3.01.2010
ယာယီပတ်စပို့လုပ်ရန် သွားသည့် မြန်မာအလုပ်သမားအချို့ အခက်ကြုံ
၁၊မတ်လ၊ ၂၀၁၀ ။
ပြီးခဲ့သည့် ကြာသပတေးနေ့က ထိုင်းမြန်မာနယ်စပ် မြ၀တီ၊ မဲဆောက် နယ်စပ်စခန်းသို့ ယာယီပတ်စပို့ လုပ်ရန် သွားကြသည့် မြန်မာ အလုပ်သမားအချို့  အခက်ကြုံနေရကြောင်း သိရသည်။
ဘန်ကောက်မြို့  အယ်ကရှိုင်လမ်း ၆၆/၆တွင် ဖွင့်လှစ်ထားသော ထိုင်းမြန်မာ ချစ်ကြည်ရေး ကုမ္ပဏီတွင် ယာယီပတ်စပို့ လုပ်ကိုင်ခအဖြစ် ဘတ်ငွေ၆၀၀၀ ပေးသွင်းထားသည့် မြန်မာ အလုပ်သမား၄၆ ယောက်တို့ ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ၂၅ရက် ကြာသပတေးနေ့ ကတည်းက မဲဆောက်သို့ လာခဲ့ကြသည်။
အိမ်အလုပ်သမ မချယ်ရီက“သမီးတို့ သောကြာနေ့ စောစောကတည်းက ရောက်ပါတယ်။ ဒါပေမယ့် ဘန်ကောက်က ကိုယ်စားလှယ်လည်း မပါ၊ မြ၀တီက သူတို့ ကိုယ်စားလှယ်လည်း ဂရုတစိုက် လုပ်မပေးဘူး၊ အစတုန်းက သမီးတို့ကိုစပြီး လက်ခံတုန်းက ထမင်းစားစရိတ်လည်း မကုန်စေရဘူး၊ အိပ်ရာနေရာလည်း မပူရဘူးလို့ ကတိက၀တ် ပြုခဲ့ပါတယ်။ ခုသမီးတို့ကို သူတို့ရုံးမှာလည်း အိပ်ခွင့်မပြုဘူး၊ ထမင်းလည်း မကျွေးဘူး၊ စားစရိတ်၊ နေစရိတ် တစ်နေ့ကို ဘတ်၁၀၀ လောက် ကုန်ကျနေပါတယ်။ အခက်အခဲ တွေ့ရတာပေါ့နှော်။ သမီး အခြားအလုပ်သမားတွေကို ပြောချင်တာက အပြောနဲ့ အလုပ် မကိုက်ညီတဲ့ ကုမ္ပဏီတွေနဲ့  မလုပ်ကြဖို့ သတိပေးချင်ပါတယ်”ဟု ပြောသည်။
ဘန်ကောက်မြို့  အယ်ကရှိုင် ၆၆/၆ ရှိ ထိုင်းမြန်မာ ချစ်ကြည်ရေး ကုမ္ပဏီ မှ မြန်မာဝန်ထမ်း ကိုစံရည်က “ဟုတ်ကဲ့ ၊ ရုံးပိတ်ရက်တွေနဲ့ ဆုံသွားလို့ပါ” ဟု သာ ဖြေဆိုသွားသည်။
နောက် အိမ်အလုပ်သမ မအေးက “ကျမတို့ကို လာမယ့် ဗုဒ္ဓဟူးနေ့မှာ လုပ်ပေးမယ်လို့တော့ ပြောပါတယ်။ ကျမတို့  အလုပ်သမား တစ်ယောက်အနေနဲ့ နယ်စပ်မှာ အိပ်စရာ နေစရာမရှိပဲ တစ်ပါတ်လောက် နေရမယ့် သဘောရှိနေပါတယ်။ ပိုက်ဆံတွေ ယူထားပြီးတော့ တာဝန်ကျေအောင် မလုပ်ဘူး၊ ကျမတို့ မကျေနပ်ဘူး၊ တစ်ယောက်ကို ဘတ်၁၀၀၀ အထက်မှာ ထပ်ကုန်မယ့် သဘောရှိနေတယ်”ဟု ပြောသည်။
ပြီးခဲ့သည့် ဖေဖေါ်ဝါရီ ၂၆ရက်နေ့က ဘန်ကောက်မြို့ အနီး မဟာချိုင်မြို့ သို့ လာရောက်ခဲ့သော ပြည်ထဲရေး ၀န်ကြီး ဗိုလ်ချုပ်မောင်ဦး ရောက်ရှိလာခဲ့ပြီး ထိုင်းအာဏာပိုင်များအပြင် မြန်မာ အလုပ်သမား အချို့ နှင့် တွေ့ဆုံခဲ့သည်။
မြန်မာ အလုပ်သမားရှစ်ထောင်ခန့် ရှိသော ထိုင်းယူနစ် ပင်လယ်အစားအစာ အလုပ်ရုံတွင် ဗိုလ်ချုပ်မောင်ဦးက ထိုင်းအာဏာပိုင်များအား မြန်မာအစိုးရဘက်မှ စရိတ် သက်သက်သာသာ ယူသကဲ့သို့ ဈေးနုန်း သက်သက်စွာ လုပ်ကိုင်ပေးရန် ပြောဆိုသွားခဲ့သည်။ နယ်စပ်စခန်းများတွင် ထိုင်းနိုင်ငံဘက်မှ အချိန်ကြန့် ကြာမှုများ မဖြစ်စေရန်လည်း ပြောခဲ့သည်။ မြန်မာအလုပ်သမားများ၏ နေရပ်ရင်း တို့ တွင် ဖမ်းဆီးခြင်း၊ ငွေတောင်းခြင်းများ မရှိကြောင်း၊ အကယ်၍ရှိခဲ့ပါက နေပြည်တော်သို့ လှမ်းပြီး သတင်းပို့ရန် ပြောဆိုခဲ့သည်။ ဆက်သွယ်နိုင်မည့် ဖုန်းနံပတ်ကိုမူ ပေးထားခဲ့ခြင်း မရှိပါ။
No comments:
Post a Comment