ဇူလိုင် ၇
ဘန်ကောက်မြို့ အနီး ပထုံဌာနီတွင်ရှိ ကယ်ဆယ်ရေးစခန်းတစ်ခုတွင် ထိမ်းသိမ်းခံနေရသော လူကုန်ကူး ခံခဲ့ရသည့် မြန်မာအလုပ်သမား ၁၀ ဦး အခက်အခဲကြုံနေကြရကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့်မေလက အလုပ်သမား၁၀ဦး ကန်ချန္နဘူရီ ၀န်သမြို့ နာနတ်သီးစက်ရုံမှ ပွဲစား ကိုထွန်းနှင့် မပု တို့က အလုပ်သမား၂၀၀၀ကျော်ခန့် ရှိသည့် စက်ရုံဝင်းအတွင်း မာလကာပင်တန်းလျား အမှတ်၄၉ အခန်းတွင် အစာရေစာမပေးပဲ အခန်းပိတ်လှောင်ထားစဉ် ကျန်းမာရေး အင်ဂျီအိုတစ်ခုမှ ၀န်ထမ်းတစ်ဦး အကူအညီဖြင့် ထိုင်းရဲများ လာရောက်ဖမ်းဆီး ကူညီပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါစခန်းအတွင်းရှိ မြန်မာများမှာ မနက်၈နာရီမှ ညနေ၅နာရီအထိ ပန်းရံအလုပ်များကို တစ်နေ့ ဘတ်၂၀၀ဖြင့် လုပ်ကိုင်နေကြရသည်။
ကို……..က “ဒီစခန်းမှာ ကျနော်တို့ နေထိုင်မကောင်းလို့ဖြစ်ဖြစ် ပင်ပန်းလို့ ဖြစ်ဖြစ် အလုပ်မဆင်းပါရစေနဲ့ လို့ တောင်းပန်တာမရဘူး။ ခိုင်းတာလုပ်ရမယ်။ ထောင်ပို့လိုက်မယ်လို့ ခြိမ်းခြောက် ခံနေရပါတယ်။ ကျနော်တို့ကို ဆက်ဆံတာ၊ လူကုန်ကူးခံရသူကို ဆက်ဆံတဲ့ ပုံစံမဟုတ်ပဲ၊ ပြစ်မှုတစ်ခုကြောင့် အကျဉ်း လာကျနေတဲ့ အကျဉ်းသားတွေလို ဆက်ဆံတာခံနေရပါတယ်။ အစားအသောက်ဆိုလည်း ကျနော်တို့ ကောင်းကောင်းမစားရဘူး။ ကျနော်တို့ဘာဖြစ်မယ်၊ ဘယ်တော့လွတ်မယ် ဆိုတာလည်း ဘာမှမသိရဘူး၊ မျှော်လင့်ချက်မဲ့တဲ့ ဘ၀ပါ”ဟု ပြောသည်။
ဖမ်းဆီးစဉ် လုပ်ငန်းရှင်က အမှုဖျောက်ပေးရန်အတွက်အလုပ်သမား၁၀ဦးအားဘတ်တစ်သိန်းခွဲပေးခဲ့ သော်လည်း အလုပ်သမားများက လက်မခံခဲ့ကြပဲ၊ မိမိတို့လူကုန်ကူးခံနေရမှုကို ဖေါ်ထုတ်ရန်သာ ဆန္ဒပြုခဲ့ကြသည်။
ပွဲစား၂ဦးမှာ ဒဏ်ငွေ၅၀၀၀ ဘတ် ၀န်းကျင်အရိုက်ခံရပြီး ပြန်လည်လွတ်မြောက်သွားပြီး ဖြစ်သော်လည်း လူကုန်ကူးခံရသည့် မြန်မာအလုပ်သမား၁၀ဦး တို့မှာ ယခုတိုင် ထိန်းသိမ်းရေးစခန်းအတွင်း နေထိုင်ပြီး အလုပ်လုပ်နေရဆဲဖြစ်သည်။ အဆိုပါ ဒုတိယအကြိမ် လူကုန်ကူးခံရသည့် မြန်မာ အလုပ်သမားများမှာ ထိုင်းနိုင်ငံအတွင်းပိုင်း ခေါင်ကိင်မြို့ ငါးဖမ်းပိုက်စက်ရုံတွင် ယာယီပတ်စပို့ဖြင့် အလုပ်လုပ်ကိုင် နေခဲ့ကြသူများ ဖြစ်ကြသည်။
ခေါင်ကိုင်စက်ရုံတွင် အခန်းခ၁၀၀၀စီ ဖြတ်တောက်ခံရခြင်းအပြင် ရေအခက်အခဲရှိသဖြင့် အလုပ်သမားများ အခက်ကြုံရသည်ဟု ဆိုသည်။
ကို………….က “ကျနော်တို့ ၂၀၁၀ မတ်လမှာ မဲဆောက်က ယာယီပတ်စပို့လုပ်ပြီး ပိုက်စက်ရုံမှာ အလုပ်လုပ်နေတာပါ။ ၁နှစ်လုပ်ပြီး ယာယီပတ်စပို့ဖိုး ဘတ်၁၈၀၀၀ ကျေမှ ကျနော်တို့ ပတ်စပို့ ကိုင်ရမှာပါ။ နံနက်၈နာရီကနေ ညနေ၈နာရီအထိ ၁၇၀ဘတ်ပဲရပါတယ်။ အဲဒီလိုအချိန်မှာ နာနတ်သီး စက်ရုံက ပွဲစားကိုထွန်းက ဖုန်းဆက်လာပါတယ်။ မနက်၈ နာရီမှ ညနေ၅နာရီထိကို ၁၆၉ ဘတ်ရမယ်။ အချိန်ပိုကြေးက တစ်နာရီကို ဘတ်၃၀စီ
ရတယ်။ အလုပ်ကောင်းတယ်လို့ ခေါ်ပါတယ်။ ကျနော်တို့က လမ်းစရိတ်မရှိလို့ပြောတော့ ဘတ်၃၀၀၀စီ ပေး
ရင် လာခေါ်မယ်လို့ပြောပြီး လာခေါ်ပါတယ်။ နာနတ်သီး အလုပ်ရုံရောက်တော့ ဘတ်၅၀၀၀ ပေးရမယ်လို့ ပြောပါတယ်။ ကျနော်တို့လည်း သည်းခံပြီး အလုပ်လုပ်နေကြပါတယ်”ဟု ပြောသည်။
နာနတ်သီးစက်ရုံကို ရောက်ပြီးနောက် လုပ်အားခ တစ်လစာကို ပွဲစားကိုထွန်းက ထုတ်ယူထားပြီးဖြစ်သည်။
နေထိုင်မကောင်း၍ အလုပ်နားကြသည်ကို ထွက်ပြေးမည်ဟု စွပ်စွဲပြီး တိုက်ခန်းတစ်ခန်းအတွင်း အစာရေစာမမကျွေးပဲ သော့ခတ်ထားသည်။
မေလ ၁၀နေ့ က ကျန်းမာရေး အင်ဂျီအိုတစ်ခု အကူအညီဖြင့် ထိုင်းရဲများ ဖမ်းဆီးပြီး ကယ်ဆယ်ရေးစခန်းသို့ ပို့ဆောင် ပေးခဲ့ခြင်းဖြစ်သည်။ ၄င်းတို့သည် မဲဆောက်မှ ပွဲစားတစ်ဦးနှင့် ယာယီပတ်စပို့လုပ်၍ ငါးဖမ်းပိုက်လုပ်သည့် စက်ရုံသို့ ရောက်ရှိခဲ့သော်လည်း ပတ်စပို့ဖိုး မကျေသေးသဖြင့် စာအုပ် လက်ဝယ် မရှိကြသေးချေ။
မဲဆောက်က အခြေစိုက် ရခိုင်အလုပ်သမား လှုပ်ရှားမှုအဖွဲ့တာဝန်ခံ ကိုထက်ခေါင်က “ဗမာတွေက မဲဆောက်က နေပြီးတော့ ငွေစိုက်စရာမလိုပဲ ဘန်ကောက်နဲ့  အခြားမြို့ကြီးတွေကို တရားဝင်သွားရမယ် ဆိုပြီး လက်မလည်အောင်ကို ယာယီပတ်စပို့ လုပ်နေကြတယ်။ သူကိုခေါ်ပါ။ ငါ့ကိုခေါ်ပါ ဖြစ်နေကြတယ်။ တစ်နေရာလည်း ရောက်ရော၊ ဟိုခုန်ဒီခုန် လုပ်ချင်ကြတာလဲရှိတယ်။ အချို့ဆိုရင် ဒီမှာပြောတာက တမျိုး ဟိုရောက်တော့ တစ်မျိုးတွေကြောင့် အလုပ်ရုံပြောင်းကြတာလည်း ဖြစ်နိုင်တယ်။ ခြုံပြောရရင်တော့ အလုပ်သမားတွေ အခြေအနေမကောင်းကြဘူးလို့  ကြားသိရပါတယ်”ဟု ပြောသည်။
၂ထပ်ကွမ်း လူကုန်ကူးခံရပြီး ကယ်ဆယ်ရေးစခန်းအတွင်း အခက်ကြုံနေရသူများမှာ-
(၁)အောင်စိုးလင်း၊ အသက်၂၈နှစ်၊ဖြူးမြို့အနောက်၊အိမ်အမှတ် ၅၅။ပဲခူးတိုင်း၊
(၂)မလွင်မာသန်း၊၂၂ နှစ်(အောင်စိုးလင်း၏ ဇနီး…………………………………………..)
(၃)တင်ကိုနိုင်၊အသက်၂၄နှစ်။ဒိုက်ဦး ကတုတ်ကြီးဘုရားကြီး၊ပဲခူးတိုင်း၊
(၄)မခိုင်၊အသက်၃၂နှစ်(တင်ကိုနိုင် ၏ ဇနီး………………………………………………….)
(၅)ရဲနီ၊အသက် ၃၁နှစ်၊ဒိုက်ဦးမြို့ နယ်၊ရှမ်စုအုပ်စု၊ကျောက်ကဏန်းရွာ။
(၆)ငဇေါ် အသက် ၁၉နှစ်၊မကွေးမြို့။
(၇)မနီလာ အသက် ၂၂ နှစ်၊မကွေးမြို့( ငဇေါ်အစ်မအရင်း)
(၈)ဟိန်းကို အသက် ၂၆ ကွမ်းခြံကုန်းမြို့
(၉)မျိုးခိုင်၊အသက် ၃၅နှစ် မြ၀တီ။
(၁၀)မမျိုးအေး၊အသက်၃၀ နှစ်၊မြ၀တီ တို့ဖြစ်ကြသည်။
အဆိုပါ ကယ်ဆယ်ရေး စခန်းအတွင်း မြန်မာနိင်ငံသား ၃၀ကျော်ရှိသည့်အနက် အထက်ဖေါ်ပြပါ လူဆယ်ဦး တို့မှာ ဗမာများဖြစ်ကြသည်။ ကျန်လူ၂၀အနက် အခြား တိုင်းရင်းသားများအပါအ၀င် မူဆလင်ဘာသာဝင် အချို့လည်း ရှိကြောင်း အဆိုပါအလုပ်သမားများက ပြောသည်။
ထိုင်းနိုင်ငံအတွင်း လူကုန်ကူးမှု ယန္တရားအား ထိုင်းအစိုးရ၊ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ထိုင်းအခြေစိုက် လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ တို့အနေဖြင့် ထိရောက်စွာ အရေးယူ ဆောင်ရွက်ခြင်း မရှိသေးသဖြင့် မြန်မာနိုင်ငံသားအချို့နှင့် ထိုင်းလူမျိုးအချို့တို့ ပူးပေါင်းပြီး လူကုန်ကူးမှုကို အကြီးအကျယ် လုပ်နေကြဆဲ ဖြစ်သည်။
အတော်ကြာမှ တစ်ကြိမ်ကို ဆယ်ဂဏန်းမျှသော လူကုန်ကူးခံရသည့် မြန်မာများကို ထိုင်းအာဏာပိုင်များက ရှောင်တခင် ၀င်ရောက်ဖမ်းဆီးကြောင်း သတင်းများ ထွက်ပေါ်လေ့ရှိသည်။ လူကုန်ကူးခံရသည့် မြန်မာများကို ဖမ်းဆီးပြီး နယ်စပ်သို့ ပြန်လည်ပို့ဆောင်ခြင်း ခံရသော်လည်း၊ လူကုန်ကူးမှု ဂိုဏ်းခေါင်းဆောင် များနှင့် တရားမ၀င် အလုပ်သမားများအား ခိုင်းစေနေသည့် ထိုင်းလုပ်ငန်းရှင်များကိုမူ မည်သည့်အခါမှ အေ၇းယူသည်ဟူ၍ မကြားဖူးချေ။ ထိုင်းနိုင်ငံအတွင်း အိမ်ဖေါ်အလုပ်၊ အိမ်တွင်း စက်မှုလက်မှုလုပ်ငန်းနှင့် ပင်လယ်အစားအစာ ထုတ်လုပ်မှု လုပ်ငန်းများအပါအ၀င်၊ ပင်လယ်ငါးဖမ်း လုပ်ငန်းများတွင် ပြင်ပနှင့် ဆက်သွယ်ခွင့် မရသူများ၊ မိမိလုပ်အားခများကို မရရှိရုံသာမက၊ မိမိ၏ အသက်ကိုပင်လျှင် အချိန်မရွေး အသတ်ခံနိုင်သော အခြေအနေများအောက်တွင် မြန်မာ အလုပ်သမားများ သိန်းချီရှိနိုင်ကြောင်း ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်နေသည့် ခြုံဘူရီမြို့မှ တသီးပုဂ္ဂလ ကယ်ဆယ်ရေးအဖွဲ့မှ ခေါင်းဆောင်တစ်ဦးက ပြောသည်။ ထို့သို့ဖြစ်ဆိုးများနှင့် ကြုံနေရသည့် မြန်မာ အမြောက်အများ ရှိနေကြသော်လည်း မြန်မာနိုင်ငံသားများမှာ တိုင်းပြည်အတွင်း နေထိုင်ရပ်တည်ရေးနှင့် စားဝတ်နေေ၇း အထူးခက်ခဲနေကြသဖြင့် ထိုင်းနိုင်ငံအတွင်းသို့ နယ်စပ်များမှ ရာချီပြီး နေ့စဉ် ၀င်လာနေကြဆဲဖြစ်သည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။
No comments:
Post a Comment