4.30.2010

မြန်မာပြည် ဖွတ်တက်ပြီ

 ဧပြီ ၂၉၊ ရန်ကုန် ။
နအဖ၏ လက်ကိုင်ဒုတ် ကြံ့ဖွတ် ပါတီကို ဘောင်းဘီချွတ် ဗိုလ်ချုပ်များက ဦးဆောင်ပြီး ယခင်အမည်ကို မပြောင်းလဲပဲ ပါတီ အဖြစ်လျှောက်ထားလိုက်ပြီ ဖြစ်ရာ မြန်မာပြည် ဖွတ် တက်ပြီ ဟု ဆိုရတော့မည်ဖြစ်သည်။
 နအဖ ပိုင် တီဗီသတင်းဌာနများက ပြည်ထောင်စု ကြံခိုင်ဖွံ့ဖြိုးရေး ဟု အမည်ပေးထားသော အများ အခေါ် ကြံ့ဖွတ်က ပါတီထောင်ပြီ ဟု ကြေငြာသွားခဲ့ပါသည်။ ထိုပါတီကို မကြာသေးခင်က ဘောင်းဘီချွတ် ထားသော လက်ရှိဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် အပါအဝင် ၂၆ ဦးက ဦးဆောင်မည်ဟု တိုရာ ဦးဆောင် သူများမှာလည်း ဘောင်းဘီချွတ်များသာ ဖြစ်ရန် ရှိပါသည်။ 
ထိုအဖွဲ့ကြီးကို ၁၉၉၃ ခု စက်တင်ဘာလက စတင် ဖွဲ့စည်းခဲ့ပြီး ဥက္ကဌမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဖြစ်ပါ သည်။  နအဖ၏ နိုင်ငံရေးနှင့် လူမှုရေး မျက်နှာစာ လက်ရုန်းသဖွယ် မြန်မာစစ်အုပ်စုအတွက် အသုံးတော် ခံခဲ့ပါသည်။
အတည်မပြုနိုင်သေးသော်လည်း  စာရင်းဇယားများအရ  သူတို့တွင် အဖွဲ့ဝင် ၂၅သန်းရှိသည်ဟု ထုတ်ပြန် ကြေငြာထားပါသည်။
လက်ရှိဘောင်းဘီချွတ်ထားသော်လည်း ဝန်ကြီးချုပ်တာဝန်ကိုယူထားဆဲဖြစ်သူ ဦးသိန်းစိန်နှင့် နအဖ ထိပ်ပိုင်း ဗိုလ်ချုပ်များက ဦးဆောင်သည့်ပါတီသည် ရုပ်ပိုင်းဆိုင်ရာအရ ပြည့်စုံသော အင်အားကြီပါတီတခု ဖြစ်လာနိုင်မည်မှာ အသေအခြာပင် ဖြစ်ပါသည်။ 
ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်ရန်ပါတီပေါင်း ၂၅ဖွဲ့ လျှောက်ထားလျှက်ရှိရာ ၁၉၉၀ခုနှစ်မှ ယခုအချိန်အထိ တရားဝင် တည်ရှိနေသော ပါတီ ၁၀ ခုအနက် ၄ပါတီသာ မှတ်ပုံတင်ရန် လျှောက်ထားခဲ့ ပါသည်။ 
သို့ဖြစ်ရာ လက်ရှိပါတီများတွင် ကြွံ့ဖွတ်သာလျှင် အင်အားအကြီးမားဆုံးဖြစ်ရာ မြန်မာပြည်ဖွတ်တက်ပြီဟု ရည်ညွှန်းရတော့မည်ဖြစ်ပါသည်။
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

No comments:

Post a Comment