2.19.2010

ကင်တားနား ၅ရက် ခရီးနှင့် ကုလသမဂ္ဂ၏ အခန်းကဏ္ဍ(သတင်း သုံးသပ်ချက်)

ဖေဖေါ်ဝါရီ ၁၉၊ ရန်ကုန်။
Photobucket
မစ္စတာ ကင်တားနား ရန်ကုန်လေဆိပ်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်
မြန်မာနိုင်ငံသို့ ၅ရက်ကြာ သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက ယနေ့ညနေပိုင်း မြန်မာနိုင်ငံက ဘန်ကောက်သို့ မထွက်ခွာခင် ရန်ကုန် လေဆိပ်မှာ ကျင်းပတဲ့ သတင်းစာ ကွန်ဖရင့်တခုမှာ သတင်းသမားတွေနဲ့ သတင်းစာ ရှင်းလင်းပွဲတခု ပြုလုပ်ခဲ့ပါတယ်။
အဲဒီ သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ ကင်တားနားက သူ့အနေနဲ့ ယခုခရီးစဉ် အတွင်းမှာ ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ အထူး အလေးထား တောင်းဆိုခဲ့ပေမယ့်။ တွေ့ခွင့်မရတဲ့ အတွက် အလွန်အမင်း စိတ်ပျက် ရကြောင်း ပြောဆိုခဲ့ပါတယ်။ အခုလို မြန်မာနိုင်ငံအတွက် အရေးကြီးနေတဲ့ကာလမှာ သူမနဲ့ တွေ့ဆုံ ခွင့် မရခဲ့တာနဲပါတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ အခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင်နိုင်ခွင့် ရမယ့် အရိပ်အယောင်ကို မတွေ့မြင်ခဲ့ရသလို နှစ် နှစ်ဆယ်အတွင်းမှာ ထပ်မံကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားမျှတစွာ ကျင်းပနိုင်မယ့် အရိပ်အယောင် မတွေ့ဘူးလို့ သတင်းထောက်တွေကို ပြောပြပါတယ်။
တကယ်လို့များ သူ့ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပြုခဲ့မယ် ဆိုရင် စစ်အုပ်စုအနေနဲ့ နိုင်ငံတကာရဲ့ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေအရ သူတို့ဟာ အပြုသဘောဆောင်တဲ့ ဆောင်ရွက်ချက်တွေကို လုပ်ဆောင် နေတယ်လို့ သက်သေ ပြနိုင်ခဲ့မယ်လို့လဲ ကင်တားနားက ပြောခဲ့ပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် မြန်မာစစ်အာဏာပိုင် တွေနဲ့ တွေ့ဆုံခဲ့ရာမှာ သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးဖို့ တိုက်တွန်း တောင်းဆိုခဲ့တယ်လို့လဲ သတင်းထောက်တွေကို ပြောပြပါတယ်။
ထို့အတူပဲ မြန်မာ စစ်အုပ်စုတွေအနေနဲ့ နိုင်ငံရေးအကျဉ်းသား ၂၂၀၀ ကိုလဲ ရွေးကောက်ပွဲ မတိုင်ခင် လွှတ်ပေးမယ့် အရိပ်အယောင်နဲ့ ပါဝင်ပါတ်သက်ခွင့် ပြုမယ့် သဘောထားကို မပြခဲ့လို့ ပြည်သူလူထုတွေ မဲပေးကြရမယ့် လာမယ့်ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိပါတယ်ဆိုတဲ့ ဘယ်လို အပြုသဘောဆောင်တဲ့ လုပ်ရပ် ကိုမှ မမြင်တွေ့ ခဲ့ရဘူးလို့ ဆိုပါတယ်။
သူက ဆက်လက်ပြောပြရာမှာ သူ့အနေနဲ့ အခု ၅ရက် ခရီးစဉ်အတွင်း နိုင်ငံရေးလှုပ်ရှားသူတွေ၊ သတင်းထောက် တွေနဲ့ ရှမ်းပြည်နယ်ရဲ့ ထင်ရှားတဲ့ ခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေး အကျဉ်းသား ၁၅ဦးကို တွေ့ဆုံခဲ့ရ တယ်လို့ ဆိုပါတယ်။
သူတွေ့ခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲမှာ ထောင်ဒဏ် ၆၅နှစ် အထိ ချမှတ် ခံခဲရတဲ့ နိုင်ငံရေး အကျဉ်းသား တချို့လဲ ပါဝင်တယ်လို့ ပြောပြပါတယ်။ အဲဒီကာလမှာပဲ အချို့ နိုင်ငံရေး အကျဉ်းသားတွေဟာ ဝေးလံတဲ့ ထောင် တွေကို ရွှေ့ပြောင်းခြင်း ခံခဲ့ရတယ်လို့လဲ ပြောပြခဲ့ပါတယ်။
သူက ရခိုင်ဒေသကို ၂ရက်ကြာ သွားရောက်ခဲ့ပြီးတော့ အဲဒီဒေသမှာရှိတဲ့ မူဆလင် ဘာသာဝင် တွေနဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပြီး သူတို့တွေကို စစ်အုပ်စုက ခွဲခြားဖိနှိပ်နေမှုတွေနဲ့ ပါတ်သက်ပြီးလဲ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
သူဟာ နေပြည်တော်ကိုလဲ သွားရောက်ခဲ့ပြီး နအဖ ပြည်ထဲရေးဝန်ကြီးနဲ့ အလုပ်သမားဝန်ကြီး အပါအဝင် အရေးကြီးတဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ရပေမယ့် ဦးသန်းရွှေနဲ့တော့ တွေ့ဆုံခဲ့ရခြင်း မရှိပါဘူး။
ဒါပေမယ့်သူဟာ ဦးတင်ဦး၊ ဦးဝင်းတင်နဲ့ ဦးခင်မောင်ဆွေတို့ပါဝင်တဲ့ NLD ရဲ့ CEC တွေနဲ့တော့ တွေ့ဆုံခွင့် ရခဲ့ပါတယ်။ အဲဒီလို တွေ့ဆုံခဲ့ရာမှာလဲ NLD ရဲ့ CEC တွေက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ လိုအပ် ကြောင်းနဲ့ ရွေးကောက်ပွဲကို ကျင်းပမယ်ဆိုရင် လိုအပ်တဲ့ တရားမျှတတဲ့ အခြေခံအချက်တွေကို သူ့ကို ရှင်းလင်း ပြောပြခဲ့ကြပါတယ်။
Photobucket
မစ္စတာ ကင်တားနားနှင့် တွေ့ဆုံအပြီး NLD ဒုဥက္ကဌ
ဦးတင်ဦးအား သတင်းထောက်များ မေးမြန်းနေစဉ်
ILO ရဲ့တာဝန်ရှိသူရဲ့ ခရီးစဉ်နဲ့ သိပ်မကြာခင်မှာ လာရောက်ခဲ့တဲ့ မစ္စတာ ကင်တားနားတို့ နှစ်ဦးစလုံးဟာ မြန်မာနိုင်ငံက အလုပ်သမားတွေရဲ့ အလုပ်သမား အခွင့်အရေး တောင်းဆိုနေမှုတွေကို ကြုံတွေ့ခဲ့ရပါတယ်။ ဒါ့ အပြင် အကျဉ်းထောင်ထဲက နိုင်ငံရေး အကျဉ်းသားတွေက မစ္စတာကင်တားနား မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ရက်မှာပဲ အကျဉ်းသားတွေရဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေရတာနဲ့ ပါတ်သက်ပြီး တောင်းဆိုခဲ့ကြပါတယ်။ ထောင်ကျ ခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အနေနဲ့ အခုလို တောင်းဆိုမှုပြုရတာ ဘယ်လောက် အန္တရာယ် များပြီး အခက်အခဲတွေ ရှိလိမ့်မယ်ဆိုတာ မြန်မာနိုင်ငံကို တတိယ အကြိမ်မြောက် လာရောက်ခဲ့ပြီး လာရောက် တိုင်းလဲ နိုင်ငံရေး အကျဉ်းသားတွေကို တွေ့ဆုံလေ့ရှိတဲ့ မစ္စတာကင်တားနားကတော့ နားလည် သဘောပေါက် လိမ့်မယ်လို့ ယူဆပါတယ်။ ဒါပေမယ့် မစ္စတာ ကင်တားနားက သူရဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲင်္ဒီ အကြောင်း ဘာမှာ ထုတ်ဖေါ် ပြောဆိုသွားခဲ့ခြင်း မရှိသေးပါဘူး။
ILO ကတာဝန်ရှိသူ အနေနဲ့ သူတောင်းဆိုခဲ့တဲ့ ILO ကိုတိုင်တန်းလို့ မတရားအမှုဆင် ထောင်ချခံထားရတဲ့ လယ်သမားတွေကို လွတ်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် မစ္စတာ ကင်တားနား အနေနဲ့ကတော့ မြန်မာ နိုင်ငံရဲ့ လက်ရှိအခြေအနေအတွက် အရေးပါတဲ့ လူနှစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသန်းရွှေ နှစ်ယောက်စလုံးကို တွေ့ဆုံနိုင်ခွင့်မရခဲ့သလို ဘာသဘောတူညီချက်၊ ဘယ်လိုရှင်းလင်းချက်ကိုမှ ပြန်လည် ယူဆောင် လာနိုင်ခဲ့တယ်လို့ ပြောပြနိုင် ခဲ့ခြင်း မရှိပါဘူး။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကိုယ်တိုင်လဲ သူ့ရဲ့ မြန်မာပြည် ခရီးစဉ်တုန်းက ဗိုလ်ချုပ် မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံခွင့် မရခဲ့လို့ မစ္စတာကင်တားနားရဲ့ ခရီးစဉ်ဟာ မအောင်မြင်ဘူးလို့ ပြောလို့မရပေမယ့် မြန်မာနိုင်ငံနဲ့ ပါတ်သက်ပြီး ကုလသမဂ္ဂရဲ့ အရေးပါမှုကိုတော့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
တိုင်းရင်းသား လူမျိုးစုတွေ အပါအဝင် အတိုက်အခံ နိုင်ငံရေးသမားတွေနဲ့ အကဲခတ်တွေရဲ့ သုံးသပ်ချက်တွေ အရ အတိုက်အခံတွေရဲ့ လိုလားချက်တွေကို အကောင်အထည် ဖေါ်ပေးနိုင်မယ့် သူဟာ ဒေါ်အောင်ဆန်း စုကြည် ဖြစ်ပြီး၊ လက်ရှိ နအဖရဲ့ ပေါ်လစီတွေနဲ့ ပါတ်သက်ပြီး အဆုံးအဖြတ် ပေးနိုင်သူဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဗိုလ်ချုပ်ကြီးမောင်အေးတို့သာ ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။
အဲဒီလို အဆုံးအဖြတ် ပေးနိုင်မယ့် သူတွေရဲ့ အဆိုပြုချက်တွေကို သယ်ဆောင်လာနိုင်ခြင်း မရှိရုံမျှမက ဘယ်သူ နဲ့မှ တွေ့ဆုံခွင့် မရခဲ့တဲ့ ကင်တားနားရဲ့ ခရီးစဉ်ဟာ အောင်မြင်မှု ရရှိခဲ့တယ်လို့ ဘယ်လိုမှ ပြောလို့ မရဘူးလို့ ပြောကြပါတယ်။
ဒါပေမယ့် ကင်တားနားကတော့ သူ့ရဲ့ သတင်းစာရှင်းလင်းပွဲရဲ့ နိဂုံးမှာ ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့ ခရီးစဉ်ကို ခွင်ြ့ပု ခဲ့တဲ့ နအဖကို ကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။
မစ္စတာကင်တားနား၊ မစ္စတာ ဂမ်ဘာရီနဲ့ ကုလအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းတို့ရဲ့ မြန်မာပြည် ခရီးစဉ် တွေ အတွင်း ဘာတွေ အောင်မြင်မှုတွေ ရခဲ့သလဲဆိုတာရယ်နဲ့ ၊ မြန်မာနိုင်ငံနဲ့ ပါတ်သက်ပြီး ကုလသမဂ္ဂ ရဲ့ အရေးပါမှု အခန်းကဏ္ဍကိုတော့ မေးခွန်းထုတ်စရာတွေ များစွာရှိနေပါတယ်လို့ တင်ပြလိုက်ရပါတယ်။

ရွှေဝါရောင်သတင်းလွှာ၏
ပြည်တွင်း သတင်းထောက်ပေးပို့လာသော
သတင်းဆောင်းပါးကို
Saffron News Letter မှ သုံးသပ်တင်ပြထားပါသည်။

No comments:

Post a Comment