5.10.2010

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တနာရီကျော်ကြာ တွေ့ဆုံ

ရန်ကုန် မေ ၁၀ ။
အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့နေ့လည် ၂နာရီမှ ၃နာရီ ခွဲအထိ စိမ်းလဲ့ကန်သာဧည့်ဂေဟာတွင် တွေ့ဆုံခံကြပါသည်။ သူတို့၏ တွေ့ဆုံ ပြောကြားမှုများကို တရားဝင်ထုတ်ပြန် ပြောဆိုမည် မဟုတ်သေးသော်လည်း တွေ့ဆုံပွဲမစခင်တွင်  အမေရိကန် သံရုံးက သတင်းသမားများကို ဖိတ်ခေါ်ပြီး ဓါတ်ပုံရိုက်ခွင့် ပြုခဲ့ပါသည်။ ထို့အတူ အစိုးရ လုံခြုံ ရေး အရာရှိများသည်လည်း သူတို့ ဆွေးနွေးသည့် နေရာနှင့် အဝေးမှသာ စောင်ကြည့်နေသည်ကို တွေ့ရ ပါသည်။ 
ယခုအကြိမ်သည် အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ၆လအတွင်း ဒုတိယ အကြိမ် တွေ့ဆုံမှုလည်း ဖြစ်ပါသည်။ ပြီးခဲ့သော နိုဝင်ဘာလကလည်း အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ၂ နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခွင့် ရခဲ့ပါသည်။
မည်သို့ပင် ဖြစ်စေ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အကျယ်ချုပ်သက်တမ်း ကုန်ဆုံးသည့် နိုဝင်ဘာလ မှပင် လွတ်မြောက်ရမည့် အခြေအနေသည် အပြောင်းအလဲ တစုံတရာဖြစ်ပေါ်လာလိမ့်မည်ဟု ယူဆစရာ အကြောင်းရင်း တစုံတရာကို မြင်ရခြင်း မရှိသေးဟု နိုင်ငံရေး အကဲခတ်များက ဆိုပါသည်။
အမေရိကန် သမ္မတ မစ္စတာ အိုဘားမား၏ မြန်မာစစ်အုပ်စုနှင့် ပိုမို နီးကပ်စွာ ဆက်ဆံပြီး တိုးတက်သော အပြောင်းအလဲများ ဖြစ်ပေါ်ရန် ကျိုးစားဆောင်ရွက်နေသည့် အခြေအနေမှာ အခက်အခဲများရှိနေလိမ့်ဦးမည် ဖြစ်ပါသည်။ တင်းမာပြီး အတိုက်အခံ အင်အားစုများနှင့် ကွဲပြားခြားနားသော နိုင်ငံရေး အမြင်ကိုသာ ဆုတ်ကိုင်ထားသော စစ်ဗိုလ်ချုပ်များကြောင့် အပြောင်းအလဲ တစုံတရာ ဖြစ်လာနိုင်မည်မဟုတ်ဟု အကဲခတ်များက ဆိုပါသည်။

ပြည်တွင်း သတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

No comments:

Post a Comment