5.14.2010

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး နှင့် သဘောတူညီချက်များစွာ ရရှိခဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့ နေ့လည် ၁နာရီမှ ၃နာရီအထိ ၂ နာရီကြာ သူမ၏ အမှုကိစ္စအတွက် ရှေ့နေများနှင့် တွေ့ဆုံခဲ့ရာတွင် သူမနှင့် အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံစဉ် သဘောတူညီချက် များစွာ ရရှိခဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောပြခဲ့ကြောင်း ရှေ့နေ ဦးဥာဏ်ဝင်းက ပြောပြပါသည်။
သူမ၏ ရှေ့နေနှင့် NLD ၏ ဗဟိုကော်မတီဝင်လည်းဖြစ်သော ဦးဥာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည်က သူမ၏သည် မြန်မာ့အရေး ကိစ္စများနှင့် ပါတ်သက်ပြီး အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး နှင့် သဘောတူညီချက်များစွာ ရရှိခဲ့သည်ဟု ပြောသော်လည်း အသေးစိတ် အချက်အလက်များကို သိရှိရခြင်း မရှိသေးပါ။
ထို့အတူ ဒေါ်အောင်ဆန်းစုကြည်က NLD ဗဟိုဌာနချုပ်တွင် နိုင်ငံရေးအစည်းအဝေးများနှင့် နိုင်ငံခြားသား ဧည့်သည်များကို လက်ခံတွေ့ဆုံခြင်းများ မလုပ်ရန် မှာကြားခဲ့သည်ဟုလည်း ဆိုပါသည်။ ပါတီ ဗဟိုအလုပ်အမှုဆောင် အချို့ ပါတီထောင်ကာ ရွေးကောက်ပွဲဝင်ရန်မှတ်ပုံတင်သည့် ကိစ္စနှင့် ပါတ်သက်၍လည်း အများသဘောတူ တရားဝင် ဆုံးဖြတ်ချက်ကို ဆန့်ကျင်ပြီး ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် ဒီမိုကရေစီ ကျင့်စဉ်များနင့် မညီဟုလည်း ဝေဖန်ခဲ့ပါသည်။ ထိုသို့ နိုင်ငံရေး ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ရန် ဆောင်ရွက်နေသူများတွင် ဗဟိုကော်မတီဝင်များဖြစ်သော ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း ၊ ဒေါက်တာဝင်းနိုင်နှင့် ဦးသိန်းညွှန့်တို့ ပါဝင်သည်ဟု သိရပါသည်။ 
သတင်းသမားများက ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကန်ဘောင်ဘေးတွင် လမ်းလျှောက်၍ စကားပြောရန် ရွေးချယ်ခဲ့သည့် ကိစ္စနှင့် ပါတ်သက်ပြီး မေးမြန်းမှုကို ဦးဥာဏ်ဝင်းက သူမအနေနှင့် ဟော်တယ်တွင်းတွင် စကားပြောရန် ယုံကြည်စိတ်ချမှု မရှိသဖြင့် ထိုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဦးဥာဏ်ဝင်းက ဖြေကြားခဲ့သော်လည်း သူကိုယ်တိုင်အနေနှင့် မှတ်ချက်ပေးရန်ကိုမူ ငြင်းဆန်ခဲ့ပါသည်။

No comments:

Post a Comment