7.22.2010

ယာဉ်မောင်း လိုင်စင်လုပ်ပေးခြင်းကို ရနောင်းဒေသခံ ဆိုင်ကယ်တက္ကစီ မောင်းသူများ ကန့်ကွက်ဆန္ဒပြ

ဇူလိုင် ၂၂
ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့ဒေသခံ ဆိုင်ကယ်တက္ကစီမောင်းသူများက မြန်မာအလုပ်သမားများအား ယာဉ်မောင်း လိုင်စဉ်လုပ်ပေးခြင်းအား ရပ်တန့်ပေးရန် ယမန်နေ့က တောင်းဆို ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
ရနောင်းမှ မြန်မာအလုပ်သမား ကိုအေးက “မနေ့ညနေ ၃နာရီလောက်မှာပါ။ ရနောင်းမြို့တော်ဝန် အိမ်ရှေ့မှာ ဆိုင်ကယ် တက္ကစီသမားတွေက စုပေါင်းပြီးတော့ ဆန္ဒပြကြတာ ဖြစ်ပါတယ်။ ထိုင်းဆိုင်ကယ်သမားတွေ ပြောတာကတော့ မြန်မာအလုပ်သမားတွေ ယာဉ်မောင်းလိုင်စင်တွေ လုပ်လိုက်တော့ သုံးဘီိးဘေးတွဲ ဆိုင်ကယ်တို့၊ သုံးဘီးဆိုင်ကယ်တို့တွေ အပြင် ကိုယ်ပိုင်ဆိုင်ကယ်တွေလည်း စီးလာကြတယ်။ ဒါကြောင့် ထိုင်းဆိုင်ကယ်သမားတွေ အဆင်မပြေဖြစ်လာကြတယ်ပေါ့။ ဒါကြောင့် ဒီမြန်မာတွေကို လုပ်ပေးနေတဲ့ ယာဉ်မောင်း လိုင်စင်တွေကို လုပ်မပေးဖို့ တောင်းဆိုကြတာဖြစ်ပါတယ်။ မြို့တော်ဝန်အိမ်မှာ မရှိတဲ့အတွက် အတိအကျ ဘာမှမသိရဘူး”ဟု ပြောသည်။
ထိုင်းအစိုးရက ရွေ့ပြောင်း အလုပ်သမားများ အနေဖြင့် ယာယီပတ်စပို့ လုပ်ပြီးသူများအား ယာဉ်မောင်းလိုင်
စဉ်လုပ်ပေးရန် ထိုင်းအစိုးရက ဥပဒေပြဌာန်းထားခဲ့သည်။ ထိုင်းလုပ်ငန်းရှင်များ အနေဖြင့် ယာဉ်မောင်းလိုင်စင် ရှိသည့် မြန်မာရွေ့ပြောင်း အလုပ်သမားတစ်ဦးအား လုပ်အားခ တစ်လလျှင် ဘတ်ငွေ၆၀၀၀ ၀န်းကျင်ခန့်ဖြင့် ခိုင်းစေ၍ ရသော်လည်း ထိုင်း ယာဉ်မောင်းတစ်ဦးအား ငှားရမ်း အသုံးပြုမည်ဆိုပါက အနည်းဆုံးဘတ် ၁၅၀၀၀၀ ပေးရမည်ဖြစ်သဖြင့် လုပ်အားခ ဈေးနုန်းသက်သာသည့် မြန်မာအလုပ်သမားများကိုသာ ခိုင်းစေသည်။
ထိုင်းနိုင်ငံတောင်ပိုင်း ဖန်င အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ေ၇း ဖေါင်ဒေးရှင်း ဒါရိုက်တာ ဦးထူးချစ်က “တရားဝင် အခွန်ဆောင်ပြီးနေထိုင်တဲ့ ဘယ်နိုင်ငံသားကိုမဆို နိုင်ငံတိုင်းမှာ ယာဉ်မောင်း လိုင်စင် ထုတ်ပေးတာပဲလေ။ ပြီးတော့ တရားဥပဒေအတွင်းက လူတိုင်းရသင့်ရထိုက်တဲ့ အခွင့်အရေးသာ ဖြစ်တယ် ဒေသခံတွေကို အနိုင်အထက်ပြုတာ၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိတ်ပင်တာလို့တော့ ကျနော်မမြင်ပါဘူး၊ ထိုင်းလူမျိုးတွေ အလုပ်အကိုင် အခွင့်အလမ်းကိစ္စက ထိုင်းအစိုးရ ဖြေရှင်းရမယ့် ကိစ္စပဲဖြစ်တယ်။ သူတို့ စွတ်စွဲသလို လူကုန်ကူးမှုနဲ့ မူးယစ်ဆေးဝါး သယ်ဆောင်မှုဆိုတဲ့ ကိစ္စတွေက ထိုင်းလူမျိုးတွေ မပါပဲဘယ်လိုမှ လုပ်လို့ရတဲ့ ကိစ္စမဟုတ်ဘူး။ လုံးဝ အခြေအမြစ်မရှိတဲ့ စကားပဲဖြစ်တယ် ”ဟု ပြောသည်။
အလုပ်သမားများအား လိုင်စဉ်ထုတ်ပေးခဲ့ခြင်းသည် ဒေသခံ ထိုင်းလူမျိုးများ အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံးမှုများခြင်း၊ အပြင် အခြား သမိုင်းကြောင်းဆိုင်ရာ အချက်များကြောင့် ဒေသခံ ထိုင်းလူမျိုး အတော်များများတို့က မြန်မာအလုပ်သမားများကို အမြင်မကြည်လင်မှုများ ရှိနေဆဲဖြစ်သည်။ သို့ရာတွင် ထိုင်းနိုင်ငံအတွင် လာရောက် အလုပ်လုပ်ကိုင် နေကြသည့် ရွေ့ပြောင်းအလုပ်သမားများ တရားဝင် ယာဉ်မောင်းလိုင်စင် လုပ်ကိုင်ခွင့်ရရှိရေးအတွက် လူ့အခွင့်အရေး အဖွဲ့များက တောင်းဆိုလာ ခဲ့သည်မှာ နှစ်ပေါင်း အတော်ကြာခဲ့ပြီးဖြစ်သည်။ ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်နေ့က ဖန်ငခရိုင် တကွန်ပါမြို့နယ် ထိခက်ရွာရှိ၊ လူထုခမ်းမတွင် ထိုင်းအာဏာပိုင်များနှင့် ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ဌာနတို့က ဒေသအခြေစိုက် မြန်မာအလုပ်သမားများ ယာဉ်စည်းကမ်းနှင့် လမ်းစည်းကမ်းဆိုင်ရာ ပညာပေး ဟောပြောပွဲကို ကျင်းပခဲ့ကြသည်။
ရွေပြောင်း အလုပ်သမားများအား ယာဉ်မောင်းလိုင်စင် လုပ်ပေးခြင်းသည် လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါး သယ်ဆောင်ခြင်း လုပ်ငန်းကို အားပေးအားမြှောက်ပြုရာ ရောက်ကြောင်း ဆန္ဒပြသူများက ခန့်မှန်းစွပ်စွဲ ပြောဆိုနေကြသည်။

No comments:

Post a Comment