9.16.2010

တစ်ပတ်ကြာဆန္ဒပြ ပိုက်စက်ရုံသို့ မြန်မာသံရုံး တာဝန်ရှိသူများရောက်ရှိ

Photobucket
မြန်မာသံရုံးမှ လာရောက်စဉ်
Photobucket
ဆဝါဒီကန်မှ ကိုယ်စားလှယ်များလာရောက်စဉ်
စက်တင်ဘာ ၁၆
ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် မြန်မာသံရုံးတာဝန်ရှိသူ ဦးဝင်းဇေယျာထွန်းနှင့် အခြား ထိုင်းအစိုးရ အဖွဲ့ ၀င်များ ယမန်နေ့ ညနေပိုင်းက တစ်ပတ်ကြာ ဆန္ဒပြမှုဖြစ်ပွားခဲ့သော ခေါင်ကယ်ပိုက်စက်ရုံသို့ သွားရောက်ခဲ့
ကြောင်း ဆန္ဒပြအလုပ်သမား ခေါင်းဆောင် ကိုသီဟက ပြောသည်။
“မနေ့က ညနေ၄နာရီခွဲလောက်မှာ မြန်မာသံရုံးက ဗိုလ်မှူးဝင်းဇေယျာထွန်းနဲ့ ဘာသာပြန်တွေ ထိုင်းတွေ၊ အယင်နေ့က လာခဲ့တဲ့ ခေါင်ကယ်က အလုပ်သမားရုံးက လူကြီးတွေ ရောက်လာပါတယ်၊ ထိုင်းအလုပ်သမား ဥပဒေအတိုင်း လေးစားလိုက်နာကြပြီးတော့ အေးအေးချမ်းချမ်း နေထိုင်လုပ်ကိုင်ကြဖို့ မှာကြားပါတယ်၊ ဗမာ အုပ်ချုပ်ရေး အဖွဲ့ဝင်တွေကလည်း ကိုယ့်နိုင်ငံသားများ အချင်းချင်း ကိုယ်လူမျိုး အချင်းချင်း ချစ်ချစ်ခင်ခင် နေကြဖို့ အာဏာရှိတယ်ဆိုပြီး အောက်လက်ငယ်သား အလုပ်သမားတွေကို ရိုက်နှက်တာတွေ မလုပ်ဖို့ မှာသွားပါတယ်”ဟု ပြောသည်။
ပြင်ပသတင်းဌာများတွင် ရေးသားထားသည့် သတင်းများအားလည်း မေးမြန်းခဲ့သည်။ သံရုံးတာဝန်ရှိသူအား ကိုသီဟက ဆက်လက်တင်ပြရာတွင်။
“ကျနော် ဒီဆန္ဒပြပွဲ မတိုင်ခင်ကတည်းက ဒီမှာ အခွင့်အရေး ချိုးဖေါက်နေတာတွေ၊ မတရားတာတွေကို ဖုန်းနဲ့ ဓါတ်ပုံရိုက်၊ ဖုန်းနဲ့ ဆက်ပြီးတော့မှ ဘန်ကောက်က ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အသင်းကို နေ့တိုင်း အချက်အလက်တွေ ပေးပို့နေခဲ့တာပါ။ စက်တင်ဘာ၇ရက် ညနေ၅နာရီမှာ ကျနော်တို့ ၆ယောက်ကို ထွက်သွားရမယ် ဆိုတာကို၊ ထွက်မသွားရအောင်နဲ့ ခုလို အောင်မြင်မှုရအောင် သူတို့လည်း တတတ်တအား ကူညီပေးခဲ့တာပါ။ အချို့သတင်းတွေမှာ ကျနော်တို့ အလုပ်ထုတ်ခံရသူတွေ မဲဆောက်ကို ပြန်လာရာမှာ ပုလိပ်ကစစ်ဆေးလို့ ဒီပြဿနာ ပေါ်လာတယ်လို့ ရေးထားတာတွေ၊ ကျနော်တို့ စာအုပ်မှာ cancelလို့သာ ရေးထားတာပါ။ အဲဒါကို canceledဆိုပြီး ရေးထားတာလည်း တွေ့ရတယ်။ လူအရေတွက် တစ်ထောင်တွေ ရေးလိုက်၊ ၁၅၀၀တွေရေးလိုက်၊ ဘာမှမမှန်ဘူးခင်ဗျ။ ရက်သတ္တတစ်ပတ်လုံး တစ်ရက်မှ တစ်ထောင်မပြည့်ခဲ့ပါဘူး၊ အယင်၆ရက်လုံးမှာ လူအရေတွက် ၅၀၀ ၀န်းကျင်ထက် မပိုခဲ့ပါဘူး။ နောက်ဆုံး စက်တင်ဘာ၁၄ ရက်နေ့မှာ စာရင်းအတိအကျ လိုက်ကောက်တာ ၉၄၈ ယောက်ပဲရှိပါတယ်”ဟု သတင်း မီဒီယာများ၏ လွဲချော်မှုများကို အသေးစိတ် တင်ပြလိုက်ကြောင်း အလုပ်ထုတ်ခံရသူ ၆ဦးအထဲမှ ကိုသီဟက ပြောသည်။ အဆိုပါကိုသီဟမှာ စီပွားရေးတက္ကသိုလ် ဒုတိယနှစ်ထိ တက်ရောက်သင်ကြားခဲ့သူ ဖြစ်ပြီး အင်တာနက်လည်း အသုံးပြုတတ်သူဖြစ်ကြောင်း သိရှိရသည်။
မြန်မာသံရုံး တာဝန်ရှိသူများက အလုပ်သမားများ အနေအထားများအား မေးမြန်းပြီးနောက် အလုပ်ရုံ တာဝန်ရှိသူများနှင့် တွေဆုံပြီး ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။ တစ်ပတ်အကြာ ဆန္ဒပြနေခဲ့သည့် မြန်မာအလုပ်သမားများ ယမန်နေ့က အလုပ်ပြန်ဆင်းခဲ့ရာ ထိုင်းလူမျိုး ရုံးဝန်ထမ်းများက အလုပ်သမားများ၏ စာရွက်စာတမ်းများ (တစ်နေတာ အလုပ်တာတန်ပြ စာရွက်)များ နံပတ်များအား ပစ်ချ ဆဲဆိုခဲ့သည်။ ထိုင်းလူမျိုးအားလုံးနီးပါး အလုပ်မလုပ်ပဲ ထိုင်နေခဲ့ကြသည်။ ညနေ၅နာရီမတိုင်ခင် ထိုင်းလူမျိုး ရုံးဝန်ထမ်းများနှင့် လုပ်ငန်းခွင်အတွင်း မြန်မာများကို ကြီးကြပ်ရသော ထိုင်း(၀ဏ္ဏ)များ အလုပ်ကို ရပ်နားပြီး ကြိုတင် အလုပ်ဆင်းသွားကြသည်။ မြန်မာအလုပ်သမားများနှင့် တန်းတူ အခွင့်အရေးပေးခြင်းကို မလိုလားကြကြောင်း အနုနည်းဖြင့် ဆန္ဒပြကြခြင်းဖြစ်ကြောင်း မြန်မာအလုပ်သမားများက ပြောသည်။
ယနေ့ လုပ်ငန်းခွင် အခြေအနေမှာ ထိုင်းတစ်ဦး မြန်မာတစ်ဦး မောင်းနှင်ရသည့် ပိုက်ရက်စက်များကို ထိုင်းအလုပ်သမားများ သက်သက်သာ မောင်းနှင်သည်။ အလုပ်ကြီးကြပ်သူများက ပိုနေသော စက်များကို မြန်မာအလုပ်သမားများအား သီသန့် မောင်းနှင်စေသည်။ မြန်မာအလုပ်သမားများက မည်သို့မှ ပြဿနာ မပေါ်စေလိုသဖြင့် အတတ်နိုင်ဆုံး သည်းခံပြီး လုပ်ကိုင်နေကြကြောင်း ဖုန်းကင်မရာဖြင့် စဉ်ဆက်မပြတ် မှတ်တမ်းတင်လေ့ရှိသည့် ဓါတ်ပုံဆရာ ကိုသူရိန်က ပြောသည်။
နှစ်ပေါင်းများစွာ လုပ်ငန်းရှင်ကိုယ်တိုင် ကိုးကွယ်ပူဇော်ခဲ့သည့် သစ်ပင်နှင့် နတ်ကွန်းမှာ မိုးမရွာလေမတိုက်ပဲ
လဲပြိုသွားသဖြင့် စက်ရုံပိုင်ရှင်သူဌေးမှာ စိတ်ထိခိုက်နေကြောင်းလည်း အလုပ်သမားအချို့က ပြောသည်။
ယနေ့မွန်းလွဲ ၃နာရီခန့်တွင် အလုပ်ရုံ အခန်းအမှတ်(၃)တွင် မီတာပုံးတစ်ခု ၀ါယာရှော့ဖြစ်ပြီး ပေါက်ကွဲမှုဖြစ်
ပွားခဲ့သော်လည်း အလုပ်သမားများ ထိခိုက်မှုမရှိခဲ့ကြောင်း သိရှိရသည်။ ထိုင်းအလုပ်ကြီးကြပ်သူများက ထိုင်းအယူအဆအရ ကံဆိုးနိုင်ကြောင်း ပြောဆိုကြသည်။ မြန်မာအလုပ်သမားများမှာ လုပ်ငန်းရှင်နှင့် သဘောတူညီ ထားချက်များအား ဖေါက်ဖျက်မှုတစ်စုံတစ်ရာ မပြုလုပ်မိရန် အထူးဂရုစိုက် လုပ်ဆောင် နေကြသည်။ မြန်မာသံရုံးမှ လာရောက်သည်ကို အထူး ကျေးဇူးတင်သော်လည်း မိုးထဲလေထဲ အပြင်းအထန် ရင်ဆိုင်နေကြရစဉ် လာရောက်ကူညီ ဖြေရှင်းပေးခြင်းမျိုး မဟုတ်ပဲ၊ မြန်မာဗီဒီယို ဇာတ်ကားများမှာကဲ့သို့ ဇာတ်ကားပြီးလျှင် ရဲများရောက်လာသည်နှင့် တူကြောင်း ဆန္ဒပြခေါင်းဆောင် ကိုယ်စားလှယ်များက ပြောကြသည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။ 

No comments:

Post a Comment