5.13.2010

မြန်မာပြည်တွင် ရေပြဿနာ ပိုမိုကြီးမားလာ

ရန်ကုန်၊ မေ ၁၃။ 
နာဂစ်ဒေသများတွင် သောက်ရေပြတ်လတ်သည့် ပြဿနာများ ကြိးမားစွာ ကြုံတွေ့နေရသလို ရန်ကုန် ကဲ့သို့သော မြို့ကြီးများတွင်လည်း အခက်အခဲများ ကြုံတွေ့နေရသည်ဟု သိရပါသည်။ 
ရန်ကုန်မြို့ခံတဦးက ပြောပြရာတွင် ရန်ကုန်မြို့တွင်းရေပေးစနစ်သည် လုံးဝနီးပါး ရပ်ဆိုင်းနေပြီး ၊ ကိုယ်ပိုင် အဝိစိ တွင်းများဖြင့် ရေတင်သုံးသူများမှာလည်း လျှပ်စစ်မီး ရရှိမှု ပိုမို နည်းပါးလာခြင်းနှင့် မိးလာချိန်များ အတိအကျ မသိရခြင်းတို့ကြောင့် အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု ရန်ကုန်မြို့ခံ တဦးက ပြောပါသည်။ 
“အဓိကကတော့ မီးပြဿနာပါ လျှပ်စစ်မီးက ပုံမှန် မရသလောက်ကို ဖြစ်နေတော့ ရေတင်ဖို့ ဘယ်လိုမှ အဆင်မပြေပါဘူး ။ မီးလာတဲ့ အချိန်မှာ ရေစက်ပေါင်း မြောက်များစွာ အပြိုင်အဆိုင် တင်နေရတဲ့အခါ မီးအားကျတာ ၊ နောက် ဝန်မခံနိုင်လို့ မီးပြန်ပြတ်တာတွေ ဖြစ်လာရပါတယ်။ ဒါကြောင့် သုံးရေအတွက် အတော်အခက်အခဲ ဖြစ်နေရပါတယ်။ အခုကျွန်တော်တို့ ရေသန့်ဘူးတွေ ဝယ်ပြီး ရေချိုးနေရတယ်။ တတ်နိုင်သူတွေ ဝယ်ပြီး အဲဒီလို သုံးနေပေမယ့် မတတ်နိုင်သူတွေ အတွက်တော့ အခက်အခဲ တော်တော်ဖြစ်လိမ့်မယ်လို့ တွေးမိပါတယ်။ အဲဒီလို ရေသန့်တောင် ဝယ်ချင်လို့ အလွယ်ဝယ်မရတဲ့ နာဂစ် ဒေတွေလို ဒေသတွေက လူတွေအတွက် တော်တော်လဲ တွေးပူမိပါတယ်။ ချိုးဖို့ရေ မပြောနဲ့ သောက်ဖို့ရေတောင် မရှိဘူး ဆိုတော့ ဒါဟာ ကပ်ဆိုက်နေတာပါပဲ ။ ကျွန်တ်ာတို့ မြန်မာ စကားပုံမှာ ရေအသက် တမနက်လို့ ဆိုရိုးစကား ရှိပါတယ်။ ရေလှူတာဟာလဲ အသက်ကယ်တာပါပဲ ။ ကျွန်တော်တို့လဲ ကိုယ်တိုင်ခံစားရတော့ ပိုပြီး စာနာမိတယ်။ တတ်နိုင်သူတွေ ဝိုင်းပြီး ကူပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။ ” ဟု ပြောပြသွားခဲ့ပါသည်။ 
ရန်ကုန်ကဲ့သို့ မြို့ကြီးများတွင်ပင် သုံးရေပြဿနာကို ကိုယ်တိုင် ခံစားနေရသူ တဦးက သောက်ရေ အခက်အခဲကြုံနေရသည့် ဒေသများကို ကိုယ်ချင်းစာစိတ်ဖြင့် ပြောပြလာခြင်းဖြစ်ပါသည်။

No comments:

Post a Comment