Showing posts with label သူတို့အတွေး သူတို့အမြင်. Show all posts
Showing posts with label သူတို့အတွေး သူတို့အမြင်. Show all posts

2.19.2010

ကင်တားနား ၅ရက် ခရီးနှင့် ကုလသမဂ္ဂ၏ အခန်းကဏ္ဍ(သတင်း သုံးသပ်ချက်)

ဖေဖေါ်ဝါရီ ၁၉၊ ရန်ကုန်။
Photobucket
မစ္စတာ ကင်တားနား ရန်ကုန်လေဆိပ်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်
မြန်မာနိုင်ငံသို့ ၅ရက်ကြာ သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက ယနေ့ညနေပိုင်း မြန်မာနိုင်ငံက ဘန်ကောက်သို့ မထွက်ခွာခင် ရန်ကုန် လေဆိပ်မှာ ကျင်းပတဲ့ သတင်းစာ ကွန်ဖရင့်တခုမှာ သတင်းသမားတွေနဲ့ သတင်းစာ ရှင်းလင်းပွဲတခု ပြုလုပ်ခဲ့ပါတယ်။
အဲဒီ သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ ကင်တားနားက သူ့အနေနဲ့ ယခုခရီးစဉ် အတွင်းမှာ ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ အထူး အလေးထား တောင်းဆိုခဲ့ပေမယ့်။ တွေ့ခွင့်မရတဲ့ အတွက် အလွန်အမင်း စိတ်ပျက် ရကြောင်း ပြောဆိုခဲ့ပါတယ်။ အခုလို မြန်မာနိုင်ငံအတွက် အရေးကြီးနေတဲ့ကာလမှာ သူမနဲ့ တွေ့ဆုံ ခွင့် မရခဲ့တာနဲပါတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ အခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင်နိုင်ခွင့် ရမယ့် အရိပ်အယောင်ကို မတွေ့မြင်ခဲ့ရသလို နှစ် နှစ်ဆယ်အတွင်းမှာ ထပ်မံကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားမျှတစွာ ကျင်းပနိုင်မယ့် အရိပ်အယောင် မတွေ့ဘူးလို့ သတင်းထောက်တွေကို ပြောပြပါတယ်။
တကယ်လို့များ သူ့ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပြုခဲ့မယ် ဆိုရင် စစ်အုပ်စုအနေနဲ့ နိုင်ငံတကာရဲ့ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေအရ သူတို့ဟာ အပြုသဘောဆောင်တဲ့ ဆောင်ရွက်ချက်တွေကို လုပ်ဆောင် နေတယ်လို့ သက်သေ ပြနိုင်ခဲ့မယ်လို့လဲ ကင်တားနားက ပြောခဲ့ပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် မြန်မာစစ်အာဏာပိုင် တွေနဲ့ တွေ့ဆုံခဲ့ရာမှာ သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးဖို့ တိုက်တွန်း တောင်းဆိုခဲ့တယ်လို့လဲ သတင်းထောက်တွေကို ပြောပြပါတယ်။
ထို့အတူပဲ မြန်မာ စစ်အုပ်စုတွေအနေနဲ့ နိုင်ငံရေးအကျဉ်းသား ၂၂၀၀ ကိုလဲ ရွေးကောက်ပွဲ မတိုင်ခင် လွှတ်ပေးမယ့် အရိပ်အယောင်နဲ့ ပါဝင်ပါတ်သက်ခွင့် ပြုမယ့် သဘောထားကို မပြခဲ့လို့ ပြည်သူလူထုတွေ မဲပေးကြရမယ့် လာမယ့်ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိပါတယ်ဆိုတဲ့ ဘယ်လို အပြုသဘောဆောင်တဲ့ လုပ်ရပ် ကိုမှ မမြင်တွေ့ ခဲ့ရဘူးလို့ ဆိုပါတယ်။
သူက ဆက်လက်ပြောပြရာမှာ သူ့အနေနဲ့ အခု ၅ရက် ခရီးစဉ်အတွင်း နိုင်ငံရေးလှုပ်ရှားသူတွေ၊ သတင်းထောက် တွေနဲ့ ရှမ်းပြည်နယ်ရဲ့ ထင်ရှားတဲ့ ခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေး အကျဉ်းသား ၁၅ဦးကို တွေ့ဆုံခဲ့ရ တယ်လို့ ဆိုပါတယ်။
သူတွေ့ခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲမှာ ထောင်ဒဏ် ၆၅နှစ် အထိ ချမှတ် ခံခဲရတဲ့ နိုင်ငံရေး အကျဉ်းသား တချို့လဲ ပါဝင်တယ်လို့ ပြောပြပါတယ်။ အဲဒီကာလမှာပဲ အချို့ နိုင်ငံရေး အကျဉ်းသားတွေဟာ ဝေးလံတဲ့ ထောင် တွေကို ရွှေ့ပြောင်းခြင်း ခံခဲ့ရတယ်လို့လဲ ပြောပြခဲ့ပါတယ်။
သူက ရခိုင်ဒေသကို ၂ရက်ကြာ သွားရောက်ခဲ့ပြီးတော့ အဲဒီဒေသမှာရှိတဲ့ မူဆလင် ဘာသာဝင် တွေနဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပြီး သူတို့တွေကို စစ်အုပ်စုက ခွဲခြားဖိနှိပ်နေမှုတွေနဲ့ ပါတ်သက်ပြီးလဲ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
သူဟာ နေပြည်တော်ကိုလဲ သွားရောက်ခဲ့ပြီး နအဖ ပြည်ထဲရေးဝန်ကြီးနဲ့ အလုပ်သမားဝန်ကြီး အပါအဝင် အရေးကြီးတဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ရပေမယ့် ဦးသန်းရွှေနဲ့တော့ တွေ့ဆုံခဲ့ရခြင်း မရှိပါဘူး။
ဒါပေမယ့်သူဟာ ဦးတင်ဦး၊ ဦးဝင်းတင်နဲ့ ဦးခင်မောင်ဆွေတို့ပါဝင်တဲ့ NLD ရဲ့ CEC တွေနဲ့တော့ တွေ့ဆုံခွင့် ရခဲ့ပါတယ်။ အဲဒီလို တွေ့ဆုံခဲ့ရာမှာလဲ NLD ရဲ့ CEC တွေက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ လိုအပ် ကြောင်းနဲ့ ရွေးကောက်ပွဲကို ကျင်းပမယ်ဆိုရင် လိုအပ်တဲ့ တရားမျှတတဲ့ အခြေခံအချက်တွေကို သူ့ကို ရှင်းလင်း ပြောပြခဲ့ကြပါတယ်။
Photobucket
မစ္စတာ ကင်တားနားနှင့် တွေ့ဆုံအပြီး NLD ဒုဥက္ကဌ
ဦးတင်ဦးအား သတင်းထောက်များ မေးမြန်းနေစဉ်
ILO ရဲ့တာဝန်ရှိသူရဲ့ ခရီးစဉ်နဲ့ သိပ်မကြာခင်မှာ လာရောက်ခဲ့တဲ့ မစ္စတာ ကင်တားနားတို့ နှစ်ဦးစလုံးဟာ မြန်မာနိုင်ငံက အလုပ်သမားတွေရဲ့ အလုပ်သမား အခွင့်အရေး တောင်းဆိုနေမှုတွေကို ကြုံတွေ့ခဲ့ရပါတယ်။ ဒါ့ အပြင် အကျဉ်းထောင်ထဲက နိုင်ငံရေး အကျဉ်းသားတွေက မစ္စတာကင်တားနား မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ရက်မှာပဲ အကျဉ်းသားတွေရဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေရတာနဲ့ ပါတ်သက်ပြီး တောင်းဆိုခဲ့ကြပါတယ်။ ထောင်ကျ ခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အနေနဲ့ အခုလို တောင်းဆိုမှုပြုရတာ ဘယ်လောက် အန္တရာယ် များပြီး အခက်အခဲတွေ ရှိလိမ့်မယ်ဆိုတာ မြန်မာနိုင်ငံကို တတိယ အကြိမ်မြောက် လာရောက်ခဲ့ပြီး လာရောက် တိုင်းလဲ နိုင်ငံရေး အကျဉ်းသားတွေကို တွေ့ဆုံလေ့ရှိတဲ့ မစ္စတာကင်တားနားကတော့ နားလည် သဘောပေါက် လိမ့်မယ်လို့ ယူဆပါတယ်။ ဒါပေမယ့် မစ္စတာ ကင်တားနားက သူရဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲင်္ဒီ အကြောင်း ဘာမှာ ထုတ်ဖေါ် ပြောဆိုသွားခဲ့ခြင်း မရှိသေးပါဘူး။
ILO ကတာဝန်ရှိသူ အနေနဲ့ သူတောင်းဆိုခဲ့တဲ့ ILO ကိုတိုင်တန်းလို့ မတရားအမှုဆင် ထောင်ချခံထားရတဲ့ လယ်သမားတွေကို လွတ်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် မစ္စတာ ကင်တားနား အနေနဲ့ကတော့ မြန်မာ နိုင်ငံရဲ့ လက်ရှိအခြေအနေအတွက် အရေးပါတဲ့ လူနှစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသန်းရွှေ နှစ်ယောက်စလုံးကို တွေ့ဆုံနိုင်ခွင့်မရခဲ့သလို ဘာသဘောတူညီချက်၊ ဘယ်လိုရှင်းလင်းချက်ကိုမှ ပြန်လည် ယူဆောင် လာနိုင်ခဲ့တယ်လို့ ပြောပြနိုင် ခဲ့ခြင်း မရှိပါဘူး။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကိုယ်တိုင်လဲ သူ့ရဲ့ မြန်မာပြည် ခရီးစဉ်တုန်းက ဗိုလ်ချုပ် မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံခွင့် မရခဲ့လို့ မစ္စတာကင်တားနားရဲ့ ခရီးစဉ်ဟာ မအောင်မြင်ဘူးလို့ ပြောလို့မရပေမယ့် မြန်မာနိုင်ငံနဲ့ ပါတ်သက်ပြီး ကုလသမဂ္ဂရဲ့ အရေးပါမှုကိုတော့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
တိုင်းရင်းသား လူမျိုးစုတွေ အပါအဝင် အတိုက်အခံ နိုင်ငံရေးသမားတွေနဲ့ အကဲခတ်တွေရဲ့ သုံးသပ်ချက်တွေ အရ အတိုက်အခံတွေရဲ့ လိုလားချက်တွေကို အကောင်အထည် ဖေါ်ပေးနိုင်မယ့် သူဟာ ဒေါ်အောင်ဆန်း စုကြည် ဖြစ်ပြီး၊ လက်ရှိ နအဖရဲ့ ပေါ်လစီတွေနဲ့ ပါတ်သက်ပြီး အဆုံးအဖြတ် ပေးနိုင်သူဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဗိုလ်ချုပ်ကြီးမောင်အေးတို့သာ ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။
အဲဒီလို အဆုံးအဖြတ် ပေးနိုင်မယ့် သူတွေရဲ့ အဆိုပြုချက်တွေကို သယ်ဆောင်လာနိုင်ခြင်း မရှိရုံမျှမက ဘယ်သူ နဲ့မှ တွေ့ဆုံခွင့် မရခဲ့တဲ့ ကင်တားနားရဲ့ ခရီးစဉ်ဟာ အောင်မြင်မှု ရရှိခဲ့တယ်လို့ ဘယ်လိုမှ ပြောလို့ မရဘူးလို့ ပြောကြပါတယ်။
ဒါပေမယ့် ကင်တားနားကတော့ သူ့ရဲ့ သတင်းစာရှင်းလင်းပွဲရဲ့ နိဂုံးမှာ ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့ ခရီးစဉ်ကို ခွင်ြ့ပု ခဲ့တဲ့ နအဖကို ကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။
မစ္စတာကင်တားနား၊ မစ္စတာ ဂမ်ဘာရီနဲ့ ကုလအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းတို့ရဲ့ မြန်မာပြည် ခရီးစဉ် တွေ အတွင်း ဘာတွေ အောင်မြင်မှုတွေ ရခဲ့သလဲဆိုတာရယ်နဲ့ ၊ မြန်မာနိုင်ငံနဲ့ ပါတ်သက်ပြီး ကုလသမဂ္ဂ ရဲ့ အရေးပါမှု အခန်းကဏ္ဍကိုတော့ မေးခွန်းထုတ်စရာတွေ များစွာရှိနေပါတယ်လို့ တင်ပြလိုက်ရပါတယ်။

ရွှေဝါရောင်သတင်းလွှာ၏
ပြည်တွင်း သတင်းထောက်ပေးပို့လာသော
သတင်းဆောင်းပါးကို
Saffron News Letter မှ သုံးသပ်တင်ပြထားပါသည်။

2.04.2010

ဦးဝင်းတင်နှင့် ဖဒိုဒေးဗစ်သကပေါ် စကားပြောခြင်း(RFA ၏မနက်ခင်းရေဒီယို အစီအစဉ်မှ)

Discussion on NDF Presd n U Win Tin

1.06.2010

ဘယ်လိုဖောက်ထွက်ကြမလဲ နိုင်ငံရေးစစ်တမ်း (၁ဝ)

bbkn


နိုင်ငံရေးမှာ (အင်အား) မရှိဘဲ (လှုပ်ရှား) ရခက်ပါတယ်။ (ရလဒ်) ရအောင် လှုပ်ရှားမှုဖြစ်စေ၊ ကြိုးစားမှုဖြစ်စေ၊ ဖန်တီးရခက်ပါတယ်။ ယနေ့ မြန်မာ့နိုင်ရေး လောကမှာ လက်နက်အားကိုးနဲ့ (အင်အား) ယူထားတဲ့ နအဖ- မြန်မာစစ်တပ်နဲ့ လူထုထောက်ခံမှုကို (အင်အား) ယူထားတဲ့ NLD နိုင်ငံရေးပါတီ ဒီ ၂ အုပ်စုပဲ အဓိက ရပ်တည်လျက် ရှိပါတယ်။ ဒါပေမဲ့ တကယ်တမ်း လူထုထောက်ခံအားပေးတာက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သာ ဖြစ်တယ်။ ဒါကြောင့် ၂ဝ၁ဝ ရွေးကောက်ပွဲမှာ အပြောင်းအလဲ ဖြစ်နိုင်တာ တနည်း အားဖြင့် ဒီမိုကရေစီ လမ်းကြောင်းပေါ် တင်ပို့ပေးနိုင်တာ စစ်တပ်နဲ့ ဒေါ်စုပဲ ရှိပါတယ်။ ကျန်တဲ့ အဖွဲ့ငယ်လေးတွေ ဝင်ပြိုင်တယ်၊ ဝင်မပြိုင်ဘူးဆိုတာ ထိရောက်မှုဘက်က ကြည့်ရင် မပြောပြလောက်ပါဘူး။

ဥပမာ ဦးသုဝေတို့ ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်မယ်လို့ ကြေငြာထားပါတယ်။ ဒါ (ကွက်လပ်) ဝင်ဖြည့်ထားတာ ၂ဝ၁ဝ ရွေးကောက်ပွဲ ပုံသဏ္ဍာန်ကို မပြောင်းလဲနိုင်ဘူး။ ဒါပေမဲ့ လေဟာနယ် Vaccum မဖြစ်ရအောင် (ကွက်လပ်) ဝင်ဖြည့်ထားတာပဲ။ လေဟာနယ် မဖြစ်စေဖို့ ဖြစ်တာကြောင့် အရေးပါပေမယ့် အပြောင်းအလဲ ဖြစ်လောက်အောင် (အင်အား) မရှိဘူး။ NLD နဲ့ ဒေါ်စုရဲ့ ရပ်တည်ချက်ကမှ အပြောင်းအလဲကို ဖော်ဆောင်ပေး နိုင်တာပါ။
ဘာကြောင့် (ကွက်လပ်) ဖြည့်တာဟာ အပြောင်းအလဲ မဖြစ်နိုင်ပေမယ့် အရေးပါတယ်ဆိုတာကိုကျတော့ နောက်ပိုင်းမှာ ဆွေးနွေးတင်ပြပါ့မယ်။

ကျနော့်အမြင်အရ NLD နဲ့ ဒေါ်စုဟာ ရွေးကောက်ပွဲကို ဝင်လည်း ရတယ်၊ မဝင်လည်း ရတယ်။ ဝင်မယ် မဝင်ဘူး ရွေးတဲ့နေရာမှာ ကိုယ်နေရာ အယူမှန်ဖို့ပဲ လိုတယ် ထင်မိတယ်။ ရှေ့မှာ တင်ပြခဲ့တဲ့အတိုင်း ကျနော်က ဝင်စေ ချင်တယ်။ ဝင်ပြီး နိုင်ငံရေး နယ်ပယ်ကို ဝင်လုစေချင်တယ်။

ဒီနေရာမှာ အငြင်းပွားစရာလေးတွေ ရှိတယ်။ အဓိက ထိရောက်တဲ့ အငြင်းပွားချက်က လုပ်နိုင်တဲ့ (လူ) တွေ မရှိ တော့ဘူး။ ဘယ်သူတွေနဲ့ လုပ်မှာလဲ? လို့ မေးလာနိုင်စရာ ရှိတယ်။

အမှန်ပဲ လက်ရှိ အခြေအနေကို ယေဘုယျအရ သုံးသပ်ရင် လူတွေ မရှိတော့ဘူး။ လူတွေကြောက်ကုန်ပြီလို့ ယူဆစရာ ရှိတယ်။ နိုင်ငံရေးမှာ အရေးကြီးဆုံး သင်ခန်းစာတခု ရှိတယ်။ ကိုယ့်လူမျိုးအကြောင်း ကိုယ်သိဖို့တဲ့။ ကျနော်တို့ မြန်မာတွေဟာ သွေးပူဖို့ လိုတယ်။ ကျနော်နားလည်သလောက် ပြောရရင် စစ်အစိုးရကို မုန်းတဲ့ မကျေနပ်တဲ့သူတွေက အများစုပါ။ ဒါပေမဲ့ ဒို့ကတော့ (စ) မလုပ်ဘူး။ (လုပ်) ရင်ဝင်ပါမယ့် (သူ) တွေက (အများစု) ဖြစ်နေတယ်။ ဒါသူတို့ အပြစ်မဟုတ် (ခံ)ရပါများတော့ လူရည်လည်သွားပြီ ဆိုရမယ်။ ဒေါ်စုနဲ့ ဗိုလ်ချုပ် တင်ဦးတို့လည်း အချုပ်အနှောင်က မလွတ်။ လှုပ်ရှားနိုင်တဲ့ ပြည်တွင်းက NLD CEC နဲ့ ပြည်ပခေါင်းဆောင် နေရာယူထားပြီး ဘာလုပ်ရမှန်းမသိတဲ့ NCGUB တို့ကြောင့်လို့ သုံးသပ်မိတယ်။

နောက်တချက် မြင်မိတာက Non Violence လို့ခေါ်တဲ့ အကြမ်းမဖက်ရေး Idealism အတွေးအခေါ်ကြီးက ခေတ်စားလာတော့၊ (လူ) တွေ Non Violence သမားတွေ ဖြစ်ကုန်ကြရော။ အဝိုင်းထဲ လေးထောင့်သွင်းလို့ မရသလို သဘာဝနဲ့ ဆန့်ကျင်တဲ့ အတွေးအခေါ်ကြီး တခုကို ရိုက်သွင်းလိုက်တော့ ဟိုမကျ ဒီမကျ ဘဝ ရောက်ကုန်တယ်လို့ မြင်မိတယ်။ ဘယ်နိုင်ငံမဆို နိုင်ငံရေးဆိုတာက စွန့်စားမှုလေး အရိပ်အယောင် ပြလာရင်တောင် လူတွေရဲ့ ထောက်ခံမှုကို ရလာပြီး (အရှိန်) ရလာကာ (အရှိန်) က တဆင့် (တွန်းအား) အင်အားကို ဖော်ထုတ်ပြီး အောင်မြင်မှုဆိုတာ (ထွက်ပေါ်) လာတာပဲ။

နိုင်ငံရေးရဲ့ ဗဟိုအချက်က (အင်အား) ဖြစ်တဲ့အတွက် နိုင်ငံရေးဆိုတာ Risk လို့ခေါ်တဲ့ (စွန့်စား) မှု ရှိစမြဲပဲ။ စွန့်စားမှုရဲ့ နောက်ကွယ်မှာ (စွန့်လွှတ်မှု) Sacrifice ဆိုတာ အရိပ်ပမာ ဒွန်တွဲလျက်ရှိတယ်။ ဒီ ၂ ချက်ကို ပေါ်အောင်လို့ Conviction လို့ခေါ်တဲ့ (ယုံကြည်မှု) က တွန်းပို့ရတာပဲ။ ဒါကြောင့် နိုင်ငံရေးမှာ ယုံကြည်မှု Conviction ရှိရမယ်လို့ ကျနော် ရဲရဲဆိုရဲတာပါ။ ဒီမိုကရေစီ မရှင်သန်နိုင်တဲ့ အာဏာရှင်အောက်မှာ နိုင်ငံရေးလုပ်ဖို့ (ယုံကြည်ချက်) က ပိုအရေးကြီးလာတာပေါ့။ ယုံကြည်ချက်ဆိုရာမှာ ဝါဒရေးယုံကြည်ချက် Political Conviction သော်လည်းကောင်း၊ နိုင်ငံရေးဝါဒ Political Idealism ကိုပဲ မဆိုလိုပါ။ အမျိုးသားရေး Nationalism ၊ လွတ်လပ်ရေး Freedom စတဲ့ ငါ့လူမျိုး ငါ့တိုင်းပြည် လွတ်လပ်မှု ရှိရမယ်၊ တိုးတက်မှုရှိရမယ် ဆိုတာတွေဟာလည်း စွန့်လွှတ်မှုနဲ့ စွန့်စားမှုကို တွန်းပို့ပေးတဲ့ အင်အား Energy ယုံကြည်ချက်တွေပဲ ဖြစ်တယ်။ လက်ဝဲဝါဒတွေကို မှီပြီးပဲဖြစ်ဖြစ်၊ လကျာ်ဝါဒကို မှီပြီးပဲဖြစ်ဖြစ် တိုင်းပြည်နဲ့ လူမျိုးကို ချစ်တဲ့စိတ်ကို အရင်းပြုတဲ့ (ယုံကြည်မှု) ဟာလည်း ပြင်းထန်တဲ့၊ ဖြူစင်တဲ့ ယုံကြည်မှုပဲ။

ကျနော်တို့ရဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ဝါဒစွဲကို အားမကိုးဘဲ အမျိုးသားစိတ် Nationalism ကိုပဲ အခြေပြုပြီး အားလုံးကို ဆွဲခေါ်သွားတာပဲ မဟုတ်လား? ကျနော်တို့ ရာဇဝင်မှာ အလောင်းဘုရား၊ တရုတ်ပြည်က မော်စီတုန်း၊ ကျူးဘားက ကက်စ်ထရို၊ အမေရိကန်က ဂျော့ဝါရှင်တန်တို့ အားလုံးဟာ မျိုးချစ်စိတ်ကို အခြေခံပြီး (စွန့်စား) ခဲ့ကြတာပဲ မဟုတ်လား? နိုင်မယ်ဆိုတာ သေချာလို့ စွန့်စားခဲ့ကြသည်မဟုတ်။ တိုင်းပြည်ချစ်စိတ်နဲ့ ယုံကြည်ချက် အတူတူလူနည်းစု - စုပေါင်း၍ တော်လှန်တိုက်ခိုက်ရဲရာက - တိုက်ပွဲတွေမှာ အောင်မြင်မှု ရလာတာကြောင့် - လူနည်းစုက လူအများစု ဖြစ်လာပြီး လူထုရဲ့ ထောက်ခံမှုကိုရမှ - အောင်မြင်မှုကို ရခဲ့ကြတာပဲ မဟုတ်လား။

သိပ္ပံပညာမှာ F=ma ဆိုတဲ့ Equation (ညီမျှခြင်း) ရှိတာပဲ။ ရွေ့ရှားမှုမရှိရင် Mass (ဒြပ်ထု) ရှိတာတောင် Acceleration (အရှိန်) မရှိတာကြောင့် Force (အင်အား) ဟာ Zero (သုည) မှာပဲ ကျန်ခဲ့ရမှာပေါ့။
ဒါကြောင့် လက်ရှိအားဖြင့် လူတွေဟာ ကြောက်နေပြီလို့ ယူဆစရာရှိပေမယ့်၊ လှုပ်ရှားမှုရှိလာလို့ အရှိန်ရှိလာရင် Mass လူအုပ်ကြီးလည်း များလာပြီ။ တချိန်မှာ ကြောက်ရွံ့ခြင်း Fear ဆိုတာကို ကျော်နိုင်တာပေါ့။

လွယ်သလား?
လွယ်သလား? လို့မေးလာရင် မလွယ်ဘူးလို့ ဖြေရမှာပဲ။ မဆလ ခေတ်က (၈၈၈၈) ၈ လေးလုံး ဖြစ်နိုင်မယ်လို့ ဆိုကြရင် ဝိုင်းအရယ်ခံရမှာပေါ့။ ဒါပေမဲ့ အခြေအနေနဲ့ အချိန်အခါက ပေးလာတာကြောင့် ၈ လေးလုံး ဖြစ်ခဲ့ရတယ်။ မထင်မှတ်တဲ့ လက်ဖက်ရည်ဆိုင် ရိုက်ပွဲကလေးက (စ) ခဲ့တာပဲ မဟုတ်လား? ၂ဝ၁ဝ ရွေးကောက်ပွဲကို အခြေခံပြီး နိုင်ငံရေး (အခြေအနေ) ဖန်တီးယူနိုင်ရင် (အီရန် ရွေးကောက်ပွဲ) မှာလို အချိန်အခါ မှန်သွားရင် နိုင်ငံရေး အခြေအနေ ပြောင်းလဲနိုင်တာပေါ့။

N = m a
(Newton and Law of Motion)=(mass)(acceleration)

နောက်တနည်း ကျန်သေးတယ်။
ကျနော်တို့ မြန်မာလူမျိုးတွေရဲ့ အကျင့်တခု ကျန်သေးတယ်။ အဲဒါ မြန်မာအများစုဟာ အဖွဲ့အစည်းထောင်ပြီး (အဖွဲ့အစည်း) နဲ့ တိုက်တာထက် (လူ)(ပုဂ္ဂိုလ်) ကို ကြည်ညိုပြီး (တိုက်) ချင်တဲ့ (အကျင့်) ရှိကြတယ်လို့ မြင်မိတယ်။ လွတ်လပ်ရေးခေတ်မှာ ဗိုလ်ချုပ်အောင်ဆန်း၊ ဒီမိုကရေစီခေတ်မှာ ဝန်ကြီးချုပ်ဦးနု၊ အခုခေတ်မှာ ဒေါ်အောင်ဆန်းစုကြည် တနည်းဖြင့် သူရဲကောင်းကို ကိုးကွယ်တဲ့အကျင့် ရှိကြတယ်။ ဒါကြောင့် အများဟာ Institutional Loyalty ဆိုတာကို နားမလည်ကြဘူး။ Institutional Power ကို နားလည်ဖို့ ပိုဝေးသေးတာပေါ့။

နိုင်ငံရေးအဆောက်အဦး Political Institutional နဲ့ Infrastructure ရှိမှ သူ့နေရာနဲ့သူ သူ့တာဝန်နဲ့သူ လုပ်နိုင်တာတွေ ပေါ်လာပြီး အားလုံး ကိုယ့်တာဝန် ကိုယ်ကျေမှ ကိုယ့်အဖွဲ့အစည်း ကြီးထွားပြီး (အင်အား) ရှိလာမှ စစ်တပ်က အလေးထား ဂရုပြုလာရမှာပေါ့။

အချိန်ကြာလာတော့ (လုပ်စား) နိုင်ငံရေးတွေကပဲ ရေပန်းစားလာကြပြီး ဒိုနာ အလှူရှင်တွေမှာ ပိုက်ဆံတောင်း ကောင်းအောင် ဖွဲ့ထားတဲ့ Interest Group - အကျိုးရှင်အုပ်စုတွေပဲ ငွေရ ရှင်သန်လာခဲ့ကြတာပါ။ အားလုံးဟာ Grass-root အောက်ခြေ စည်းရုံးရေး နိုင်ငံရေးကို မေ့ကုန်ကြပြီး ပလို့ဂျိ ဆိုပြီး Elite Politicians - အခွင့်ထူးခံ ရေပေါ်စီ နိုင်ငံရေးပေါ်ပင် နိုင်ငံရေးဘက် ရောက်ကုန်ကြရော။

ပြည်တွင်းမှာတော့ ဒေါ်စုဟာ Institution - ဒေါ်စုဟာ တော်လှန်ရေးပဲ။ ဒါကြောင့် နအဖ က အကြောင်း အမျိုးမျိုးရှာပြီး ဒေါ်စုကို ထိန်းချုပ်ထားတာပေါ့။ ဒါကို ကောင်းကောင်း သဘောပေါက်တဲ့ ဒေါ်စုက - ယက်တောရဲ့ ကောင်းကျိုးကြောင့် ပြောင်းလဲလာတဲ့ (အခွင့်အရေး) နဲ့ ပြောင်းလဲသွားတဲ့ အမေရိကန်ပေါ်လစီကို ကိုင်ပြီး နိုင်ငံရေး နယ်ပယ်ထွင်ပြီး လှုပ်ရှားလျက်ရှိတယ်။

ဒါ ဒေါ်စုတဦးထဲ ကစားနိုင်တဲ့ နိုင်ငံရေး ကျားကစားကွက်ပဲ။ သိမ်မွေ့တဲ့ အခြေအနေကြောင့် ဒါထက်ပိုပြီး ဆွေးနွေးခွင့် မရှိပါ။
မှတ်ချက်။ ။ သူတို့အတွေး သူတို့ အမြင် တွင်ဖေါ်ပြသော အရေးအသားများမှာ ဤ ဘေလော့၏ အာဘော် မဟုတ်ပဲ ရေးသားသူ၏ အတွေးအမြင်သာ ဖြစ်ပါသည်။ ယခုဆောင်းပါးကို မဇ္ဈိမှ ကူးယူဖေါ်ပြပါသည်။

12.08.2009

မသမာငွေကြေးနဲ့ စင်ကာပူဈေး

ဦးအောင်ခင် (ဝေဖန်သုံးသပ်ချက်)

၈ ဒီဇင်ဘာ ၂၀၀၉

ဂျာမဏီနိုင်ငံ ဘာလင်မြို့အခြေစိုက် Transparency International အဖွဲ့ရဲ့ နိုဝင်ဘာလထုတ် ၂၀၀၉ ခုနှစ် အဂတိလိုက်စားမှု စာရင်း Corruption Perceptions Index မှာ အဂတိလိုက်စားမှုအနည်းဆုံးက နယူးဇီလန်ဖြစ်ပြီး ဒိန်းမတ် က ဒုတိယအနည်းဆုံး၊ စင်ကာပူက တတိယအနည်းဆုံးဖြစ်နေတယ်။ အဂတိလိုက်စားမှု အများဆုံးနေရာကို မြန်မာ၊ အာဖဂန်နစ္စတန်နဲ့ ဆိုမာလီယာက ရယူထားတယ်။ အလွန်သန့်ရှင်းတဲ့ အစိုးရအဖြစ် ဂုဏ်ယူလေ့ရှိတဲ့ စင်ကာပူ ပွဲစားဟာ အလွန်ညစ်ပတ်တဲ့ မြန်မာစစ်အုပ်စုနဲ့ လက်တွဲနေတော့ မသင်္ကာ စရာတွေ တပုံကြီး ရှိလာတာပေါ့။

အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးတိုးတက်ဖွံ့ဖြိုးအောင် လုပ်ပေးနိုင်တဲ့အခြေခံတွေ စင်ကာပူမှာ ရှိနေတာရယ်၊ အချက်အချာနေရာ ဖြစ်နေတာရယ်၊ ကျွမ်းကျင်တဲ့ ပညာတတ်လုပ်သား ရှိနေတာရယ် စတာတွေကြောင့် နိုင်ငံစုံကုမ္ပဏီကြီးတွေနဲ့ ဘဏ္ဍာရေးအဖွဲ့ အစည်းတွေက စင်ကာပူကို သဘောကျတယ်။ ၂၀၀၇ စာရင်းအရ ဘဏ်လုပ်ငန်းလိုင်စင်ရထားတဲ့ ဘဏ္ဍာရေးအဖွဲ့အစည်း (၁၁၂) ခု ရှိတဲ့အနက် စင်ကာပူပိုင်က (၆) ခုသာရှိပြီး နိုင်ငံခြားပိုင်က (၁၀၆) ခုရှိနေတယ်။

မသမာငွေကြေးတိုက်ဖျက်ရေးကို စင်ကာပူက ဘယ်လောက်လိုက်နာသလဲဆိုတာနဲ့ ပတ်သက်ပြီး ၂၀၀၈ ဖေဖော်ဝါရီမှာ ပြည်သစ်ပြည် ပဲရစ်မြို့ FATF (Financial Action Task Force) က (၂၂) မျက်နှာအစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့တယ်။ FATF အဖွဲ့ဟာ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ်စတဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်လေ့ ရှိတယ်။ စင်ကာပူမှာ မသမာ ငွေကြေး တိုက်ဖျက်ရေး ဥပဒေတွေ ပြဋ္ဌာန်းထားပေမယ့် ဘဏ္ဍာရေးဈေးကွက် အရွယ်အစားနဲ့ မသမာငွေကြေး ၀င်လာမယ့် အလားအလာကြီးမားသလောက် အရေးယူဆောင်ရွက်တာ အလွန်နည်းတယ်လို့ ဆိုတယ်။ နိုင်ငံခြားကလာတဲ့ မသမာငွေကြေးကို အသေအချာ စစ်ဆေးတာမျိုးမရှိတဲ့အတွက် အပြစ်ပေးတာမျိုးလည်း မရှိဘူးလို့ FATF အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဒါကြောင့်မို့ မသမာငွေကြေးတိုက်ဖျက်ရေး၊ အထူးသဖြင့် နိုင်ငံခြားကလာတဲ့ မသမာငွေကြေးကို ထိရောက်စွာအရေးယူဖို့ FATF က ထောက်ခံတင်ပြထားတယ်။

လွန်ခဲ့တဲ့ ဧပြီလ (၁၇) ရက်နေ့က အမေရိကန်ကွန်ဂရက်လွှတ်တော် သုတေသနက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ နအဖအစိုးရဟာ မူးယစ်ဆေးမှောင်ခိုတွေကို တရားဝင်စီးပွားရေးလုပ်ခွင့် ပေးထားပြီး ဆက်ကြေး ကောက်ကြောင်း၊ မူးယစ်ဆေးမှောင်ခိုတွေဟာ သူတို့ရရှိတဲ့ငွေကို နအဖအုပ်စုကြိုးကိုင်တဲ့ ဘဏ်တွေမှာ အပ်နှံ ကြောင်း၊ မူးယစ်ဆေးမှောင်ခိုတွေ ဘဏ်မှာ အပ်နှံထားတဲ့ငွေကို စစ်ဗိုလ်တွေက သယ်ယူပြီး ဘန်ကောက်နဲ့ စင်ကာပူမှာ တရားဝင်ငွေကြေးအဖြစ် အပ်နှံကြောင်း ဖော်ပြထားတယ်။

ဒီနှစ်ဇွန်လအစောပိုင်းက စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့ဥက္ကဋ္ဌ ၀န်ကြီးချုပ်ဟောင်း ဂိုချောက်တောင်း မြန်မာနိုင်ငံကို ရောက်ရှိလာပြီး မြန်မာစစ်အုပ်စုကို သတိပေးစကား ပြောသွားတယ်။ တိုးတက်မှုမရှိရင် စင်ကာပူအနေနဲ့ မြန်မာပြည်မှာ ငွေရင်းထပ်မံမြှုပ်နှံဖို့ ခက်ခဲလာနိုင်တယ်လို့ မြန်မာစစ်အုပ်စုကို သတိပေး ခဲ့ကြောင်း စင်ကာပူအစိုးရသတင်းဌာနက ကြေညာတယ်။ ဒါပေမယ့် သတင်းမှာမပါတာက ဒီလို ပြောစရာလေး ရှိတာနဲ့ ကြပ်ပြေးအထိ ဂိုချောက်တောင်း သွားရတဲ့ အကြောင်းပါပဲ။ နအဖအလိုကျ လုပ်ပေးနေတာတွေ ရေရှည်မှာ ခက်ခဲလာနိုင်ကြောင်း ပြောတာလည်း ဖြစ်နိုင်တယ်။ နအဖရဲ့ ငွေကြေးကိစ္စနဲ့ မပတ်သက်ရင် စင်ကာပူ ငွေကြေးအာဏာပိုင်အဖွဲ့ ဥက္ကဋ္ဌဟာ နအဖဥက္ကဋ္ဌနဲ့ တွေ့စရာမလိုပါ။

မြန်မာစစ်အစိုးရ သက်ဆိုးရှည်အောင် လုပ်နေသူတွေထဲမှာ စင်ကာပူလည်း ရှေ့ဆုံးကပါတယ်။ ၁၉၈၈ အရေးတော်ပုံ ကာလမှာ မျက်ဖြူဆိုက်နေတဲ့ မြန်မာစစ်အစိုးရကို စင်ကာပူက လက်နက်နဲ့ငွေကြေး ကူညီခဲ့တယ်။ စစ်အုပ်စုရဲ့ဒေါ်လာတွေကို ထိန်းသိမ်းစောင့်ရှောက်ပေးနေတာလည်း စင်ကာပူပါပဲ။ စင်ကာပူရဲ့ မင်းဆရာ လီကွမ်ယူးက မြန်မာဗိုလ်ချုပ်တွေ အသုံးမကျကြောင်း မကြာခဏပြောလေ့ရှိပေမယ့် လက်တွေ့ မှာတော့ မြန်မာစစ်အုပ်စုအသိုင်းအ၀ိုင်းရဲ့ မသမာငွေကြေးကို ထိန်းသိမ်းစောင့်ရှောက်နေတယ်။

စင်ကာပူဟာ အတတ်ပညာနဲ့ လုပ်အားသာရှိတဲ့နေရာမို့ ပတ်ဝန်းကျင်နိုင်ငံက ခိုးရာပါပစ္စည်းနဲ့ မသမာတဲ့ ငွေကြေးကို လက်ခံတဲ့ အစဉ်အလာရှိတယ်။ အမေရိကန်အစိုးရက နာမည်ဖော်ပြီး ဒဏ်ခတ်အရေးယူထားတဲ့ မြန်မာ ကုမ္ပဏီတွေဟာ စင်ကာပူမှာ ခြေကုပ်ယူတာများတယ်။ အထင်ရှားဆုံးက ဘိန်းမှောင်ခို လော်စစ်ဟန်ရဲ့ သား Steven Law (ခေါ်) ထွန်းမြင့်နိုင်ပိုင်တဲ့ Asia World နဲ့ တေဇပိုင်တဲ့ ထူးကုမ္ပဏီတို့ဖြစ်တယ်။ ကြပ်ပြေး နေပြည်တော် တည်ဆောက်ရာမှာလည်း ဒီကုမ္ပဏီတွေ ရှေ့တန်းက ပါဝင်တယ်။ စင်ကာပူရဲ့ ငွေရင်း မြှုပ်နှံမှုတွေဟာ Asia World ကုမ္ပဏီနဲ့ ဆက်စပ်နေတာများတယ်။ Steven Law ရဲ့ဇနီးက စင်ကာပူသူဖြစ်ပြီး စီးပွားရေး၊ နိုင်ငံရေး အဆက်အသွယ်ရှိသူဖြစ်တယ်။ မူးယစ်ဆေးမှောင်ခို Steven Law ကို ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလကစပြီး အမေရိကန်အစိုးရက ဘဏ္ဍာရေးအရ ဒဏ်ခတ်အရေးယူတယ်။ Steven Law ရဲ့ ကုမ္ပဏီဟာ မူးယစ်ဆေးကရတဲ့ မသမာငွေကြေးကို တရားဝင်ငွေဖြစ်အောင် ခ၀ါချတဲ့ နေရာမှာ နာမည်ကြီး တယ်။ Steven Law ရဲ့ဇနီး စင်ကာပူမြို့သူ Cecilia Ng ဟာ စင်ကာပူမှာ ကုမ္ပဏီ (၁၀) ခုလောက် အမည် အမျိုးမျိုးနဲ့ တည်ထောင်ထားတယ်။

မြန်မာဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးစိုးဝင်း စင်ကာပူမှာ ဆေးကုရင်း သေသွားတယ်။ စစ်အုပ်စု အသိုင်းအ၀ိုင်းရဲ့ သားသမီးမြေးမြစ်တွေလည်း စင်ကာပူမှာ ပညာသင်နေကြတယ်။ မသမာငွေကြေးနဲ့ တည်ထောင် ထားတဲ့ Asia World ကုမ္ပဏီရဲ့ စင်ကာပူစီးပွားနဲ့ စင်ကာပူအစိုးရရဲ့ မြန်မာပြည်က စီးပွားကို ဖော်ပြဖို့ စင်ကာပူအစိုးရက အမြဲတမ်းငြင်းဆိုတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး Singapore Democratic Party အထွေထွေအတွင်းရေးမှူး Chee Soon Juan မေးမြန်းတာကို စင်ကာပူအစိုးရ မကျေမနပ်ဖြစ်ပြီး အရေးယူတဲ့ အတွက် ၂၀၁၁ အထိ ရွေးကောက်ပွဲဝင်ခွင့် မရတော့ဘူး။ မြန်မာပြည်ကလာတဲ့ မသမာငွေကြေးအမျိုးမျိုးကို GIC (ခေါ်) စင်ကာပူအစိုးရ ရင်းနှီးမြှုပ်နှံရေးကော်ပိုရေးရှင်းက စောင့်ရှောက်ပေးတယ်ဆိုတဲ့ သတင်း ထွက်နေတာ ကြာလှပါပြီ။ ဒီကိစ္စကိုမေးရင် စင်ကာပူအစိုးရ သိပ်စိတ်ဆိုးတယ်။

ထိုင်းနဲ့တရုတ်ပြီးရင် မြန်မာပြည်မှာ အများဆုံးရင်းနှီးတာ စင်ကာပူပါ။ မြန်မာပြည်ကလာတဲ့ မသမာတဲ့ငွေတွေကို အလုံးအရင်းနဲ့ လက်ခံနေတာလည်း စင်ကာပူပါပဲ။ မသမာငွေကြေးသုံးစွဲသူ အသေးစားလေးထဲမှာ Peninsula Plaza မှာဆိုင်ဖွင့်ထားတဲ့ မြန်မာတွေလည်း ပါဝင်နိုင်တယ်လို့ ဧရာဝတီမဂ္ဂဇင်းက ပင်တိုင်ဆောင်းပါးရှင် William Boot က ၂၀၀၇ ခုနှစ်က ရေးဖူးတယ်။ စင်ကာပူမှာ အလုပ်လုပ်သူနဲ့စာသင်နေသူ စုစုပေါင်း (၅၀,၀၀၀) လောက်ရှိတဲ့အထဲမှာ မြန်မာပြည်က မိသားစုကို ငွေကြေးထောက်ပံ့သူက အများစုဖြစ်တယ်။ ပစ္စည်းအတိုအထွာလေးတွေရောင်းပြီး လစဉ်ဆိုင်ခ ဒေါ်လာ (၂,၀၀၀) လောက်ပေးရတဲ့အထဲက အမြတ်အစွန်း ရနေတာဟာ အံ့သြစရာပဲတဲ့။ သက်သေပြလို့မရပေမယ့် ငွေကြေးမှောင်ခို လုပ်တာလည်း ရှိနိုင်တယ်လို့ ဆိုပါတယ်။ ပွဲရုံစင်ကာပူမှာ မသမာငွေကြေးနဲ့ မကင်းနိုင်ပါဘူး။ အမြဲတမ်း ရောင်းဝယ်တဲ့နေရာမှာ မသမာ ငွေကြေးပါဝင်နေတာကို ဘယ်သူမှ ဂရုမစိုက်နိုင်ပါဘူး။ ကုန်ပစ္စည်းကို အဆမတန်ဈေးတင်တဲ့နည်း၊ ဈေးလျော့တဲ့ နည်းနဲ့လည်း မသမာငွေကြေးကို လက်ပြောင်းနိုင်ပါတယ်။

မြန်မာစစ်အုပ်စုနဲ့ ရင်းနှီးတဲ့အသိုင်းအ၀ိုင်းကို အမေရိကန်က အရေးယူရာမှာ မြန်မာနဲ့ဆက်စပ်နေတဲ့ စင်ကာပူကုမ္ပဏီတွေလည်း ထိခိုက်နိုင်တယ်။ မြန်မာစစ်အုပ်စုအသိုင်းအ၀ိုင်းနဲ့ ဆက်ဆံတဲ့ ကုမ္ပဏီတွေကို အမေရိကန်နိုင်ငံသားတွေ ရှောင်ကြဉ်ဖို့ သမ္မတဘုရှ်လက်ထက်က အမိန့်ထုတ်တာဟာ စစ်အုပ်စုနဲ့ ပူးတွဲလုပ်ကိုင်နေတဲ့ စင်ကာပူကုမ္ပဏီကိုလည်း ထိခိုက်နိုင်တယ်။ စီးပွားရေး တွက်ခြေမကိုက်လို့ စင်ကာပူကုမ္ပဏီတွေ နောက်ဆုတ်သွားရင် မြန်မာစစ်အုပ်စုလည်း ဆုံးရှုံးနိုင်ပါတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ ဧပြီလနှောင်းပိုင်း ကျူးဘားနိုင်ငံ ဟာဗားနားမှာကျင်းပတဲ့ ဘက်မလိုက်နိုင်ငံများအစည်းအဝေးနဲ့ ၂၀၀၈ ကုလသမဂ္ဂညီလာခံမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီးက ဒဏ်ခတ်အရေးယူမှု ရုပ်သိမ်းဖို့ ပြောသွားတာကိုကြည့်ရင် အမေရိကန်ရဲ့ ဒဏ်ခတ်အရေးယူမှုကြောင့် မြန်မာစစ်အုပ်စု အနေမချောင်တာ ထင်ရှားတယ်။

မိမိနိုင်ငံမှာ အခွန်မဆောင်ချင်လို့ တိမ်းရှောင်တဲ့ အနောက်တိုင်းကသူဌေးရယ်၊ မသမာတဲ့ဒေါ်လာတွေ ရထားလို့ ချမ်းသာနေသူတွေရယ် စုပေါင်းလိုက်ရင် စင်ကာပူမှာ သန်းကြွယ်သူဌေးပေါင်း (၅) သောင်းကျော်ရှိမယ်လို့ ခန့်မှန်းပါတယ်။ မသမာတဲ့ငွေမည်းကို ခ၀ါချပြီး တရားဝင်ငွေဖြစ်အောင် လုပ်တာကို တားမြစ်တဲ့ဥပဒေ စင်ကာပူမှာ ရှိပေမယ့် ငွေမည်းကို ဘယ်သူကမှ စုံစမ်းစစ်ဆေးတာမဟုတ်လို့ ဒီဥပဒေကို ကျင့်သုံးဖို့ အခွင့်အလမ်း မရှိပါဘူး။ ဒါကြောင့် စင်ကာပူဟာ အာဏာအလွဲသုံးစားလုပ်သူတွေရဲ့လောက နိဗ္ဗာန်လို ဖြစ်နေ ပါတော့တယ်။

ဒီမိုကရေစီရသွားလို့ အာဏာလက်လွှတ်လိုက်ရရင်လည်း မြန်မာစစ်အုပ်စုဟာ စင်ကာပူမှာ စည်းစိမ်ခံနိုင်တယ်။ အင်ဒိုနီးရှား အာဏာရှင်ဆူဟာတိုလက်ထက်မှာ မသမာတဲ့နည်းနဲ့ ရယူထားတဲ့ဒေါ်လာငွေကို စင်ကာပူမှာ ရင်းနှီးမြှုပ်နှံပြီး စည်းစိမ်ခံနေတဲ့ အင်ဒိုနီးရှားနိုင်ငံသား သန်းကြွယ်သူဌေး (၂) သောင်းနီးပါးဟာ ဒီမိုကရေစီ ခေတ် ရောက်တော့လည်း စင်ကာပူမှာ ဇိမ်ခံနေတုန်းပဲလို့ ၂၀၀၆ ခုနှစ် Merrill Lynch ကုမ္ပဏီ အစီရင်ခံစာမှာ ဖော်ပြတယ်။ ဒါကြောင့် သန်းကြွယ်သူဌေး မြန်မာစစ်အုပ်အတွက် စင်ကာပူဟာ စိတ်အချရဆုံး ထွက်ပေါက်ဖြစ်နိုင်တယ်။

ငွေစာရင်းဖွင့်ထားသူအကြောင်း ဘဏ်တိုက်က ထုတ်ဖော်ခြင်းမပြုရဆိုတဲ့ စင်ကာပူဘဏ်လုပ်ငန်းဥပဒေဟာ အခွန်ရှောင်တဲ့ အနောက်တိုင်းသားနဲ့ မြန်မာစစ်သူခိုးတွေကို အကာအကွယ်ပေးသလို ဖြစ်နေတယ်။ နအဖ စစ်အုပ်စုရဲ့ မသမာငွေကြေး အများအပြား ရှိနေတယ်ဆိုတဲ့သတင်းကို မဟုတ်မမှန်ကြောင်း စင်ကာပူ ၀န်ကြီးချုပ်က ဗြောင်ငြင်းထားတယ်။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်ဟောင်း Khaleda Zia ရဲ့သားဖြစ်သူ Tarique Rahman ဟာ မသမာငွေကြေးအမှုကို ရင်ဆိုင်နေရတယ်။ ဒေါ်လာ (၃) သန်း စင်ကာပူဘဏ် (၂) ခုကို လွှဲပြောင်းမှုနဲ့ ဘင်္ဂလားဒေ့ရှ်မှာ တရားစွဲခံနေရပါတယ်။

10.12.2009

သူတို့အတွေး သူတို့အမြင် (မြန်မာနိုင်ငံထဲက တရုတ်ပြည်နယ်)

မြန်မာနိုင်ငံထဲက တရုတ်ပြည်နယ်

ဦးအောင်ခင် (ဝေဖန်သုံးသပ်ချက်)

၁၂ အောက်တိုဘာ ၂၀၀၉

ကိုးကန့်ဒေသကို ဗမာစစ်တပ်က၀င်စီးပြီး လုယက်တဲ့အတွက် တရုတ်လုပ်ငန်းရှင်တွေ နစ်နာဆုံးရှုံးရတဲ့ကိစ္စမှာ လျော်ကြေးဒေါ်လာသန်း (၄၀) ကျော်ပေးဖို့ ယူနန်ဘက်က တောင်းထားကြောင်း သိရတယ်။ တကယ်တော့ ကိုးကန့်နဲ့‘၀’ဒေသကို မြန်မာနိုင်ငံထဲက တရုတ်ပြည်နယ်လို့ခေါ်နိုင်တယ်။ ကိုးကန့်အဖွဲ့နဲ့ ဗမာစစ်အစိုးရ ပထမဆုံးအပစ်အခတ် ရပ်စဲနိုင်အောင် ကြားဝင်ဆောင်ရွက်ပေးသူ ဘိန်းမှောင်ခိုဟောင်း လော်စစ်ဟန်ဟာ ကိုးကန့်တရုတ်ပါ။ ကိုးကန့်နယ်မှာ လွတ်လွတ်လပ်လပ် စီးပွားရေးလုပ်ခွင့်ရတာဟာ အပစ်အခတ်ရပ်စဲရတဲ့အကြောင်းတခုဖြစ်တယ်။ ဒါပေမယ့် စာချုပ်စာတမ်းရေးထားတာမဟုတ်ဘဲ နုတ်ကတိလောက်နဲ့ နားလည်မှုယူထားတာဖြစ်လို့ တရုတ်ပိုင်ပစ္စည်းသိမ်းတာ အငြင်းပွားစရာဖြစ်နေတယ်။

မြန်မာပြည်ထဲ ယူနန်တရုတ်ဝင်နေတာ နှစ်ပေါင်းထောင်ချီနေပါပြီ။ ယူနန်နဲ့ အထက်မြန်မာပြည်ဆက်နေတာမို့ ယူနန်မှာ အပြောင်းအလဲဖြစ်တိုင်း မြန်မာပြည်အထိ ဂယက်ရိုက်လာတတ်တယ်။ လွန်ခဲ့တဲ့ အနှစ် (၂,၀၀၀) ကျော် ယူနန်မှာကြီးစိုးတဲ့ နန်ကျောင်က ၀င်တိုက်တဲ့အတွက် ပျူနိုင်ငံပျက်စီးရတယ်လို့ ရှေးဟောင်းသမိုင်းဆရာတွေက ဆိုပါတယ်။ တရုတ်ပြည်မှာ မွန်ဂိုအာဏာရပြီး ယူနန်အထိ အာဏာစက် ချဲ့လာတဲ့အခါ မြန်မာနဲ့ထိတွေ့ပြီး (၁၃) ရာစုနှောင်းပိုင်းမှာ မွန်ဂိုဝင်တိုက်တဲ့အတွက် နှစ်ပေါင်းများစွာ တည်ရှိခဲ့တဲ့ ပုဂံပြည်ပျက်စီးရတယ်။ အဲဒီနောက် ရှမ်းမျိုးနွယ်တည်ထောင်တဲ့ အင်းဝနန်းဆက်အနှစ်တရာကျော်မှာ ယူနန်-မြန်မာကုန်သွယ်ရေး စတင်တယ်လို့ သမိုင်းဆရာတွေက ဆိုတယ်။

(၁၇) ရာစုမှာ တရုတ် ‘မင်’ မင်းဆက်ကို မန်းချူးချင်က ဖြုတ်ချတဲ့အခါ နောက်ဆုံး ‘မင်’ မင်းဆက်ဖြစ်သူ ‘ယုံလီ’ မင်း မြန်မာပြည်ထဲ ၀င်ရောက်ခိုလှုံတယ်။ အဲဒီအခါမှာ ‘မင်’ မင်းဆက်ကို လိုလားတဲ့ မြန်မာပြည်ရောက်တရုတ်တွေ စခန်းထကြတဲ့အတွက် တိုင်းရေးပြည်ရာ အလွန်ရှုပ်ထွေးလာတယ်တဲ့။ နောက်ဆုံး တရုတ်စစ်တပ်ကြီး အင်းဝမြို့အထိ ချီတက်လာလို့ ‘ယုံလီ’ မင်းကို အပ်နှင်းလိုက်ရတယ်။ ဒါပေမယ့် တရုတ်တပ်ကြီးအပြန်မှာ လွတ်ငြိမ်းချမ်းသာခွင့်ရသွားတဲ့ ယုံလီမင်းရဲ့ ကိုယ်ရံတော်တပ်ဖွဲ့ဟာ ကိုးကန့်ဒေသမှာ အခြေစိုက်နေထိုင်တဲ့အတွက် ကိုးကန့်တရုတ်ပေါ်ပေါက်လာတာလို့ အဆိုရှိတယ်။ (၁၇) ရာစုနှောင်းပိုင်းကစပြီး ကိုးကန့်တရုတ်ရယ်လို့ ပေါ်ထွက်လာတာဖြစ်လို့ ပြည်နယ်လေးလိုဖြစ်နေတာ ကြာလှပါပြီ။ ကိုးကန့်တရုတ်ကို တောင်ပေါ်တရုတ်လို့ ယူနန်မှာ လူသိများတယ်လို့ ‘တာကာနို’ က ဆိုပါတယ်။ ပထမဆုံး ၀တိုင်းရင်းသားနဲ့ လက်ရည်တပြင်တည်း နေထိုင်စားသောက်တဲ့ နိုင်ငံခြားသားဟာ ဂျပန်အမျိုးသား ဟီဒဲယုကိ-တာကာနို ဖြစ်ပါတယ်။

(၁၄) ရာစုလောက်ကတည်းက မြန်မာ့ကျောက်စိမ်းကို ယူနန်တရုတ်က မျက်စိကျခဲ့တာပါ။ (၁၈) ရာစုနှောင်းပိုင်း ဆင်ဖြူရှင်မင်းလက်ထက် (၁၇၆၃-၁၇၇၆) တရုတ်-မြန်မာနယ်ခြားစစ်ပွဲ ပြီးဆုံးသွားတာဟာ ယူနန်-မြန်မာကုန်သွယ်ရေး တိုးပွားစေတဲ့ အကြောင်းရင်းဖြစ်တယ်။ (၁၉) ရာစုမှာ အမရပူရအခြေစိုက် ယူနန်တရုတ်က ၀ါဂွမ်းနဲ့ကျောက်မျက်ကို ယူနန်ကို တင်ပို့ပြီး ပိုးချည်ရွှေငွေနဲ့ သတ္တုအိုးခွက်ကို ယူနန်က တင်သွင်းပါတယ်။ သေဆုံးသူ တရုတ်ကုန်သည် (၆,၀၀၀) ကျော်ရဲ့ အမည်စာရင်းကို အမရပူရတရုတ်ဘုံကျောင်းမှာ တွေ့ရတယ်လို့ ကိုလိုနီခေတ်အစီရင်ခံစာတခုမှာ ရေးထားတယ်။ မိုးကောင်းကို ဗဟိုပြုပြီး ကုန်သွယ်ရာမှာ ကချင်လူမျိုးကို ကျောက်တွင်းပိုင်အဖြစ် သတ်မှတ်တာကို ဗမာမင်းက မကန့်ကွက်ပါဘူး။

လားပေါ်မှာကုန်တင်ပြီး သယ်ယူပို့ဆောင်တဲ့လုပ်ငန်းကို ယူနန်သားတွေ ကျွမ်းကျင်ကြတယ်။ ကုန်းကြောင်းခရီးကြမ်းမှာ လားတန်းနဲ့လိုက်ပါတဲ့ ယူနန်သားကို ‘လားတရုတ်’ လို့ အညာမှာခေါ်တယ်။ ယူနန်-မြန်မာ-လာအိုနဲ့ ထိုင်းနိုင်ငံအကြား ရာစုနှစ်အတော်ကြာ လားတန်းနဲ့ ကုန်သွယ်တုန်း ယူနန်ကို မပြန်တဲ့ တရုတ်လည်းရှိတယ်။ (၁၉) ရာစုမှာ ပန်းသေးတရုတ်မွတ်စလင်ရဲ့ ယူနန်သူပုန် အရေးနိမ့်တဲ့အခါမှာလည်း ပန်းသေးတရုတ်အများအပြား ရှမ်းပြည်မှာ ၀င်ရောက်ခိုလှုံပြီး အရင်ရောက်တဲ့ ကိုးကန့်တရုတ်နဲ့ ရောကုန်တာရှိသလို ထိုင်းနိုင်ငံမြောက်ပိုင်းအထိ ဆင်းသွားသူတွေလည်း ရှိတယ်။

ယူနန်က ဘိန်းစိုက်တဲ့ဓလေ့ကို ကိုးကန့်က အမွေဆက်ခံတာပါ။ အရှေ့အိန္ဒိယ အင်္ဂလိပ်ကုမ္ပဏီဟာ အိန္ဒိယနိုင်ငံ ဘင်္ဂလားပြည်နယ်မှာ စိုက်သမျှဘိန်းကို လက်ဝါးကြီးအုပ်ဝယ်ယူပြီး တရုတ်ပြည်ကို တင်ပို့တယ်။ တပြည်လုံးဘိန်းစားဖြစ်ကုန်မှာ စိုးလို့ တရုတ်အစိုးရက ဘိန်းတင်သွင်းခွင့် ပိတ်လိုက်တော့ (၁၉) ရာစုမှာ ပထမဘိန်းစစ် ဖြစ်ပွားတယ်။ တရုတ်ကစစ်ရှုံးတော့ ဘိန်းရောင်းဝယ်မှု တိုးပွားလာတယ်။ တရုတ်ပြည်မှာပါ ဘိန်းစိုက်ပျိုးလာတာမို့ ဘုရင်စနစ်ကိုဖျက်သိမ်းပြီး သမ္မနိုင်ငံထူထောင်တဲ့ ၁၉၁၁ ခုနှစ်မှာ တရုတ်ပြည်ဟာ ဘိန်းတန်ချိန် (၂၂,၀၀၀) ကျော် ထုတ်လုပ်နေပါပြီ။

ယူနန်ပြည်နယ်က ဘိန်းစိုက်တဲ့ဓလေ့ဟာ အိမ်နီးချင်းဒေသတွေအထိ ပျံ့နှံ့လာတာမို့ မြန်မာနယ်စပ် ကိုးကန့်နဲ့ဝဒေသမှာ (၁၉) ရာစုနှောင်းပိုင်းကတည်းက အကြီးအကျယ် ဘိန်းစိုက်ပျိုးခဲ့တယ်။ စာရေးဆရာရွှေရိုးအမည်ခံ James George Scott အဲဒီဒေသကို ခရီးထွက်စဉ်က ဘိန်းခင်းတွေများလွန်းလို့ ရက်အတော်ကြာခရီးသွားတာတောင် ဘိန်းခင်းတွေက မဆုံးသေးဘူးလို့ ရေးထားတယ်။ ၁၉၃၀ ခုနှစ်မှာ ကူမင်တန်တရုတ်အစိုးရက တရုတ်ပြည်မှာ ဘိန်းစိုက်ပျိုးမှု ပိတ်ပင်လိုက်တဲအခါမှာ တရုတ်ကုန်သည်တွေဟာ ကိုးကန့်နဲ့ဝဒေသက ထွက်တဲ့ဘိန်းကို အားကိုးလာရပါတယ်။

အင်္ဂလိပ်ကိုလိုနီအစိုးရဟာ သံလွင်မြစ်အရှေ့ဘက်ဒေသမှာသာ ဘိန်းစိုက်ခွင့်ပြုပြီး ပုံမှန်ဝယ်ယူလေ့ရှိပေမယ့် သံလွင်မြစ်အနောက်ဘက်ဒေသမှာတော့ ဘိန်းစိုက်ခွင့်မပြုပါ။ ကချင်ပြည်နယ်မှာလည်း အနည်းအကျဉ်းစိုက်ပျိုးခွင့်ပြုပါတယ်။ အထက်မြန်မာပြည်က ဂျပန်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ငွေကြေးထောက်ပံ့တဲ့အနေနဲ့ ဘိန်းကို မဟာမိတ်ဘက်ကသုံးတယ်။ ၁၉၄၈ ခုနှစ်မှာ မြန်မာပြည်လွတ်လပ်ရေးရပြီး ပြည်တွင်းစစ်စတင်ဖြစ်ပွားတော့ တရုတ်ပြည်မှာ ပြည်တွင်းစစ် ပြီးဆုံးသွားပါပြီ။ စစ်ရှုံးတဲ့ တရုတ်ကူမင်တန်တပ်အချို့ ရှမ်းပြည်အရှေ့ပိုင်းဒေသမှာ ၀င်ရောက်ခြေကုပ်ယူပြီး တရုတ်ကွန်မြူနစ်ကို ပြန်တိုက်ဖို့ ကြိုးစားတဲ့လှုပ်ရှားမှုနဲ့ နောက်ပိုင်းပေါ်ပေါက်တဲ့ ရှမ်းလက်နက်ကိုင်လှုပ်ရှားမှုတွေမှာ ဘိန်းလုပ်ငန်းဟာ အဓိက အရေးပါလာပါတယ်။

တရုတ်ကွန်မြူနစ်ကိုတိုက်မယ့် ကူမင်တန်တရုတ်တပ်ကြီးကို ရှမ်းပြည်နယ်မှာ ပြန်လည်ဖွဲ့စည်းပါတယ်။ လက်နက်ခဲယမ်းကို ထိုင်ဝမ်က တိုက်ရိုက်ပို့ပေးပြီး ကုန်ကျစရိတ်ကိုတော့ ဘိန်းလုပ်ငန်းက ရတဲ့ငွေနဲ့ ထောက်ပံ့ပါတယ်။ ကူမင်တန်တပ်တွေဟာ ၁၉၆၁ ခုနှစ်လောက်အထိ ရှမ်းပြည်နယ်မှာ လှုပ်ရှားသွားတာမို့ ဘိန်းလုပ်ငန်းကို အုတ်မြစ်ချနိုင်ခဲ့တယ်။ ကွန်မြူနစ် တရုတ်ပြည်မှာ ဘိန်းစိုက်ပျိုးဖို့ ခက်ခဲလေလေ ရှမ်းပြည်က ဘိန်းလုပ်ငန်းလည်း ကြီးထွားလေလေဖြစ်လာတယ်။

တရုတ်ကွန်မြူနစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ယူနန်နယ်သားအများအပြား မြန်မာပြည်ထဲ ၀င်ရောက်ခိုလှုံပြန်ပါတယ်။ ဒီအထဲမှာ မွတ်စလင်တရုတ်နဲ့ မွတ်စလင်မဟုတ်တဲ့ KMT တရုတ်ဆိုပြီး နှစ်မျိုးရှိတယ်။ ကူမင်တန်တရုတ်တပ်က အကြွင်းအကျန်တွေကို KMT တရုတ်လို့ ခေါ်တာပါပဲ။ KMT တပ် ထိုင်ဝမ်နိုင်ငံကို ရွှေ့ပြောင်းတော့လည်း လိုက်သွားသူက နည်းနည်း၊ ထိုင်း-မြန်မာနယ်စပ်မှာ အခြေချသူများက များပါတယ်။ ဘိန်းဖြူနဲ့ ကျောက်မျက်မှောင်ခိုလုပ်ငန်းမှာ စီးပွားရှာကြသူတွေပါပဲ။

ဒီနေရာမှာ ယူနန်တရုတ်လို့ပြောပေမယ့် ကိုးကန့်တရုတ်၊ ‘၀’တရုတ်၊ KMT တရုတ်၊ ပန်းသေးတရုတ် စတဲ့ တရုတ်အားလုံး အကျုံးဝင်တယ်။ လောစစ်ဟန်၊ လောစစ်မင်း၊ ဖုန်ကြားရှင်၊ ဖုန်ကြားဖူး၊ ပေါက်ယူချမ်း၊ လင်မင်းရှန်၊ ခွန်ဆာ (ခေါ်) ချန်ရှီဖူး၊ ဝေဆူကိုင်စတဲ့ ဘိန်းမှောင်ခိုတွေဟာ တရားဝင်စီးပွားရှာခွင့်ရလာတယ်။ ငွေရင်းရှိတဲ့တရုတ်ဟာ သူတို့နဲ့ဆက်ပြီး စီးပွားရေးလုပ်ကြတယ်။ မဆလဆိုရှယ်လစ်ခေတ်မှာလည်း တရုတ်စီးပွားရေးသမားတွေပဲ ချမ်းသာကြတယ်။ မြန်မာက ဆိုရှယ်လစ်သင်တန်းတက်နေချိန်မှာ တရုတ်က မဆလစစ်ဗိုလ်ကိုလာဘ်ထိုးပြီး စီးပွားရေးလုပ်နေတော့ ချမ်းသာတာပေါ့။ ဗမာစစ်ဗိုလ်ကိုလာဘ်ထိုးပြီး စီးပွားရေးလုပ်တာ တရုတ်ထုံးစံဖြစ်နေပြီ။ ဗမာစစ်တပ်ကို ဆက်ကြေးမှန်မှန်ပေးနေရင် တရုတ်ပြည်နယ်ဟာ ကြီးပွားချမ်းသာဖို့သာ ရှိပါတယ်။ ငြိမ်းချမ်းတဲ့အခြေအနေမှာ တရုတ်ပြည်နယ်တွေဟာ အကြီးအကျယ်ချမ်းသာမယ့် အလားအလာရှိပါတယ်။