5.13.2010

ကျပ်မပြည့်သည့် ပျော်ရွှင်ခြင်း နိုင်ငံတော်ကြီး ဆီသို့

E-mail Print
ပူလွန်း သောကြောင့် ချင်းမိုင် ကျုံးရိပ် ခိုနေသော ဦးရုက္ခစိုးကြီးထံ မြန်မာဘီယာ ကြော်ငြာပုံ ပါသည့် ထီးကြီး တလက်ကို မနိုင့်တနိုင် ဆောင်းထားသည့် အရပ်ပုပုနှင့် လူတဦး ကွတ ကွတဖြင့် လျှောက်လှမ်း လာသည်။

ရုက္ခစိုး။     ။ ဟာ ချိုကုပ် ဆော်ကြမ်းပါလား။ ဘယ်ကလှည့်လာတာလဲ။

ဆော်ကြမ်း။     ။ ချိုကုပ် မဟုတ်ဘူးလေ။ ဘူးဆော်ကြမ်းလို့ ခေါ်ပါဗျ။ အခုကျုပ်က ဘောင်းဘီချွတ်လိုက်ပြီ။

ရုက္ခစိုး။     ။ သြော် … ဟုတ်သားပဲ … ဘူးဆော်ကြမ်း … ။ ဒါနဲ့ အလုပ်ပြောင်း လုပ်နေပြီထင်တယ် ဟုတ်လား။ ဘယ်တုန်းက မြန်မာဘီယာ ကြော်ငြာ ကိုယ်စားလှယ် လုပ်လိုက်တာလဲ။ ကျုပ်ကတော့ မသောက်ဘူးနော်၊ ဖိုးရှုပ်တို့ ကြွက်စုတ်တို့သိရင်တော့ ခင်ဗျားဆီက အလကား တောင်းသောက် လိမ့်မယ်။ ပူလွန်းလို့တဲ့၊ ဒီကောင်တွေ အရက်မသောက်ဘဲ ဘီယာချည်းပဲ ညတိုင်း သောက်နေတယ်။

ဆော်ကြမ်း။     ။ ဘယ်ကဘီယာကြော်ငြာ ကိုယ်စားလှယ် ရမှာလဲ ဦးရုက္ခစိုးရယ်။ ပြောလိုက်ရင် တလွဲချည်းပဲ။

ရုက္ခစိုး။     ။ ဘီယာကြော်ငြာပုံပါတဲ့ ထီးကြီး ဆောင်းထားတာကိုးဗျ။

ဆော်ကြမ်း။     ။ ဒါကတော့ ရတဲ့ထီး ဆောင်းလာရတာပဲလေ … မတတ်နိုင်ဘူး။ အခုခေတ်က ထီးဆောင်းမှ ခေတ်မီတယ် ပြောကြတာကိုး။ ဟို … ကန်းနေတဲ့ ဘဲ ဆိုလား … ဒီအမေရိကန်ကောင်တောင် ဒီတိုင်းနေတာ ဘယ်သူမှမသိဘူး။ ထီးဆောင်းပြီး ဒေါ်စုနဲ့ တွေ့လိုက်တော့ နာမည်ကြီးသွားတာ … မတွေ့ဘူးလား။ စီရော်နယ်ဒိုတောင် နောက်ကောက်ကျသွားတယ်။

ရုက္ခစိုး။     ။ ဒါကတော့ ခင်ဗျားတို့ အသံဖမ်းစက်တွေ ဘာတွေနဲ့ ခိုးနားထောင်မှာ စိုးလို့ပါဗျာ။

ဆော်ကြမ်း။     ။ သူမသိလို့ပါ။ ခိုးပဲနားထောင်ထောင်၊ ပြောင်ပဲ နားထောင်ထောင် … ဘာမှပဲ နားမထောင် မထောင် … ၊ သူ့ဘာသာ ပြောချင်ရာပြော … ကျုပ်တို့က ဂရုမှ မစိုက်ဘဲဟာ။ နောက်ဆုံးတော့ ကျုပ်တို့ သွန်သင်ဆုံးမတာတွေပဲ ပညာယူပြီး ပြန်သွားရတာပဲ မဟုတ်လား။

ရုက္ခစိုး။     ။ ဘူးဆော်ကြမ်းတို့ကလည်း လွန်လွန်းပါတယ်ဗျာ။ နည်းနည်းပါးပါး ဟန်ဆောင်ပန်ဆောင် အိနြေ္ဒရရလေးနဲ့ လုပ်သင့်တာပေါ့။ ခုတော့ ရွေးကောက်ပွဲမှာ နိုင်ငံတကာက စောင့်ကြည့်ဖို့ မလိုဘူးဆိုပြီး တည့်ကြီး ငြင်းလိုက်တော့ … နည်းနည်း ပြောင်ကျမနေဘူးလား။

ဆော်ကြမ်း။     ။ ပြောင်ကျတာကတော့ ကျုပ်တို့အကျင့်ပဲလေ။ မထူးဆန်းပါဘူး။ တကယ်လည်း မလိုလို့ မလိုဘူးပြောတာပါ။ ကျုပ်တို့နိုင်ငံက ရင့်ကျက်ပြီးသားဗျ။ ရွေးကောက်ပွဲ ဆိုတာတွေလည်း အပွဲပွဲ နွှဲပြီးသား။ ဘာမှ စောင့်ကြည့်နေစရာ မလိုဘူး။ သူတို့က စောင့်ကြည့်အဖွဲ့တွေဖွဲ့ပြီး လာစောင့်ကြည့်ရင် ကျုပ်တို့က ဘယ်လိမ်လို့ရတော့ မလဲ … အဲ … ယောင်လို့ …၊ အလကား အပိုတွေကုန်မယ်လေ၊ အဲဒါပြောတာပါ။

ထိုစဉ် သူတို့ရှိရာသို့ ထိုင်းနိုင်ငံအခြေစိုက် ဒလ အရေးကျွမ်းကျင်သူ ဦးကြောင်နိုင်သူနှင့် အသံတိတ်ဂျာနယ် ဆင်အီးယို ဦးနေဝင်းပြောင်တို့ စကားတပြောပြောနှင့် လျှောက်လာနေကြသည်။

ကြောင်နိုင်သူ။     ။ ဘန်ကောက်ကတော့ ကျသွားပြီဗျ။

နေဝင်းပြောင်။     ။ ဗျာ … ရှပ်နီတွေ၊ ကြွက်နီတွေ သိမ်းလိုက်ပြီလား။

ကြောင်နိုင်သူ။     ။ အဲဒါကို ပြောတာမဟုတ်ဘူးလေ … ဒိုနာတွေက ခါတိုင်းတွေ့နေကျ အဖွဲ့အစည်းတွေကို ခေါ်မတွေ့တော့ဘူး။ ဘန်ကောက်မှာ စီးထားတဲ့ အဖွဲ့တွေ နောက်ကောက်ကျသွားပြီ။ အဲဒါကို ပြောတာ။

နေဝင်းပြောင်။     ။ အေးဗျနော် … ခင်ဗျားလည်း အဲဒီ ပြည်ပ အတိုက်အခံအဖွဲ့တွေကို တော်တော် အဆဲ ကောင်းတယ် ထင်တယ်။ အခု အူးရီက ခင်ဗျားနဲ့ ကျုပ်နဲ့ကိုပဲ တွေ့တော့တယ် ဟီဟိ။ ဒါကလည်း မထူးဆန်းပါဘူးလေ။ ကျုပ်က မျောက်ဖြူတွေ ကြိုက်အောင် ဘယ်လိုပြောရမယ်ဆိုတာ သိတယ်ဗျ။

ကြောင်နိုင်သူ။     ။ ကျနော်ကတော့ လိုအပ်ရင် ဒီဘက်က အဖွဲ့တွေကို သေးလေးဘာလေး လှည့်ပြီး ကော့ပန်း ပြလိုက်တာပါပဲ။ အပန်း မကြီးပါဘူး။ ဒီမှာ ဦးနေဝင်းပြောင် … ခင်ဗျားကို လျှို့ဝှက်ချက်တခု ပြောပြမယ်။ အူးရီဆီက အီးတွေယူဖို့ … အဲ … မှားလို့ … ယူရိုတွေ ကျလာဖို့ စိတ်ရှည်ရမယ်ဗျ … ငှဲငှဲ။

နေဝင်းပြောင်။    ။ သိတယ် သိတယ်။ ခင်ဗျားတို့၊ ဖားယင်ကောင်သန်းတို့ နည်းတွေကို သိပြီးသား။ ကျုပ်ကလည်း ဉာဏ်စဉ် ရထားတဲ့သူပဲဟာ။ ခေသူမဟုတ်ဘူးနော်။ ဒေဝါလီမဂ္ဂဇင်းက အယ်ချုပ် ဂေါ်ကြီး ဆိုရင် ကျုပ်ကိုစေ့စေ့တောင် ကြည့်ရဲတာ မဟုတ်ဘူး။ ညှို့လိုက်မှာစိုးလို့။

ကြောင်နိုင်သူ။     ။ ကျုပ်ကတော့ ခင်ဗျားမျက်လုံးကို တည့်တည့်ကြည့်လို့မရဘူးဗျ။ ခင်ဗျားက အရပ်ပုတာကိုး။

ထိုသို့ ထိုသို့ လျှာအရိုးမရှိတိုင်း ပြောချင်ရာ ပြောလာသူနှစ်ဦးမှာ ဦးရုက္ခစိုးနှင့် ဘူးဆော်ကြမ်း စကားပြောနေသည့် နေရာနား ရောက်လာကြသည်။

နေဝင်းပြောင်။     ။ ဟာ … အဆင်သင့်လိုက်လေ … ဝန်ကြီးနဲ့ ဦးရုက္ခစိုးတို့ပါလား။

ဘူးဆော်ကြမ်းက ဦးနေဝင်းပြောင်ကို တွေ့သည်နှင့် ဦးရုက္ခစိုးနှင့် သူ့ကိုယ်သူ ကွယ်လိုက်သည်။

ဆော်ကြမ်း။     ။ ဟေ့ … ဟေ့လူ … ဝေးဝေး နေပါဗျာ … ခင်ဗျားကို ကျုပ် နည်းနည်းလန့်တယ်။

နေဝင်းပြောင်။     ။ ဘာလန့်စရာ ရှိလို့လဲ ဝန်ကြီးရာ … ကျနော်တို့အားလုံး တမော်တော်တည်းစီး … တခရီး တည်းသွားတွေ ပဲဟာ...။

ရုက္ခစိုး။     ။ တလှေတည်းစီး လုပ်ပါ။

နေဝင်းပြောင်။     ။ အခုခေတ်က လှေခေတ် မဟုတ်တော့ဘူးဗျ။ ဝင်မရှုပ်ပါနဲ့ ဦးရုက္ခစိုးရာ။ ဒီမှာ ဝန်ကြီး ကြုံတုန်းလေး စကားပါးလိုက်ပါရစေဗျာ …။ ချိုကုပ်ကြီးရွှေပန်းကို ပြောပေးပါ … သူသာလျှင် တပ်မတော်ရဲ့ တဦးတည်းသော ကျွမ်းကျွမ်းကျင်ကျင် စီမံခန့်ခွဲနိုင်သူပါလို့ … ကျနော်ကပြောတယ်လို့။ သူ့အပြင် တခြားသူ မရှိဘူး … ကျနော်တော့ တယ်မမြင်ဘူးလို့ … နော် … နော် … ပြောပေးနော် ဝန်ကြီး။ ကျနော် စာသင်ရင်လည်း အဲဒါအမြဲ ထည့်သင်တယ် သိလား။

ကြောင်နိုင်သူ။     ။ ဟေ့လူ … ချိုကုပ်ကြီး ဖင်တွန့်တုန်းကလည်း … မြန်မာပြည်ရဲ့ တခုတည်းသော ထွက်ပေါက်ဟာ ချိုကုပ်ကြီး ဖင်တွန့်ပါလို့ ခင်ဗျား ခဏ ခဏ ပြောတယ်နော်။ ဘယ်လိုဖြစ်တာလဲ။

နေဝင်းပြောင်။     ။ သြော် … ဒါကတော့ ဟိုကွေ့ရောက်ရင် ဟိုတက်နဲ့ရိုက် … ဒီကွေ့ရောက်တော့ ဒီတက်နဲ့ ထု ဆိုတဲ့စကား ရှိတယ် မဟုတ်လား။ မြှောက်ပြောလို့ ကျုပ်အကျိုးမယုတ်ပါဘူးဗျ။

ဆော်ကြမ်း။     ။ ခင်ဗျား အကျိုးမယုတ်ပေမယ့် … ချိုကုပ်ကြီးရွှေပန်းက မျက်ခုံးလှုပ်နေတယ်။ ခင်ဗျား ခဏ ခဏ ချီးကျူးတဲ့သူက လွင့်လွင့် ထွက်သွားလို့တဲ့။

နေဝင်းပြောင်။    ။ ဒါကတော့ ကျုပ်က ဉာဏ်စဉ် ရနေတာကိုးဗျ။ ဝန်ကြီး … ကျုပ် မျက်လုံးတွေကို စေ့စေ့ ကြည့်စမ်းပါဗျာ။

ဆော်ကြမ်း။     ။ တော် … တော်ပါပြီ မောင်နေဝင်းပြောင်ရယ်။ မကြည့်ပါရစေနဲ့။

နေဝင်းပြောင်။     ။ မဟုတ်သေးပါဘူး ဝန်ကြီးရယ် … ပြည်သူလူထုက ဝန်ကြီးတို့ရဲ့ စေတနာကို နားမလည်တာ ကျနော် ရင်နာလို့ မဆုံးဘူး။ စဉ်းစားကြည့်ဗျာ … စစ်တပ် တမတ်သား အစိုးရဆိုတာကို … အကောင်းမြင်တဲ့ ရှုထောင့်က မကြည့်တတ်လို့ပါ။ ဟုတ်တယ်နော် ကိုကြောင်နိုင်သူ။

ကြောင်နိုင်သူ။     ။ သေချာတာပေါ့ဗျာ။ ခင်ဗျား ဘာပြောပြော ကျုပ်က ထောက်ခံဖို့ အဆင်သင့်ပဲ။ ကျုပ်တို့ ကျောင်းတွေ ထောင်ခွင့်ရဖို့ အရေးကြီးတယ်၊ ဟုတ်တယ်မဟုတ်လား။ ထမင်းမစားရလည်း အရေးမကြီးဘူး။ ပညာရည်နို့ သောက်စို့ကြပေါ့။

နေဝင်းပြောင်။     ။ ဟုတ်တယ်ဗျ … ကျောင်းထက်အရေးကြီးတာ ရှိသေးတယ်။ ကလိုင်းမိတ်ချိန်းဖြစ်နေတဲ့ ကမ္ဘာကြီးကို ကျုပ်တို့ ကယ်တင်ရမယ်။ သစ်ပင်တွေ စိုက်ရမယ်ဗျ။ ကျုပ်တို့အားလုံး ပျော်ရွှင်ခြင်း နိုင်ငံတော်ကိုချီတက်ကြမယ်။

ရုက္ခစိုး။     ။ အဲဒါ အေးချမ်းမေရဲ့ သီချင်းမဟုတ်လား။ နောက်တပုဒ်တောင် ရှိသေးတယ်လေ၊ တစစီ ကျိုးပဲ့ကျေမွ စုတ်ပြတ်သတ် ဆိုလား ...။

နေဝင်းပြောင်။     ။ နေစမ်းပါဦး … ဦးရုက္ခစိုးရယ်။ စကားအကောင်း ပြောနေရင် ဝင်ဝင် မဖောက်ပါနဲ့။ အဲဒီ ပျော်ရွှင်ခြင်း နိုင်ငံတော် ကြီးမှာ ကျုပ်တို့ ပြည်သူလူထုက … ၇၅ ရာခိုင်နှုန်း နေရာရမှာဗျ ...။ ဘယ်လောက် ကျေနပ် ဂုဏ်ယူ ဝမ်းမြောက် ပျော်ရွှင်ဖို့ ကောင်းလဲ။

ရုက္ခစိုး။     ။ နေပါဦး၊ ခင်ဗျားရဲ့ ပျော်ရွှင်ခြင်းနိုင်ငံတော်မှာ မီးလာမှာလား၊ နိုင်ငံရေး အကျဉ်းသား ၂ ထောင်ကျော်နဲ့ … နယ်စပ်က တိုင်းရင်းသားတွေ၊ တောထဲမှာ ထွက်ပြေးနေရတဲ့သူတွေ၊ ပြည်ပရောက်နေတဲ့ ဒုက္ခသည်တွေ၊ ရွှေ့ပြောင်း အလုပ်သမား တွေ … တွေ ...။

ကြောင်နိုင်သူ။     ။ နေဦး … နေဦး။ အဲဒီလောက် မစဉ်းစားနဲ့ … ဦးရုက္ခစိုး။ ခေါင်းကိုက်မယ်။ ကျောင်းထောင်လိုက်ရင် အားလုံး အိုကေသွားမယ်။ လူတွေ ပညာတတ်ကုန်ရင် ပြီးပြီလေ … ဟုတ်တယ်မဟုတ်လား ကိုနေဝင်းပြောင်ရယ်။

နေဝင်းပြောင်။     ။ သိပ်ဟုတ်တာပေါ့ဗျာ။ လော့ဂျစ်ကယ်ကျကျ စဉ်းစားမယ်ဆိုရင် … ဥပမာဗျာ … အမှိုက်ရှုပ်ရင် ဘာလုပ်မလဲ။ တံမြက်စည်းနဲ့လှဲပြီး အမှိုက်ပုံးထဲထည့်လိုက် … ဟုတ်တယ်မဟုတ်လား။ ခုနက ဦးရုက္ခစိုးပြောတဲ့ဟာတွေက ပြဿနာတွေ၊ အမှိုက်ထုပ်တွေ … အဲဒါတွေကို အားလုံးသိမ်းကျုံးပြီး လွှင့်ပစ်လိုက်။ ကျန်တဲ့ ကျုပ်တို့လို လူတော်လူကောင်း … လူ့အညွန့်အဖူး၊ လူ့ထန်းလျက်ခဲလေးတွေက ပျော်ရွှင်ခြင်းနိုင်ငံကို ချီတက်ကြ … အနာဂတ်နိုင်ငံမှာ သစ်ပင်တွေနဲ့ စိမ်းလမ်းစိုပြေအောင် လုပ်ကြ … ဒါပဲပေါ့။

“ဒါနဲ့ ပြောရေးဆိုခွင့်ရှိသူ ဘူးဆော်ကြမ်းကကော … ဘာများ ပြောစရာရှိပါသလဲ ခင်ဗျာ” ဟု ဦးရုက္ခစိုးက ဒေဝါလီ မဂ္ဂဇင်း ရာဟုစကားဝိုင်း စတိုင်ဖြင့် ခပ်တည်တည် မေးခွန်းထုတ်လိုက်သည်။

ဆော်ကြမ်း။     ။ ရှိတယ် … ရှိတယ်။ သူတို့ပြောတာတွေ ကျုပ်တခုမှ နားမလည်ဘူး။

နေဝင်းပြောင်။     ။ ဟာ … ဝန်ကြီးကလည်း … ပျော်ရွှင်ခြင်းနိုင်ငံဆီ သွားကြမှာလေ။ သစ်ပင်စိုက်မယ်လေ။

ကြောင်နိုင်သူ။     ။ ကျောင်းတွေထောင်မယ်လေ။

ဆော်ကြမ်း။     ။ ကျောင်းပဲ ထောင်ထောင်၊ ကြမ်းပဲထောင်ထောင် … ထောင်ချင်ရာထောင်။ ကျုပ်တို့ အနှစ်နှစ်အလလ ကျားကုတ်ကျားခဲ ဘယ်သူ့မှမပေးဘဲ အတင်းလုထားရတဲ့ အာဏာလေး သူများ မပေးရအောင် ကြိုးစားလိမ်နေရတဲ့အထဲ ဘာတွေ လာပြောနေမှန်းမသိဘူး။ အရူးတွေ။

နေဝင်းပြောင်။     ။ ဟို … ကျနော်တို့ ပြည်သူလူထုက သုံးမတ်ရမှာလေ … ဟုတ်တယ်မဟုတ်လား။ သုံးမတ်ဆိုတော့ ကျပ်တော့ မပြည့်ဘူးပေါ့ … ဒါပေမယ့် ...။

ဆော်ကြမ်း။     ။ ပြောလေကဲလေပါလား  … ။ ဘယ်သူ့ကိုမှ ငါးပြားတောင် မပေးဘူး။ စိတ်ကူး သိပ်မယဉ်နဲ့။

ဘူးဆော်ကြမ်းက ပြောပြောဆိုဆို သူ့ထီးကြီးကို ဖွင့်ဆောင်းရင်း ဘောက်ဆတ်ဘောက်ဆတ် လျှောက်ထွက်သွားရာ … ဦးနေဝင်းပြောင်နှင့် ဦးကြောင်နိုင်သူတို့ နှစ်ဦးသား နဖူးခြင်းဆောင့်ရင်း ကျန်ခဲ့လေတော့သည်။

“ထွေရာလေးပါး” သည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းမှန်များအပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။

No comments:

Post a Comment