7.22.2010

မဲဆောက် - မြ၀တီလမ်းပိတ်ဆို့မှုကြောင့် ထိုင်းဘတ်ငွေ သန်းတစ်ထောင်ခန့်ဆုံးရှုံး

ဂျူလိုင် ၂၂၊ ကိုတီး၊ထိုင်ဘာသာပြန်(ရခိုင့်တံခွန်ဂျာနယ်)
မဲဆောက်မြ၀တီ နယ်စပ်ဂိတ်အား မြန်မာဘက်မှ ပိတ်ဆို့လိုက်သဖြင့် ထိုင်းဘတ်ငွေ ဘီလီယံနှင့်ချီ ဆုံးရှုံးနေကြောင်း ထိုင်းဘာသာဖြင့် ထုတ်ဝေသည့် ဒေလီးနယူး သတင်းစာတွင် ရေးသားထားသည်။
မြ၀တီနှင့် မဲဆောက်အကြား နစ်နွမ်းမွေဆိုသည့် ချောင်းနေရာတွင် ချောင်းရေတိုက်စားမှု သက်သာစေရန် ထိုင်းနိုင်ငံဘက်မှ ကျောက်တုံး ကျောက်ခဲများဖြင့် ကာရံလုပ်ကိုင်ခဲ့သည်။ ထိုကိစ္စအား မြန်မာ အာဏာပိုင်များက ရေလမ်းကြောင်း ပြောင်းသွားလျှင် မြန်မာပိုင်နယ် မြေများကို ပိုမိုတိုက်စားစေမည် ဖြစ်သဖြင့် မကျေမနပ်ဖြစ်ကာ ပြီးခဲ့သည့် ၁၀ ရက်ခန့်နေ့ ကတည်းက ထိုင်းမြန်မာ နယ်စပ်ဂိတ်ကို တစ်ဖက်သတ် ပိတ်ပစ်ခဲ့ခြင်းဖြစ်သည်။
မဲဆောက်မြို့အခြေစိုက် မြန်မာကုန်သည်ကြီးတစ်ဦးက “ထိုင်းအာဏာပိုင်တွေက ကျောက်ခဲတွေစီတဲ့ လုပ်ငန်း လုပ်တာပါ။ မနက်ဖြန် ထိုင်းအာဏာပိုင်တွေ နေပြည်တော်ကို သွားကြမယ်ပြောတယ်။ ဘာညာ ပေးလိုက်ရင် ပြီးသွားမှာပါ။ ဒီလို ဂိတ်ပိတ်လိုက်တဲ့အတွက် တစ်နေ့ကို ထိုင်းဘတ်သန်း ၆၀ ဖိုး ဆုံးရှုံးမှုရှိတယ် လို့တော့ ပြောတယ် ကျနော်တို့လည်း ငုတ်တုတ် ထိုင်စောင့်ပေါ့ဗျာ”ဟု ဆိုသည်။
တံတားပိတ်ဆို့လိုက်ခြင်း ကိစ္စကို ထိုင်းဝန်ကြီးချုပ် အဘီဆစ်ဝိချာချီဝ ကမသိသေးကြောင်း၊ နောက်လတွင် သူ မြန်မာနိုင်ငံကို သွားရန်ရှိကြောင်း ပြောဆိုသွားသည်။ ဂျူလိုင် ၂၈ ရက်နေ့တွင် စီးပွါးကူးသန်း ၀န်ကြီး နိုင်အလုံလော်ဖုန်ဖုပ် မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။ တပြိုင်တည်းတွင် ထိုင်းနယ်စပ် ကန်ချနဘူရီနှင့် ထားဝယ်မြို့ကို ဆက်သွယ်မည့် တံတားတစ်စင်းအား ထိုင်းနိုင်ငံဘက်မှ အကုန်အကျခံ တည်ဆောက်မည့် ကိစ္စကိုပါ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းစာတွင် ဖေါ်ပြထားသည်။

No comments:

Post a Comment