ဧပြီ ၁၁
ထိုင်းနိုင်ငံအလယ်ပိုင်း ခြုံဘူရီခရိုင် အချောင် လှေဆိပ်တွင် ရောင်းစားခံထားရာမှ မြန်မာအလုပ်သမားသုံးဦး ထွက်ပြေးလွတ်မြောက်လာခဲ့သည်။
နည်းအမျိုးမျိုးဖြင့် ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး ဘန်ကောက်မြို့ အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အသင်းသို့ ဧပြီလ ၇ရက်နေ့ က ရောက်ရှိလာခဲ့သည်။ အသက်၃၀အရွယ် မွန်ပြည်နယ် ကျိုက်ထိုမြို့ အောင်ဆန်း၂ ရက်ကွက်မှ ကိုဇင်ကိုမှာ ၇လခန့် ပင်လယ်ပြင်တွင် အခမရပဲ လုပ်ကိုင်ခဲ့ရသည်။ မကွေးတိုင်းစကုမြို့ နယ်၊ သဘောင်္ကျွန်း ရွာမှ အသက် ၂၇နှစ်အရွယ် ကိုဖြိုးနှင့် ရန်ကုန်၊ မရမ်းကုန်းမှ အသက် ၂၂နှစ်အရွယ် ကိုသန့် ဇင်တို့ မှာ ၂လခန့် လုပ်ကိုင်ခဲ့ရာမှ ထွက်ပြေးလွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။
ဦးဆောင်ထွက်ပြေးလာသူ တစ်ဦးဖြစ်သော ကိုဖြိုးက“လူအချင်းချင်း ကျွန်ပြုတယ်ဆိုတာ လက်တွေ့ ကျမှ ယုံ
ရပါတော့တယ်။ မြန်မာနိုင်ငံသား အချင်းချင်းပါ၊ အဲဒီမှာ ကျနော်တို့ကိုဝယ်ထားတဲ့ လူတွေက မွန်လူမျိုး တွေပါ။ သူတို့တွေက ထိုင်းငါးဖမ်းလှေတွေပေါ်မှာ လုပ်ခိုင်းပါတယ်၊ကျနော်တို့လုပ်နိုင်နိုင်/ မနိုင်နိုင် လုပ်ရ ပါတယ်၊ လကုန်လို့ လုပ်အားခထုတ်ရင် အဲဒီမွန်ပွဲစားတွေက ထိုင်းလုပ်ငန်းရှင်တွေဆီမှာ သွားပြီး ငွေထုတ်ပါတယ်၊
လှိုင်းမူးလို့ မလုပ်နိင်ဘူးဆိုလို့ မရဘူး။ ကျနော်လှိုင်းမူးလို့ ထိုင်နေတာ ကျနော့်ခေါင်းပေါ်မှာရေခဲခြင်း၃ခြင်း ကို တင်ပြီး ရေလောင်းချပါတယ်၊ ကလန်ကဆန်လုပ်ရင် ပင်လယ်ထဲပစ်ချတော့တာပဲ” ဟု ပြောသည်။ ကိုဖြိုးတို့ မိတ်ဆွေသုံးဦးစလုံး ပြီးခဲ့သည့် ၂၀၀၉ မေလ၊ ၁ ရက်နေ့တွင် မြ၀တီ ၀ါးတောရပ်ကွက်မှ အသက် ၄၀ ၀န်းကျင် ဗမာလူမျိုး ကိုသန်းဝင်း တို့ အဖွဲ့ မှ ထိုင်းနိုင်ငံတွင်းသို့  တင်ပို့ ခဲ့သည်။
ဘန်ကောက်မြို့ ငါးသေတ္တာရုံတွင် အလုပ်ရမည်ဖြစ်ပြီး လူတစ်ဦးစီ ဘတ်၁၂၀၀၀ ပေးရမည်ဖြစ်ကြောင်း သဘောတူ တက်လာခဲ့ကြခြင်းဖြစ်သည်။ စုစုပေါင်း လမ်း၁၀ ရက်လျှောက်ပြီး ကား၁ရက်စီးပြီးသောအခါ အချောင် လှေဆိပ်သို့ ရောက်ရှိခဲ့သည်။ အချောင်ပွဲစားများထံတွင် တစ်ယောက်ကို ၂၂၀၀၀နှင့် ၂၅၀၀၀ ဘန်နုန်းဖြင့် မွန်ပွဲစားများကို ရောင်းချခဲ့ သည်။
ကိုဖြိုးတို့လာစဉ်က လူပေါင်း ၂၈ ယောက်ဖြစ်ပြီး မိန်းကလေး ၅ယောက်ပါသည်။ မိန်းကလေး၅ယောက် ကိုမူ မဟာချိုင်သို့ ပို့ ပေးခဲ့သည်။
မွန်ပြည်နယ်ကျိုက်ထိုမြို့မှ ကိုဇင်ကိုက “ကျနော် ၉လပြည့်လာပြီ၊ မခံနိုင်တော့ဘူး၊ ခနလေးပဲအိပ်ရတယ်၊ အချိန်ပြည့် လုပ်နေရတယ်၊ ပင်ပန်းလည်းမနားရဘူး၊ဖျားလို့ လည်းမနားရဘူး၊ ကိုယ်ပင်ပန်းခံနေတာကို မိဘတွေစားရတယ်ဆိုလည်း လုပ်ပျော်ပါသေးတယ်။ခုဟာက မွန်ပွဲစားတွေကိုအသက်နဲ့ ရင်းပြီး လုပ်ကျွေးနေရတယ်၊ ကျနော်တို့မှာ လွတ်လပ်ခွင့်ဆိုတာမရှိဘူး၊ ဈေးဝယ်တော့လည်း သူတို့စါရင်း မှတ်ထားတယ်၊ ကျသင့်တာက ဘတ်၂၀၀ဖိုးဆိုရင် သူတို့ကဘတ်၃၀၀လို့ ရေးထားတယ်၊ ကျနော်တို့ ဘယ်လောက် စာရင်းမှတ်ထားထား အမှားအမှန်လုံးဝ ပြန်ပြောလို့မရဘူး၊ အဲဒီလိုမတရားလုပ်တာဗျာ” ဟုပြောသည်။
အဆိုပါအချောင်လှေဆိပ်တွင် နည်းအမျိုးမျိုးဖြင့် ရောင်းစားခံထားရသူပေါင်း ထောင်ပေါင်းများစွာရှိကြောင်း ထွက်ပြေးလာသူများက ပြောသည်။ နံနက်စောစော ၄နာရီတွင် လှေဆိပ်သို့ဆင်းရပြီး၁၅ ရက်တစ်ကြိမ် လှေပြန်ဝင်ချိန်တွင် မွန်ပွဲစားများက ဆိုင်ကယ်ဘေးတွဲများဖြင့် တင်ဆောင်ပြီး အခန်းကျဉ်းထဲတွင် အပြင်သို့  ဆက်သွယ်ခွင့်မပြုပဲ လှောင်ပိတ်ထားသည်။ ငွေကိုလုံးဝကိုင်ခွင့် မရှိသည့်အပြင် လူသစ်များ ၆လ မပြည့်မချင်း ဖုန်းဆက်ခွင့်မရှိပေ။
ရန်ကုန် မရမ်းကုန်းမှ ကိုသန့်ဇင်က “တချို့ လှေတွေမှာ ကလေးတွေလည်းပါတယ်၊ ကလေး အတော် များများရှိပါတယ်၊ ကျနော်တို့ တစ်ခုခုမလုပ်နိုင်လို့ဖြစ်ဖြစ် တစ်ခုခုပြောနေလို့ဖြစ်ဖြစ် အလုပ်နဲနဲ ရပ်နေရင် ပိုက်ဖါတဲ့ ချည်လုးံအချွန်နဲ့ ပစ်ပေါက်ခံရတယ်။ ထွက်ပြေးလို့ ပြန်ဖမ်းမိတဲ့လူဆိုရင် သေလုမျောပါး ၀ိုင်းရိုက်သတ်ကြတာ၊ အချို့ လှေပေါ်ကခုန်ချရင် သေဖို့က၈၀ ရာခိုင်နှုန်းသေချာပြီးသား၊ ဒါပေမယ့် သေချင်သေပစေ၊ ဒီလှေပေါ်က ငရဲခန်းက လွတ်ရင်ကျွတ်ရင်ပြီးရော ဆိုပြီး ခုန်ချတာတွေ အများကြီးရှိပါတယ်” ဟုပြောသည်။
ထွက်ပြေးသူများနှင့် ရောင်းစားခံထားရပြီး နှစ်ပတ်လည်တိုင်အောင်လုပ်ပြီး၊ ထိုင်းနိုင်ငံအတွင်းအခြားမြို့ များသို့ သွားလာရန် စီစဉ်ပြင်ဆင်ကြသူများအား မွန်ပွဲစားနှင့် ထိုင်းပုလိပ်တို့ ပေါင်းပြီးဖမ်းလေ့ရှိသည်။ ဖမ်းမိပါက မြန်မာအလုပ်သမားတစ်ဦးအား ဘတ်၃၀၀၀ ဖြင့် မွန်ပွဲစားကရွေးသည်။ အချောင်လှေဆိပ်မှ ထိုင်းရဲများမှာ မွန်ပွဲစားများခိုင်းသလို မြန်မာအလုပ်သမားများကို ဖမ်းဆီးလေ့ရှိသည်။
ထွက်ပြေးလွတ်မြောက်လာသူများအား တတ်နိုင်သရွေ့ ၀ိုင်းဝန်းကူညီပေးထားသည့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်း၏ နိုင်ငံခြားရေးဆက်ဆံရေးတာဝန်ခံ ဦးမျိုးနိုင်က “ ကျနော်တို့  ဒီလူကုန်ကူးမှု တိုက်ဖျက်ရေးကို လုပ်မယ်ဆိုပြီး ပြင်ဆင်လာတာဆိုရင် ၇လလောက်ရှိပါပြီ၊ ကျနော်တို့ ပိုင်ပိုင်နိင်နိုင် မလုပ်နိုင်လို့ ရှိရင် ကျနော်တို့သည်ပင် ဘယ်နေ့ ဘယ်နေရာမှန်းမသိ အသတ်ခံရနိုင်ပါတယ်၊ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့တွေ ကိုယ်တိုင်က အခက်အခဲတွေ ရှိနေတယ်နဲ့တူပါတယ်၊ ဒီလူကုန်ကူးမှုက အာဏာပိုင်အချို့တွေနဲ့ ပတ်သက်နေတယ်လို့သိရတယ်၊ တိတိကျကျပြောဖို့တော့ ခက်ပါတယ်၊ ရောင်းစားခံနေရတဲ့ မြန်မာပြည်သားတွေကို ကယ်တင်နိုင်မယ့် လူတွေ တစ်နေ့ တော့ပေါ်လာပါလိမ်မယ်လို့  ကျနော် ယုံကြည်ပါတယ်၊ ကျနော်တို့ အဖွဲ့ အနေနဲ့ လက်တွဲ ဆောင်ရွက်သွားပါမယ်” ဟုပြောသည်။
အဆိုပါ အချောင်လှေဆိပ်သို့ မြ၀တီ၊ မဲဆောက်ဘက်မှ မြန်မာအလုပ်သမားများ အများဆုံး ရောင်းစားခံရလေ့ရှိကြောင်း၊ လုပ်အားခမရ၊ အသက်အသေခံ၊ ဘ၀အပျက်ခံပြီး မွန်ပွဲစားများနှင့် ထိုင်းလုပ်ငန်းရှင်များအား အလုပ်အကျွေးပြုနေရသည့် မြန်မာအလုပ်သမားများ ထောင်ချီရှိကြောင်း ထွက်ပြေးလာသူများက ပြောသည်။ အချို့မိန်းကလေးများကို မွန်ပိုက်ဆရာများက ၀ယ်ယူထားလိုက်ပြီး အပျော်မယားမယားအဖြစ် အသုံးပြုသည်။ ၄င်းတို့ စိတ်ကျေနပ်သောအချိန်တွင် အခြားသူများသို့ ထပ်ဆင့် ရောင်းချခြင်းပြုသည်။ အချို့ မိန်းကလေးများကိုမူ ဘုံမယားအဖြစ်ဝယ်ယူထားပြီး အလှည့်ကျ လိင်ဆက်ဆံကြခြင်းများ အပြင် ရင်းနှီးသည့်မိတ်ဆွေများအားလည်း ဧည့်ဝတ်ပြုအိပ်စေကြောင်း ထွက်ပြေးလာသူများကပြောပြသည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။
(သင်္ကြန်အကြိုအထူးသတင်း)
No comments:
Post a Comment