုင်ငံရေးနှင့် ၂၀၁၀ ရွေးကောက်ပွဲအစီအစဉ်၌ ပြောကြားသွားခြင်းဖြစ်သည်” လို့ ရေးထားသဗျ။
ရွှေဂျိုး ။ ။ အော် ဒါဆို ကိုကျော်ဇံသာတို့ ဗွီအိုအေက ပွဲဆူအောင် မြန်မာသတင်းသမဂ္ဂညီလာခံကို ခုတုံး ၀င်လုပ်တဲ့ သဘောပေါ့ဗျ။
လေအိုး ။ ။ ပွဲဆူအောင် လုပ်မလုပ် ဒီမှာ ဓာတ်ပုံကြည့်ဗျို့။ စင်ပေါ်မှာ မိန့်မိန့်ကြီးတွေ ထိုင်နေလိုက်ကြတာ၊ ပုံကြီးတွေကို ပြူးနေတာပဲ။ ဟား ဟား ဟား ဟား။
လေအိုးလက်ထဲမှ စာရွက်ကို ရွှေဂျိုး အလျင်အမြန် ယူကြည့်လိုက်သည်။
ရွှေဂျိုး ။ ။ ဟုတ်ပါရဲ့ဗျာ။ ကိုသန်းလွင်ထွန်းနဲ့ ကိုကျော်ဇံသာတို့က ငါတို့တော့ ပွဲပဲဆိုတဲ့ မျက်နှာပေါက်တွေနဲ့ ထိုင်နေကြပါလားဗျ။ အံမယ် အံမယ် အန်စီယူဘီက ကိုမောင်မောင်ရော ပါတာကိုးဗျ။ ဟိုဘက်က ထိပ်ပြောင်ပြောင် မျက်မှန်နဲ့က ကိုမောင်မောင်မြင့် မဟုတ်လားဗျာ။ သန်းရွှေကြီးကတောင် ရွေးကောက်ပွဲ လုပ်မယ့်နေ့ကို မကြေညာရဲသေးဘူး။ ဒီလူတွေက ဘယ်လိုဖြစ်လို့ ရွပိုးထိုးနေကြတာလဲဗျ။ ကျုပ်တို့ ပြည်သူတွေ ခေါင်းထဲ ရှင်းနေပြီးသားကိစ္စကို ဒီလူတွေက ရှုပ်အောင် လုပ်ချင်နေတဲ့ သဘောလားဗျာ။ ဟိုတလောလေးကတင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က အန်အယ်လ်ဒီ ရွေးကောက်ပွဲဝင်မ၀င် ဆုံးဖြတ်ရန် အချိန်မရောက်သေးလို့ ပြောပြီးပြီပဲဥစ္စာ။ အန်အယ်လ်ဒီလို ပါတီကြီး ကတောင် ဘာသံမှမဟသေးတာ ငမြောက်ငခြောက်တွေ လာအော်တာကို အရေးလုပ်စရာလားဗျ။ ခက်တယ်ဗျာ ဒီလူတွေနဲ့တော့ ခက်တယ် ခက်တယ်။
လေအိုး ။ ။ ဒီလိုနေမှာပေါ့ ကိုရွှေဂျိုး၊ ခုနက ပိုက်ထွေး ဆိုပြတဲ့ ထွန်းအိန္ဒြာဗိုအလိုက်လေးလို နေမှာပေါ့။ ဦးသုဝေနဲ့ ဒေါက်တာခင်ဇော်ဝင်းတို့က “မဟရင် မနေနိုင်တာကလွဲလို့” ပေါ့၊ ပါးစပ်လေ ပါးစပ် အဟဲ သန်းရွှေကျွေးမယ့် အတုံးကို အဆင်သင့် စားဖို့ ၀ါးဖို့၊ ကိုသန်းလွင်ထွန်းနဲ့ ကိုကျော်ဇံသာတို့ကတော့ “မဖွရင် မနေနိုင်တာကလွဲလို့” ဖြစ်မှာပေါ့၊ ပွဲဆူအောင်လို့လေ။ ဟား ဟား ဟား ဟား တကယ့်အီးမရှင်းတွေပါပဲဗျာ။
ပြောပြောဆိုဆို လေအိုးက “မဟရင် မနေနိုင်တာက လွဲလို့ … မဖွရင် မနေနိုင်တာကလွဲလို့” ဟူသည့် သီချင်းစာသားလေးကို ပါးစပ်က ညည်းဆိုရင်း စက်ဘီးပေါ်တက်ကာ ထွက်ခွာသွားသကဲ့သို့ ရွှေဂျိုးကတော့ ကြောင်ပြေးသည့်အလား ဆိုင်နောက်ဖေးသို့ ဖော့ဖော့ကလေး သုတ်ခြေတင်သွားလေသည်တကား။ ။

No comments:

Post a Comment