ဖင်လန်နိုင်ငံဖွား ကာရီ တာပီအိုလာ (Kari Tapiola) သည် ဂျနီဗာအခြေစိုက် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) ၏ အမှုဆောင်ညွှန်ကြားရေးမှူးအဖြစ် ၁၉၉၆ ခုနှစ်မှ စတင်တာဝန်ယူလာခဲ့သူ ဖြစ်သည်။ ပြီးခဲ့သည့် အပတ်က မြန်မာစစ်အစိုးရ ရုံးစိုက်ရာမြို့တော် နေပြည်တော်သို့ သွားရောက်ခဲ့ပြီး မြန်မာ နိုင်ငံ အတွင်း လုပ်အားပေးခိုင်းစေမှု အခြေအနေကို ကုလသမဂ္ဂက စောင့်ကြည့်လေ့လာရေး သဘောတူညီချက် သက်တမ်း ၁ နှစ် တိုးနိုင်ခဲ့သည်။
မြန်မာနိုင်ငံတွင် ရှိနေစဉ်ကာလအတွင်း သူက အလုပ်သမားဝန်ကြီး ဦးအောင်ကြည် အပါအ၀င် အခြားအရာရှိများနှင့် တွေ့ဆုံခဲ့ပြီး လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်နှင့် အလုပ်သမားများ လွတ် လပ်စွာ စုစည်းခွင့်ဆိုင်ရာကိစ္စများကို ဆွေးနွေးခဲ့ သည်။ သူက လုပ်အားပေး ခိုင်းစေခံရသည်ဟု သတင်း ရရှိသည့် နေရာများကိုလည်း သွားရောက် ခဲ့ပြီး ILO အဖွဲ့သို့ သတင်းပေးတိုင်ကြားမှုကြောင့် ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များနှင့်လည်း တွေ့ဆုံခဲ့သည်။ ကာရီ တာပီအိုလာက ဧရာဝတီ သတင်းထောက် ဘကောင်း၏ မေးခွန်းများကို ဖြေကြားခဲ့ပါသည်။
မေး။ ။ ILO အရာရှိတွေနဲ့ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့အကြားမှာ အဓိကဆွေးနွေးခဲ့တဲ့ အကြောင်း အရာတွေက ဘာတွေလဲ။ မြန်မာစစ်အစိုးရနဲ့ သဘောတူညီမှုအသစ်တွေ ရခဲ့တာရှိလား။
ဖြေ။ ။ အဓိက ခေါင်းစဉ်တွေကတော့ လုပ်အားခိုင်းစေခံရလို့ တိုင်ကြားမှုတွေနဲ့ပတ်သက်လို့ လုပ်ငန်းစဉ်တွေ ဘယ်လို လည်ပတ်ဆောင်ရွက်မယ် ဆိုတဲ့ ကိစ္စတွေနဲ့ လူအများကြား ပိုမိုသိမြင်လာစေရေး မြှင့်တင်ဆောင်ရွက်ဖို့ ကိစ္စတွေပါ။ အဲဒါအပြင် ကလေးငယ်တွေကို စစ်တပ်အတွင်း စည်းရုံးသိမ်းသွင်းနေတာကို တားဆီးကာကွယ်ဖို့နဲ့ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့် ကိစ္စတွေအပေါ်ကိုလည်း သီးခြားဆွေးနွေးခဲ့တာတွေ ရှိပါတယ်။
ထပ်ဆင့် နားလည်မှုစာချွန်လွှာ စမ်းသပ်ကာလ သက်တမ်းတိုးဖို့လည်း သဘောတူ လက်မှတ်ရေးထိုး ခဲ့ကြပါတယ်။ အဲဒါက ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလက စတင်ထူထောင်ခဲ့တဲ့ အိုင်အယ်လ်အိုရဲ့ ဆက်သွယ်ရေး အရာရှိက တိုင်ကြားမှုတွေလက်ခံဖို့ လုပ်ငန်းစဉ်ပါ။ အခုဟာက တတိယအကြိမ်မြောက် သက်တမ်းထပ်တိုး တာပါ။ နောက်ထပ် ၁ နှစ် ၂၀၁၁ ခုနှစ်အထိပါ။ ပုံစံကတော့ မပြောင်းလဲပါဘူး။
မေး။ ။ မြန်မာနိုင်ငံမှာ လုပ်အားပေးခိုင်းစေမှု နောက်ဆုံးအခြေအနေက ဘယ်လိုလဲ။ အသက်မပြည့် သေးတဲ့သူတွေကို စစ်တပ်ထဲ စည်းရုံးသွတ်သွင်းတာနဲ့ပတ်သက်ပြီး ခင်ဗျားထင်မြင်ချက်ကို ပြောနိုင်မလား။
ဖြေ။ ။ လုပ်အားပေးခိုင်းနေတဲ့ကိစ္စက မြန်မာနိုင်ငံတ၀ှမ်းမှာ ပြဿနာတစ်ခုအဖြစ် ဆက်ရှိနေတုန်းပါ။ အတိအကျ ကိန်းဂဏန်းတွေ မရနိုင်သလို၊ အခုအချိန်မှာ တိုင်းတာနိုင်မယ့် နည်းလမ်းတွေလည်း မရှိပါဘူး။ လုပ်အားပေးခိုင်းတာ အဆုံးသတ်သင့်ပြီဆိုတဲ့ အသိအမြင်ကတော့ အရပ်ဘက်အာဏာပိုင်တွေကြားမှာ ပိုကျယ်ပြန့် တိုးပွားလာပါတယ်။ ဒါပေမယ့်လည်း စစ်တပ်အတွင်းမှာ သည်လိုပဲလားဆိုတာတော့ မပြောနိုင်ပါဘူး။ အရပ်ဘက်က အာဏာပိုင်တွေရော၊ စစ်တပ်ဘက်က အာဏာပိုင်တွေရော ပါဝင်ပတ်သက်နေတဲ့အကြောင်း တိုင်ကြားချက်တွေ ကျနော်တို့ ရရှိနေပါတယ်။ စစ်တပ်ကိုယ်နှိုက်ကလည်း စီးပွားရေးလုပ်ငန်းတွေ အကြီး အကျယ် လုပ်ကိုင်နေတာပါ။
ကလေးတွေကို စစ်တပ်ထဲ သွတ်သွင်းနေတာက ပြဿနာပါ။ ဒါကိုတော့ အဆင့်မြင့်အရာရှိပိုင်းတွေမှာ သဘောပေါက်နေကြပါပြီ။ ကျနော်တို့ အရွယ်မရောက်သေးသည့် ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးကော်မတီနဲ့ တွေ့ဆုံပြီး ဘယ်လို အသက်ခွဲခြားသလဲ၊ စစ်တပ်က ပြန်နုတ်ထွက်စေတဲ့ လုပ်ငန်းစဉ်၊ ကျူးလွန်သူတွေအပေါ် အရေးယူတဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ ကြပါတယ်။
ကျနော်တို့ အများဆုံးရရှိတဲ့ တိုင်ကြားမှုတွေကတော့ အသက်မပြည့်သေးသူတွေကို တပ်သားအဖြစ် သွတ်သွင်း နေတဲ့ ကိစ္စတွေပါ။ အဓိပ္ပာယ်အရ ပြောရမယ်ဆိုရင် ဒါဟာ အဓမ္မလုပ်အားခိုင်းတာ တစ်မျိုးပါပဲ။ အခုလုပ်ငန်းစဉ် ပထမကာလ ၂ နှစ် (၂၀၀၇-၂၀၀၈) မှာ ကလေး ၄၂ ယောက်ကို ပြန်လွှတ်ပေးစေနိုင်ခဲ့ပါတယ်။ အချိန်အားဖြင့် ပျမ်းမျှ ၁၄၅ ရက်လောက် အချိန်ယူကြရပါတယ်။ ၂၀၀၉ ခုနှစ်မှာတော့ ရက်အားဖြင့် ၁၀၆ ရက်လောက် အကြာမှာ ကလေး ၃၀ လောက် ပြန်လွတ်လာပါတယ်။ အမှုအရေအတွက်က တိုးတက်လာပြီး အဖြေရှာနိုင်ဖို့ အချိန်က တိုတောင်းလာပါတယ်။ လွန်ခဲ့တဲ့အပတ်က ကျနော် မြန်မာနိုင်ငံထဲ ရှိနေတုန်း အသက်မပြည့် သေးသူကို စစ်တပ်ထဲ သွတ်သွင်းခံရတဲ့ သတင်းတိုင်ကြားမှု ၃ မှု ရှိပါတယ်။ လက်တွေ့အရတော့ အစိုးရက နှိုင်းယှဉ်ချက်အရ ပိုပြီးလျင်လျင်မြန်မြန် အပြုသဘောနဲ့ တုံ့ပြန်ဆောင်ရွက်ပါတယ်။ တခြား အဓမ္မ လုပ်အား ခိုင်းစေတဲ့ အမှုတွေကတော့ ပိုရှုပ်ထွေးပါတယ်။
မေး။ ။ လွန်ခဲ့တဲ့နှစ်က လူထုတွေဆီက တိုင်ကြားမှုတွေ တိုးလာသလား။ မြန်မာနိုင်ငံမှာ လုပ်အားပေး ခိုင်းစေခံရလို့ နစ်နာရသူတွေကို ILO က ဘယ်အတိုင်းအတာအထိ ကူညီနိုင်ပါသလဲ။
ဖြေ။ ။ တိုင်ကြားမှုက များပြားလာပါတယ်။ အဓိကကတော့ အသက်မပြည့်သေးသူတွေ စစ်သား စုဆောင်း ခံရတဲ့ ကိစ္စတွေ များပါတယ်။ တခြား အဓမ္မလုပ်အားခိုင်းစေခံရတဲ့ ပုံစံမှာတော့ တိုင်ကြားမှုတွေ နည်းလာပါ တယ်။ ကျနော် ထင်တာတော့ တိုင်ကြားလို့၊ တိုင်ချင်တဲ့သူတွေကို ကူညီပေးလို့ ဖမ်းဆီးတာတွေ၊ ထောင်ချတာ တွေ ရှိနေလို့ပါ။ ဒီကိစ္စတွေက အကျယ်အပြန့် သိနေကြတယ်၊ တိုင်ကြားဖို့ မ၀ံ့ဘူး ဖြစ်လာကြတယ်။
မေး။ ။ ရန်ကုန် ILO ရုံးကို တိုင်ကြားစာပို့လို့ ဖမ်းဆီးခံရတဲ့ နစ်နာရသူ ကာယကံရှင်တွေကို လွှတ်ပေးဖို့ ခင်ဗျား တောင်းဆိုခဲ့သေးလား။ ‘လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်’ အကြောင်း ဆွေးနွေးတော့ အစိုးရက ဘယ်လို တုံ့ပြန်ပါသလဲ။
ဖြေ။ ။ အခြားကိစ္စတွေလိုပဲ အခု တိုင်ကြားမှုလုပ်ငန်းစဉ်ကို အသုံးပြုချင်တဲ့သူတွေ၊ ILO ကို ထိတွေ့ ဆက်ဆံချင်သူတွေကို အားလုံး ထောင်ကပြန်လွှတ်ပေးဖို့ ကျနော် တောင်းဆိုပါတယ်။ ဒီအမှုတွေက သိပ်ပြီး အရေးကြီးပါတယ်။
ILO ရဲ့အာဏာပိုင်အဖွဲ့ (Governing Body) က ထောက်ပြသလိုပဲ ဒီအမှုတွေ ဖြေရှင်းနိုင်မှသာ တိုင်ကြားမှု လက်ခံရေး လုပ်ငန်းစဉ်တွေ အလုပ်ဖြစ်နိုင်ပါလိမ့်မယ်။ ကျနော်တို့က လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်နဲ့ အလုပ်သမားတွေ လွတ်လပ်စွာ စုစည်းခွင့်အကြောင်း အခြေခံသဘောတရားနဲ့ မူတွေကို ဆွေးနွေးခဲ့ကြပါတယ်။ အမြင်ဖလှယ်တော့ တက်တက်ကြွကြွ ဆွေးနွေးကြပါတယ်။ ၀န်ကြီးအများအပြား ပါဝင်သလို၊ ရှေ့နေချုပ်ရုံးနဲ့ တရားသူကြီးချုပ် ရုံးကလည်း ပါဝင်ခဲ့ကြပါတယ်။ အခုကိစ္စတွေက အခြေခံကျတဲ့ ပြဿနာတွေပါ။ အရေး အကြီးဆုံး ကတော့ တရားဝင်လှုပ်ရှားနိုင်တဲ့ အလုပ်သမားအဖွဲ့အစည်းတွေ လုံးဝမရှိတဲ့အချက်ပါဘဲ။
မေး။ ။ ရန်ကုန်မှာရှိတဲ့ ILO ရုံးနဲ့ အစိုးရ ပူးပေါင်းဆောင်ရွက်မှုအပေါ်မှာ ခင်ဗျား ကျေနပ်ပါရဲ့လား။ အစိုးရက ILO ရုံးနဲ့ ပိုပြီး ပူးပေါင်းဆောင်ရွက်လာတယ်လို့ ထင်ပါသလား။
ဖြေ။ ။ ကျနော်တို့ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်နဲ့၊ အလုပ်အဖွဲ့ထဲ ပါနေကြတဲ့ အခြားဝန်ကြီးဌာနတွေက ညွှန်/ချုပ် အဆင့် ကိုယ်စားလှယ်တွေနဲ့ အလုပ်သဘော ဆက်ဆံရေး ကောင်းမွန်ပါတယ်။ သူတို့က တိုင်ကြား ချက်တွေကို အစိုးရကနေ ဆက်လက်ဆောင်ရွက်ကြပါတယ်။ ယေဘုယျအားဖြင့် ပူးပေါင်းဆောင်ရွက်မှု တိုးတက် လာပါတယ်။ ဒါပေမယ့် အဓမ္မလုပ်အားပေးခိုင်းမှု နိဂုံးချုပ်အောင် ရေရှည်ဆက်သွားဖို့အတွက် လိုအပ်တဲ့ အဆင့်တွေကို မရောက်သေးပါဘူး။ ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ အဓမ္မလုပ်အားခိုင်းမှု ပြဿနာက ရှုပ်ထွေးသလို အကျယ်အပြန့် ထိတွေ့ဆက်ဆံဖို့လည်း လိုအပ်ပါတယ်။ အဖွဲ့အသီးသီး အကြား၊ အရပ်သားတွေနဲ့ စစ်တပ်အကြား ပူးပေါင်းဆောင်ရွက် ဖြေရှင်းမှသာ ဖြစ်နိုင်မှာပါ။
မေး။ ။ မြန်မာနိုင်ငံမှာ အလုပ်သမားအခွင့်အရေး အခြေအနေတွေ တိုးတက်ဖို့ ၂၀၁၀ ပြည့်နှစ်အတွက် ILO ဘာအစီအစဉ်တွေ ရှိသလဲ။
ဖြေ။ ။ တခုပြန်သတိရဖို့က အခုကာလမှာ လုပ်ဆောင်နေတဲ့အတိုင်း အိုင်အယ်လ်အိုရဲ့ လုပ်ပိုင်ခွင့်တာဝန်က လုပ်အားပေး ခိုင်းစေမှုကို နိဂုံးချုပ် အဆုံးသတ်နိုင်ရေးအတွက် ကူညီပေးဖို့ပါ။ အခုရည်ရွယ်ချက်ကို ၁၉၉၈ ခုနှစ်က လေ့လာစုံစမ်းရေးကော်မရှင်ရဲ့ အကြံပြုချက်တွေ၊ အဲသည်အချိန်ကစလို့ ချမှတ်ခဲ့တဲ့ အိုင်အယ်လ်အိုရဲ့ ဆုံးဖြတ်ချက်တွေနဲ့ တည်ထောင်ခဲ့တာပါ။ ၂၀၁၀ အတွက် ကျနော်တို့ အစီအစဉ်ကတော့ တိုင်ကြားမှု တွေလက်ခံတဲ့ လုပ်ငန်းစဉ်မှာ ပိုပြီး အပြည့်အ၀ လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ပါ။ ဒီလုပ်ငန်းနဲ့ ပတ်သက်တဲ့ ဥပဒေ လုပ်ထုံးတွေ အပေါ်မှာလည်း အပြည့်အ၀ လေးစားလိုက်နာလာဖို့ပါ။ အကယ်၍ လုပ်အားပေးခိုင်းစေမှုတွေ သိသိသာသာ ကျဆင်းလာဖို့ ဆိုရင်တော့ ပိုပြီး အသိပညာပေးမှုတွေ၊ လူအများက သတိထားမိလာအောင် ဆောင်ရွက်တဲ့ လုပ်ငန်းတွေ ပိုလိုအပ်ပါတယ်။
ရိုးရှင်းလွယ်ကူစွာ ရေးသားဖော်ပြထားတဲ့ လက်ကမ်းစာစောင်တွေ ထုတ်ဖို့ အစိုးရ သဘောတူညီပါတယ်။ ဒီစာစောင်တွေကို အခုလုပ်ငန်းစဉ်မှာ အသုံးချနိုင်ပါလိမ့်မယ်။ သေချာတာကတော့ နိုင်ငံရေး အခြေအနေ တွေကိုလည်း ကျနော်တို့က စောင့်ကြည့်နေပါတယ်။ ဖြစ်လာတဲ့ အခြေအနေအပေါ် အပြုသဘော တုံ့ပြန် သွားမှာပါ။ ။

No comments:
Post a Comment