8.20.2010

ဖူးခက်မြို့မှ မြန်မာနိုင်ငံဖွားဂေါ်ရခါးလူမျိုးများ ယာယီပတ်စပို့လုပ်ခ ကုမ္ပဏီက ငွေပိုတောင်း

Photobucket
Photobucket
သြဂုတ်လ ၂၀
ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့မှ ယာယီပတ်စပို့ လုပ်ကိုင်သည့် ဖွန်ဖွန်ကုမ္ပဏီက ပတ်စပို့လုပ်သည့် မြန်မာပြည်ဖွား ဂေါ်ရခါးလူမျိုးများထံမှ ရနောင်းမြို့ရှိ ယာယီပတ်စပို့ လုပ်သည့် မြန်မာ ၀န်ထမ်းများ အတွက်ဟု ဆိုကာ၊ ငွေအပိုတောင်းနေကြောင်း ကာယကံရှင်များ ပြောပြချက်အရ သိရှိရသည်။
ဖူးခက်မြို့၇၄၊ ၂၃၇/၈ ဖွန်ဖွန်လမ်း၊ ဖွန်ဖွန်နိုက်ဘဇားအနီးတွင် ဖွင့်လှစ်ထားသည့် ယာယီပတ်စပို့ ကုမ္ပဏီ က မြန်မာနိုင်ငံဖွား ဂေါ်ရခါးလူမျိုးများအား နယ်စပ်ရှိ မြန်မာလ၀က ၀န်ထမ်းများအတွက်ဆိုကာ ဘတ်ငွေ ၃၀၀မှ ၅၀၀ အထိ ထပ်မံကောက်ခံနေကြောင်း ပြောပြကြသည်။
ဖူးခက်မြို့အတွင်း နီပါလီခေါ် ဂေါ်ရခါးလူမျိုးပေါင်း ၇၀၀၀ /၈၀၀၀ အကြား ရှိနိုင်ကြောင်း ဈေးရောင်းသည့် ခေတ်ပညာတတ် မြန်မာ ဂေါ်ရခါးတစ်ဦးက ပြောသည်။
“ကျနော်တို့မှာ မြန်မာနိုင်ငံသား အသိမှတ်ပြု မှတ်ပုံတင်ရှိတဲ့ လူတွေပါ။ သိတဲ့အတိုင်းပဲလေ ဒီယာယီပတ်စပို့ အလုပ်က ဗမာပြည် နေရပ်လိပ်စာ အပြည့်အစုံမပေးရင် လုပ်လို့မှ မရတာ၊ ကျနော်တို့တော့ ဘတ်၃၀၀ ပေးရတယ်။ အချို့ဆို ဘတ်၅၀၀ ပေးရတယ်။ ကျနော်တို့လည်း စကားနည်းရန်စဲ လုပ်လို့ရရင် ပြီးရော့ ပေးလိုက်တာပဲ”ဟု ပြောသည်။
ဖူးခက်မြို့အတွင်း ဖွင့်လှစ်ထားသော ယာယီပတ်စပို့ ကုမ္ပဏီမှ မြန်မာအလုပ်သမား တစ်ဦးစီ ဘတ်၆၈၀၀နှင့် ၇၀၀၀ ဘတ်အတွင်း ကုန်ကျကြောင်း၊ မြန်မာပြည်ဘွား တရုတ်၊ ကုလား အားလုံး ပေးရကြောင်း အဆိုပါ ဈေးရောင်းသူက ပြောသည်။
“သွားခါနီးမှ ပေးရတာပါ။ ဒီကပတ်စပို့ လုပ်ပေးတဲ့ ကုမ္ပဏီရုံးမှာ ပေးရတာပါ။ ရုံးကပြောတယ်။ ရနောင်းမှာ လုပ်တဲ့နေရာမှာ ဗမာလ၀ကတွေ ရစ်နေရင်ကြာမယ်၊ အခြားလူတွေ ညိုညင်မယ် ဆိုပြီး၊ ဒီကတစ်ခါတည်း တောင်းယူသွားတာပါ။ မှတ်ပုံတင်ရှိရှိ/မရှိရှိ တောင်းတာပဲ။ ကျနော်တို့ ကိုင်ဆောင်တဲ့ မြန်မာမှတ်ပုံတင်မှာ နိုင်ငံသား အမျိုးအစားမှာ မြန်မာလို့ ရေးထားတာပါ။ ပေးရတာပဲဗျာ။ ခုနီပါလီလူမျိုး ၅၀၀ကျော်လောက် လုပ်ပြီးပြီ နောက် မလုပ်ရသေးတဲ့ နီပါလီလူမျိုး ဒီမှာ ထောင်ပေါင်းများစွာ ကျန်သေးတယ်၊ ပေးရအုံးမှာပဲ”ဟု အမည်မဖေါ်လိုသော ဂေါ်ရခါးလူငယ်တစ်ဦးက ပြောပြသည်။
ကဒ်ပြားပါ ဖုန်းနံပါတ်များအား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရရှိခဲ့ပေ။
ဖူးခက်မြို့တွင် ယာယီပတ်စပို့ လုပ်ရန်အတွက်၊-
(၁)ထိုင်းမြန်မာပူးပေါင်းဆောင်ရွက်ရေးကုမ္ပဏီ၊
(၂)မြန်မာနိုင်ငံသားစီစစ်ခြင်းကူညီဆောင်ရွက်ရေးစင်တာ၊
(၃)ထိုင်းမြန်မာဖွံ့ ဖြိုးတိုးတက်ရေးကုမ္ပဏီ
(၄)ဖိနောင်အိမ်ကုမ္ပဏီနှင့်
(၅)ဖွန်ဖွန်ကုမ္ပဏီတို့ဖွင့်လှစ်ထားသည်။ ဖူးခက်မြို့နယ်အတွင်း မြန်မာရွေ့ပြောင်း အလုပ်သမား
ပေါင်း သိန်းချီရှိနိုင်ပြီး ပန်းရံလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း၊ အိမ်ဖေါ်လုပ်ငန်းနှင့် ဟိုတယ်လုပ်ငန်းတို့တွင် လုပ်ကိုင်နေကြကြောင်း ဒေသခံအလုပ်သမားများ ပြောပြချက်အရ သိရှိရသည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။ 

No comments:

Post a Comment