4.30.2010

ကိုဇာဂနာအပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့  HRW အဖွဲ့ တောင်းဆို

Photobucket

ဧပြီ၂၉

နာဂစ်သင့်ပြည်သူများကို ကူညီခဲ့မှုကြောင့် ထောင်နှစ်ရှည်ချမှတ်ခြင်း ခံနေရသော ကိုဇာဂနာ အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ အမေရိကန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာသူများ အဖွဲ့က ယနေ့ တောင်းဆိုလိုက်သည်။

I Want to Help My People  “ကျနော့်လူမျိုးတွေကို ကူညီချင်တယ်” အမည်ရှိစာမျက်နှာ ၁၁၁ မျက်နှာပါ အစီရင်ခံစာတစ်စောင်ကို မြန်မာနိုင်ငံမှာ နာဂစ်တိုက်ခတ်ပြီး ၂နှစ်ပြည့်ဖို့ တပတ်လောက်အလိုမှာ Human Rights Watch အဖွဲ့ က ထိုင်းနိုင်ငံဘန်ကောက်မြို့ မှာရှိတဲ့ နိုင်ငံခြားသတင်းထောက်များကလပ်မှာ ဒီကနေ့ ဖြန့်ချီလိုက်သည်။

ထိုင်းနိုင်ငံရေး မငြိမ်သက်မှုကြောင့် သွားလာရခက်ခဲ့တဲ့ ကြားကနေ နိုင်ငံတကာ သတင်းဌာနတွေနဲ့  ဘန်ကောက် အခြေစိုက် မြန်မာသတင်းသမားတွေ တက်ရောက်ခဲ့ကြသည်။ Human Rights Watch အဖွဲ့  ၊အာရှဌာနခွဲမှ ဒုတိယဒါရိုက်တာ မစ္စစ် Elaine Pearson နှင့် သုတေသနမှူး မစ္စတာ David Scott Mathieson တို့က ပင်တိုင် ရှင်းလင်းပြောကြားကြသည်။

ဒီအစီရင်ခံစာကို နာဂစ်သေသတွင်းမှ နာဂစ်ဒဏ်သင့် ပြည်သူပေါင်း ၁၃၅ ယောက်ကို တွေ့ ဆုံမေးမြန်းပြီး ပြုစုထားခြင်းဖြစ်သည်။ ဆိုင်ကလုန်းနာဂစ်ကြောင့် သေဆုံးသူပေါင်း ၁၄၀၀၀၀ (တစ်သိန်းလေးသောင်း)ရှိပြီး ၂သန်းလေးသောင်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း အစီရင်ခံစာတွင် ဖေါ်ပြထားသည်။ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းအတွင်းမှ ထိုမျှမကသော လူများသေကြေပျက်စီးနေခြင်းကို မြန်မာစစ်အစိုးရဟာ ဥပေက္ခာပြုပြီး ၂၀၀၈ ခု၊ မေလ ၁၀ကနေ ၂၄ ရက်နေ့ အတွင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုခိုင်းခဲ့ခြင်းမှာ အထူးအံ့သြ တုန်လှုပ်စရာဖြစ်ကြောင်း အဆိုပါအဖွဲ့ က ထောက်ပြပြောဆိုထားသည်။

နာဂစ်ဖြစ်ပြီးခါစ နိုင်ငံတကာအကူအညီများကို ငြင်းဆန်ခဲ့ပြီးနောက် ၂၀၀၈ မေလ ၃၁ ရက်နေ့ တွင် ကုလသမဂ္ဂ အဖွဲ့ ကြီး၊ အာဆီယံနဲ့ မြန်မာအစိုးရတို့က သုံးပွင့်ဆိုင် ကူညီရေးအဖွဲ့ကို ဖွဲ့ခဲ့ကြသည်။

သို့ ရာတွင် နာဂစ်သင့်ပြည်သူတွေကို ကူညီစောင့်ရှောက်သည့် လူတွေကို ဖမ်းဆီးတာ၊ ထောင်ချခြင်း၊ သတင်းယူတဲ့ သတင်းထောက်တွေကို ဖမ်းဆီးတာတွေ အပြင် နိုင်ငံတကာ မိသားစုတွေ လာရောက်ခြင်း ကိုလည်း တင်းကျပ်စွာ စောင့်ကြည့်တာကြောင့် ကူညီရေးလုပ်ငန်းတွေ နှောက်နှေးကြန့်  ကြာခဲ့ရသည်။ ထို့  အပြင် နာဂစ်ဒေသသို့ နိုင်ငံတော် စစ်ခေါင်းဆောင်များ လာမည်ဆိုလျှင် နာဂစ်ဒုက္ခသည်များက လမ်းတံတား နှင့် သန့်ရှင်းရေး လုပ်အားလည်း ပေးရကြောင်း အဆိုပါ အစီရင်ခံစာတွင် ရေးသားဖေါ်ပြထားသည်။ ယခု၂နှစ်ကြာခဲ့ပြီး ဖြစ်သော်လည်း နာဂစ် မုန်တိုင်းသင့် ပြည်သူများမှာ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများအပြင် စားဝတ်နေရေးများပါ အကျပ်အတည်း ဖြစ်နေဆဲဖြစ်သဖြင့် ၀ိုင်းဝန်းကူညီကြဖို့ လိုအပ်သေးကြောင်း အမေရိကန်အခြေစိုက် HRW အဖွဲ့ က ရေးသားထုတ်ဝေခဲ့သည်။

No comments:

Post a Comment