5.14.2010

အသက် ၉နှစ်အရွယ် မြန်မာအလုပ်သမား ကလေးငယ်တစ်ဦးအသတ်ခံရ

မေ ၁၄

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် ထိုင်မွန်မြို့ နယ် လံမကင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းနောက်ဖက်ရှိ ချောင်းထဲတွင် အသက် ၉နှစ်အရွယ် မြန်မာအလုပ်သမား ကလေးအလောင်းအား တွေ့ရှိခဲ့ကြောင်း သိရသည်။
ပန်းရံအလုပ်သမား ဖခင်ဦးတင်စိန်နှင့် ဒေါ်မိမိ တို့ ၏သမီးထွေး အသက် ၉နှစ်အရွယ် မသန်းလဲ့ထွေး မှာ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ ကတည်းက ပျောက်ဆုံးသွားခဲ့ရာ ၂ ရက် အကြာ မေလ၁၄ ရက်နေ့ နံနက်ပိုင်းက ဘုန်းကြီးကျောင်းနောက်ဘက်ရှိ ချောင်းငယ်ထဲတွင် အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။ အပြည့်အစုံသို့...

ဖခင်ဖြစ်သူ ဦးတင်စိန်က“ ကျနော့်သမီးလေးက အခန်းမှာအိပ်နေခဲ့ပါတယ်။ နေ့လည်ကျတော့ အလုပ်နားချိန်ဆိုရင် သူ့အမေ အလုပ်လုပ်တဲ့ နေရာကိုရောက်လာလေ့ရှိပါတယ်။ အဲဒီနေ့က ရောက်မလာဘူး၊ ကျနော်တို့က အိပ်နေလို့ မလာဘူးထင်နေတာ။ ညနေအလုပ်ပြီးတော့လည်း မတွေ့ဘူး။ လူတွေနဲ့ ၀ိုင်းရှာကြတယ်။ သမီးလေး တစ်ခုခုဖြစ်ပြီးဆိုတာ ကျနော်သိလိုက်ပြီ။ ကျနော့်မှာ ဘယ်သူနဲ့မှ ရန်ုငြိုးရန်စလည်း မရှိဘူး၊ ကျနော်တို့ အလုပ်သမားတွေနေတဲ့ တန်းလျားက နေပြီးတော့ အလုပ်ကိုလာရင် ဘုန်းကြီးကျောင်း မရောက်ခင် ဈေးဆိုင်ကလေး တစ်ဆိုင်ကို ဖြတ်လာရတယ်။ ကလေးခိုးတယ် ဘာညာဆိုပြီးတော့များ ရိုက်သတ်လိုက်လားတော့ မသိဘူး၊ ထင်တာပေါ့နော်၊ အတိအကျတော့မသိဘူး”ဟု ပြောသည်။

အလုပ်သမားတန်းလျားမှာ ဘုန်းကြီးကျောင်းအနီးတွင် ရှိပြီး အလုပ်သမားများမျာ ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း အလုပ်လုပ်ကိုင်နေကြခြင်း ဖြစ်သည်။ အဆိုပါသေမှု သေခင်းကြောင့် ဒေသတွင်း မြန်မာအလုပ်သမားများမှာ အထူးစိတ်မကောင်းဖြစ်နေကြရသဖြင့် ဒေသ အခြေစိုက် အင်ဂျီအိုအဖွဲ့ များသို့ ဆက်သွယ် အကူအညီ တောင်းခံခဲ့ကြသည်။

ကူညီဆောင်ရွက်ပေးသူ တစ်ဦးဖြစ်သည့် မြန်မာအလုပ်သမား ကိုယဉ်ထွေးက“ ကလေးခေါင်းမှာ ဒဏ်ရာတွေနဲ့ နောက်စေ့ပွင့်နေပါတယ်။ ပြီးတော့ ဘယ်ဘက်နားရွက် တစ်ဖက်လည်း ပြတ်နေတယ်။ လည်ပင်းမှာလည်း ညိုမည်းနေတယ်။ လည်ပင်းကို အညှစ်ခံရတဲ့ သဘောထင်တယ်။ အလောင်းကို ဆေးရုံကို ယူမလို့ ပြင်ဆင်နေကြပါတယ်။ နက်ဖြန်မှ သဂြိုဟ်ဖြစ်ပါမယ်”ဟုပြောသည်။

အစပိုင်းတွင် မိဘများနှင့် ပန်းရံအလုပ်သမားများက ယနေ့တွင် သဂြိုဟ်ရန် စီစဉ်ခဲ့ကြသော်လည်း ဒေသအခြေစိုက် အင်ဂျီအိုအဖွဲ့များ လာရောက်ကြည့်ရှုရာမှ သေမှုသေခင်းဖြစ်ခြင်းကြောင့် ဆေးရုံတွင် ဆေးစစ်ချက်ယူသင့်ကြောင်း သိရှိကြသဖြင့် ယခု ထိုင်းမွန်းဆေးရုံတွင် ကလေးအလောင်းအား စစ်ဆေးနေကြသည်။

ဖန်င အခြေစိုက် အခြေခံလူထု လူ့အခွင့်အရေး ပညာပေးဌာန GHRE မှ ပညာရေး တာဝန်ခံ ဦးမင်းသိန်းကျော်က“ ကျနော်တို့ကျောင်းက ကလေးပါ။ ပထမတန်းအောင်လို့ ဒုတိယတန်းကို တက်မယ့် ကလေးပါ။ ကျနော်တို့ ပညာရေးဌာနက ကျနော့်တို့ သားသမီးတွေပါ၊ စိတ်မကောင်းဘူး။ ဒီကလေးက ယောက်ျားလေးလို နေတတ်တယ်။ တစ်ယောက်တည်း အေးအေးဆေးဆေးနေချင်တဲ့ အကျင့်ရှိတယ်။ ဘာမှအပြစ်မရှိတဲ့ ကလေးလေးတွေပါဗျာ”ဟု ပြောသည်။

ပန်းရံအလုပ်သမား ဦးတင်စိန်နှင့် ဒေါ်မိမိတို့ တွင် သားသမီး ခုနစ်ဦးရှိသည့်အနက် ယခုသေဆုံးသည့် မသန်းလဲ့ထွေးမှာ အထွေးဆုံး သမီးဖြစ်သည်။ ကလေးမှာ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသည့် မိဘများထံသို့ ရောက်ရှိလာခဲ့သည်မှာ သုံးနှစ်ရှိပြီးဖြစ်ကြောင်း ဖခင်ဖြစ်သူကပြောပြသည်။

No comments:

Post a Comment