8.17.2010

ဖမ်းဆီထားသည့် ရခိုင်သမိုင်းပညာရှင်နှင့် ရခိုင်ကျောင်းသားလူငယ်၁၁ဦးအား အမြန်ဆုံးလွှတ်ပေးရန်တောင်းဆို

Photobucket

သြဂုတ် ၁၇
ဂျပန်နိုင်ငံအခြေစိုက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ပြီး ယနေ့ မွန်းလွဲပိုင်းက ဂျပန်နိုင်ငံ တိုကျိုမြို့ မြန်မာသံရုံးရှေ့တွင် ဖမ်းဆီးခံနေရသည့် ရခိုင်သမိုင်းပညာရှင် အသျှင်ဦးပညာစာရ နှင့် ရခိုင် ကျောင်းသား လူငယ်၁၁ဦးအား အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုဆန္ဒပြခဲ့ကြကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့ အာကျိတ်တော်ကုန်း၊ မဟာမုနိ ၀ိဟာရ ပရဟိတ္တကျောင်းတိုက်မှ သမိုင်းပညာရှင် ရမ္မာဝတီ အသျှင်ပညာစာရအား မတရားအမှုဆင် ဖမ်းဆီးထားမှုနှင့် ရခိုင်ကျောင်းသားလူငယ် ၁၁ဦးတို့အား မတရားအမှုဆင်ပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်ခြင်းတို့ကို ချက်ခြင်းရပ်တန့်ပေးရန် ဂျပန်ရောက် ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်ဝင်များနှင့် မြန်မာအရေး လှုပ်ရှားတက်ကြွသူများ ၅၀ ဝန်းကျင်ခန့်တို့က ဆန္ဒပြ တောင်ဆိုကြခြင်းဖြစ်သည်။
ဆန္ဒပြပွဲကို ဦးဆောင်စီစဉ်သူတစ်ဦးဖြစ်သော ဂျပန် ALD ပါတီ ဒုဥက္ကဌ ဦးထွန်းအောင်ခင် က “ မတရား အမှုဆင် ဖမ်းဆီလိုက်တဲ့ ရခိုင့်သမိုင်းပညာရှင် ရမ္မာဝတီ အသျှင်ပညာစာရကို ပြန်လွှတ်ပေးဖို့  ပြီးတော့ အဲဒီ
အသျှင် အနှစ်နှစ်အလလ စုဆောင်းထားတဲ့ ရခိုင်သမိုင်းဆိုင်ရာ အထောက်အထားတွေဖြစ်တဲ့ ရှေ့ဟောင်း ဘုရားဆင်းတုတော်တွေ၊ ကျမ်းစာ၊ ပေစာ၊ ပုရပိုက်စာတွေနဲ့ ရှေ့ဟောင်း ရွှေ/ငွေဒင်္ဂါးပြားတွေကို ပြန်လည်ပေးအပ်ဖို့၊ ဒီရှေ့ဟောင်း အမွေအနှစ်တွေကို စစ်အစိုးရအနေနဲ့ မဖျက်ဆီးပစ်ဖို့နဲ့ ရခိုင် ကျောင်းသား လူငယ် ၁၁ ဦး တို့ကို ချက်ခြင်းပြန်လွှတ်ပေးဖို့ ကျနော်တို့ တောင်းဆိုပါတယ်” ဟု ပြောသည်။
ဆရာတော်ကို ဖမ်းဆီးပြီးနောက် ဆရာတော်ကျောင်းတွင် ကျွေးမွေးစောင့်ရှောက်ထားသည့် မိဘမဲ့ကလေး
ငယ် တစ်ရာကျော်တို့အား စစ်အစိုးရက မကွေးတိုင်း၊ မင်းဘူးနှင့် မန္တလေးမြို့များသို့ သယ်ဆောင် သွားခဲ့သည်။
အဆိုပါ ကလေးငယ်များအား စစ်တွေမြို့မိမြို့ဖများက ဗမာပြည်သို့ ခေါ်ယူခြင်းမပြုရန် မေတ္တာရပ်ခံခဲ့သော်
လည်း အာဏာပိုင်များက လျစ်လျူရှုခဲ့သည်။
ဇူလိုင်၂၆ရက်နေ့က ဖမ်းဆီးခဲ့သော၊ သက်တော်၅၇နှစ်အရွယ်ရှိ သမိုင်းသုတေသီ ဆရာတော်ကို အတင်းအဓ္ဓမ လူဝတ်လဲစေပြီး သာသနာတော် ညှိုးနွမ်းစေမှု အပါအ၀င် ပုဒ်မပေါင်း ၇ခုထက်မနည်းဖြင့် စစ်အစိုးရက တရားလိုပြု တရားစွဲဆိုထားသည်။ ယခုအခါ ဆရာတော်အား စစ်တွေ အကျဉ်းထောင်တွင် ဖမ်းဆီးချုပ်နှောင်ထားသည်။
၂၀၀၉ခုစက်တင်ဘာ၎ရက်နေ့ က၊ အမေရိကန်နိုင်ငံသား၊ မြန်မာပြည်ဖွား ကိုညီညီအောင်နှင့် တရက်တည်း ဖမ်းဆီးခံခဲ့ရသည့် ရခိုင်ကျောင်းသား လူငယ် ၁၁ ဦးတို့အား တရားမ၀င် နယ်စပ်ဖြတ်ကျော်မှု အပါအ၀င် ပုဒ်မအမျိုးမျိုးဖြင့် ထောင်ဒဏ်၃နှစ်မှ ၈အထိ အင်းစိန်ထောင်တွင်း တရားရုံးက သြဂုတ်လ ၁၁ ၇က်နေ့တွင် ချမှတ်ခဲ့သည်။
ရခိုင်လူငယ်၁၁ဦးတို့မှာ အသက်၂၀ ဝန်းကျင် အရွယ်ရှိ လူငယ်များ ဖြစ်ကြပြီး၊ ကိုခိုင်ကျော်မိုး၊ ကိုထွန်းလင်းကျော်၊ ကိုနိုင်စိုး(ခေါ်)မဲလုံး၊ ကိုကျော်စံသိန်း၊ ကိုဇော်ထွန်းနိုင်၊ ကိုအောင်မိုးဇော်၊ ကိုကျော်ဝင်း၊ ကိုမောင်နိုင်စိုး၊ ကိုအောင်နိုင်၊ ကိုရဲထက်စိုးနှင့် နောက်တစ်ဦးတို့ ဖြစ်ကြသည်။ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောနှင့် ပုဏ္ဏားကျွန်းမြို့နယ်များမှ လူငယ်များဖြစ်ကြကြောင်း နိရိဉ္စရာသတင်းတွင် ဖေါ်ပြထားသည်။

No comments:

Post a Comment