8.17.2010

မဟာချိုင် ငါးပုဇွန်ကုမ္ပဏီလုပ်ရပ် မြန်မာအလုပ်သမားနားမလည်

သြဂုတ် ၁၇
မဟာချိုင်နယ်မြေအတွင်းရှိ Shing fu sea products development,co,ltd 111/19 moo2 Tumbol Bangyapraek, Ampur Muang,Samutsakhon Thailand ငါး/ပုဇွန် ကုမ္ပဏီတွင် အလုပ်လုပ်ကိုင် နေကြသည့် မြန်မာအလုပ်သမားများ အလုပ်သမားအခွင့်အရေး ချိုးဖေါက်မှု အကြီးအကျယ် ခံနေကြရကြောင်း အလုပ်သမားများ ပြောပြချက်အရ သိရှိရသည်။
အဆိုပါ အလုပ်တွင် မြန်မာအလုပ်သမားပေါင်း ထောင်ချီရှိသည့်အနက် လူပေါင်း၆၀၀ ကျော်ခန့်မှာ ယာယီ
ပတ်စပို့ လုပ်ကိုင်ထားပြီးဖြစ်သည်။ ထို့အပြင် ကျမ္မာရေး ဆေးစစ်ခနှင့် work permit လည်း လုပ်ထားပြီး ဖြစ်ကြသည်။ ပြီးခဲ့သည့် ဧပြီလ၅ရက်နေ့မှ စတင်၍ ယာယီပတ်စပို့ လုပ်ကိုင် ပြီးစီးထားသည့် မြန်မာ အလုပ်သမားများထံမှ လစဉ် ၀င်ငွေ၏ ၅ ရာခိုင်နှုန်းကိုလည်း ဖြတ်တောက်နေသည်။
ပြီးခဲ့သည့် ၂၄၊၇၊၂၀၁၀ နေ့က မခင်ခင်လေးဆိုသည့် အလုပ်သမတစ်ဦး အမျိုးသမီးတို့ သဘာဝ ထိန်ချန် သဖြင့် ချီဝိချိုင်၅ ဆေးရုံသို့ သွားရောက်ပြီး ဆေးစစ်ချက်ခံယူခဲ့သည်။ ကိုယ်ဝန်မရှိကြောင်း ပြောဆိုပြီး ပြန်ခွင့်ပြုခဲ့သည်။ မခင်လေးက စားဆေးများ ရနိုင်မလားဟုမေးရာ ။ အထက်ပါ အလုပ်ရုံက သွေးစစ်ခ လူတစ်ဦးစီ ဘတ် ၆၀၀ စီသာ ပေးသွင်းထားပြီး အခြားဝန်ဆောင်မှုအတွက် ငွေပေးမထားကြောင်း တာဝန်ကျ ဆရာမက ရှင်းပြသည်။
သူမဆေးစစ်ခအတွက် ဘတ်ငွေ ၁၃၀ ပေးခဲ့ရသည်။ ၈၊၈၊၂၀၁၀ နေ့ က အဆိုပါအလုပ်ရုံမှ အသက်၃၂ အရွယ် မမြင့်မြင့်စန်း မှာ ထမင်းစားနေရင်း အသက်ရှု မွန်းကြပ်လာသဖြင့် ခင်ပွန်းဖြစ်သူ ကိုအချိုင်နှင့် မဟာချိုင် ချီဝိချိုင်၅ ဆေးရုံသို့ လာရောက်ခဲ့ကြသည်။ ဆေးကုသခံယူခအဖြစ် ဘတ်တစ်ထောင် ပေးခဲ့ရသည်။
၁၀၊၈၂၀၁၀ နေ့က အဆိုပါဆေးရုံတွင်၊ ကိုတူးဆိုသည့် မြန်မာအလုပ်သမား အောက်သွားတစ်ချောင်း နုတ်ခဲ့
ရာ ဘတ်ငွေ ၄၀၀ ပေးခဲ့ရသည်။
အဆိုပါ အလုပ်သမားများက အလုပ်သမားများ တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ခွင့် work permit ၊ ယာယီပတ်စပို့ နှင့် ကျမ္မာရေး စောင့်ရှောက်မှုအတွက် သွေးစစ်ခများ အပြည့်အစုံ ပေးထားသည့်အပြင် အာမခံကြေးဟု အမည်တပ်ပြီး လစဉ် ၀င်ငွေ၏ ၅ရာခိုင်နုန်းဖြတ်တောက်ခြင်း ရှိနေသည့်ကြားက ယခုကဲ့သို့ 
နေထိုင်မကောင်း၍ ဆေးရုံသွားရောက်ပြီး ဆေးဝါးကုသမှုခံရာတွင် ကျသင့်ငွေများအား အလုပ်သမားများ ပေးနေရခြင်းအပေါ် မည်သို့မှ နားမလည်ကြောင်း၊ ဘယ်ကိုတိုင်လို့ ဘယ်သူကို အားကိုးရမှန်းမသိကြောင်း အဆိုပါ အလုပ်ရုံမှ မြန်မာအလုပ်သမားများက စိတ်သောက ရောက်နေကြကြောင်း ပြောပြကြသည်။
ပြီးခဲ့သည့် သြဂုတ်လ၁၃ရက်နေ့ က သွားနုတ်သည့် ကိုတူးအား ဘတ်ငွေ၂၅၀ ပြန်လည်ပေးခဲ့သည်။ ထို့နောက် မန်နေဂျာဖြစ်သူက သွားရောဂါအတွက် တစ်နှစ်တွင် ၂၅၀ ဘတ် နှစ်ကြိမ် ခံစားခွင့်ရှိကြောင်း ထိုထက်ပိုမရကြောင်း ပြောပြခဲ့သည်။
အဆိုပါ အဖြစ်အပျက်များအား ပြောပြသည့် အမည်မဖေါ်လိုသည့် မြန်မာအလုပ်သမားတစ်ဦးက “ထိုင်းဝဏ္ဏ က နှိပ်ကွပ်တာထက် ဗမာ ၀ဏ္ဏ ယုတ်မာတာပို ဆိုးတယ်၊ အမယ် သူတို့ရှေ့မှာ ရိုရိုသေသေပြောတို့၊ တစ်ခုခု ရယ်ချင်လို့ ၀ိုင်းပြီးတော့ အားရပါးရ ရယ်ရင်လည်း မင်းအမေကို ……..ဆိုပြီးတော့ ပက်ပက်စက်စက် ဆဲတာ၊ မြန်မာအလုပ်သမားတွေ မနက် ၂နာရီ ၃နာရီလောက် ကတည်းက လာတယ်။ ညနေ လူနည်းရင် ၈နာရီအထိ လုပ်ရတယ်၊ လူများရင် ၆နာရီအထိ လုပ်ရတယ်။ ထိုင်းအလုပ်သမားတွေက မနက်၇နာရီ ၈နာရီမှ လာတယ်။ ညနေ ၅နာရီဆိုပြန်ပြီ။ ကီလိုစားနှော်၊ ဒါပေမယ့် ပိုက်ဆံတွက်တော့ ထိုင်းကများများထွက်ပြီး ဗမာအလုပ်သမားက နည်းနည်းပဲထွက်တယ်”ဟု ပြောသည်။
အဆိုပါ အလုပ်ရုံတွင် မြန်မာအလုပ်သမားများ ထောင်ချီရှိသော်လည်း အလုပ်သမားများ ရသင့်ရ ထိုက်သည့် အလုပ်သမား အခွင့်အရေးများကို မသိရှိကြခြင်း၊ အလုပ်အကိုင် ရှာဖွေရ ခက်ခဲခြင်းတို့ကြောင့် ရသလောက်နှင့် လုပ်ကိုင်နေကြရခြင်းဖြစ်ကြောင်း အလုပ်သမားများက ပြောပြကြသည်။

No comments:

Post a Comment