9.16.2010

နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ လက်ရှိ အခြေအနေ

ရန်ကုန် ၊ စက်တင်ဘာ ၁၆၊ ၂၀၁၀
လက်ရှီပါတီများတွင် စစ်တပ်ကျောထောက်နောက်ခံ ပေးထားသည့် ကြံ့ဖွံ့ပါတီသည် အင်အား အကြီးမားဆုံးပါတီ ဖြစ်နေသည်သာမက ရွေးကောက်ခံခွင့်ရှိသည့် အမတ်နေရာ ၁၁၆၃ နေရာလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပါသည်။
ထို့အတူ ဦးနေဝင်း၏ မဆလပါတီ တဖြစ်လဲ တစညပါတီသည် ဒုတိယ အကြီးဆုံးပါတီ ဖြစ်လာပြီး အမတ်နေရာ ၉၉၄ နေရာကို ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပါသည်။ ၄င်းပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် ထောက်ခံမဲ ၂.၈သန်း ရရှိခဲ့ပြီး ထိုအချိန်က အပြတ်အသတ် အနိုင်ရရှိခဲ့သော NLD ပါတီသည် ထောက်ခံမဲ ၇.၉ သန်း ရရှိခဲ့ပါသည်။ ထိုစဉ်က တစညပါတီသည် အမတ်နေရာ ၁၂နေရာသာ ရရှိခဲ့ပါသည်။
လက်ရှိအခြေအနေတွင် NLD ပါတီက တရားမျှတမှုမရှိသော ရွေးကောက်ပွဲ ဥပဒေများကြောင့် ရွေးကောက်ပွဲဝင်ရန် ငြင်းဆန်ခဲ့သည့် နောက်ပိုင်းတွင် စစ်တပ်နှင့် ပါတ်သက်မှုရှိသော ကြံဖွံ့နှင့် တစည ပါတီ နှစ်ခုသာ ပထမနှင့် ဒုတိယ အင်အားအကြီးမားဆုံးပါတီများ ဖြစ်လာခဲ့ပါသည်။

အံအားသင့်စရာကောင်းသည့် အချက်မှာ ဒီမိုကရေစီ အတိုက်အခံပါတီများဟု ကြွေးကြော်ကာ ဦးခင်မောင်ဆွေ ဦးဆောင်ပြီး NLD ပါတီမှ ခွဲထွက်ခဲ့သည့် ဒီမိုကရက်တစ် အင်အားစု ပါတီသည် တတိယ အင်အားအကြီးမားဆုံးပါတီဟု စာရင်းပေါက်နေသော်လည်း အမတ်နေရာ ၁၆၃ နေရာကိုသာ ဝင်ရောက် ယှဉ်ပြိုင်နိုင်မည် ဖြစ်ပါသည်။
စတ္တုထ အင်အားအကြီးဆုံးနေရာကို ရှမ်းအမျိုးသားများ ဒီမိုကရက်တစ်ပါတီက ရယူခဲ့ပြီး အမတ်နေရာ ၁၅၇ နေရာကိုသာ ဝင်ရောက်ယှဉ်ပြိုင်နိုင်မည် ဖြစ်ပါသည်။
ထိုနောက်မှ အမတ်နေရာများစွာ ကွာပြီး လိုက်နိုင်ခဲ့သည့်ပါတီမှာ ဝန်ကြီးချုပ်ဟောင်း ဦးနုနှင့် ဦးဘဆွေ တို့၏ သမီးများပါဝင်သော ဒီမိုကရေစီပါတီ ဖြစ်ပြီး အမတ်နေရာ ၄၈ နေရာတွင်သာ ဝင်ရောက် အရွေးခံ နိုင်မည် ဖြစ်ပါသည်။ ထိုပါတီ၏ ခေါင်းဆောင် ဝါရင့်နိုင်ငံရေးသမား ဖြစ်သူ ဦးသုဝေ (အသက် ၇၈ နှစ်ကမူ) ကိုယ်စားလှယ်တစ်ဦး ဝင်ရောက် အရွေးခံရန်အတွက် ကျပ်ငွေ ၅၀၀,၀၀၀ ကုန်ကျမည်ဖြစ်ပြီး ထိုငွေကြေး မှာလည်း ပြန်လည်ထုတ်ယူနိုင်ခြင်း မရှိဟုဆိုပြီး၊ ထိုငွေကြေးပမာဏသည် သူတို့၏ ကိုယ်စားလှယ်များ ဝင်ရောက်အရွေးခံနိုင်ရန် အကန့်အသတ်များ ကြီးစွာဖြစ်စေခဲ့သည်ဟု ဆိုပါသည်။
နေပြည်တော် သတင်းရပ်ကွက်များ၏ ပြောဆိုချက်အရ ဗိုလ်ချုပ်ဟောင်း သူရရွှေမန်း၊ သိန်းစိန်နှင့် တင်အောင်မြင့်ဦး တို့သည် နေပြည်တော် မဲဆန္ဒနယ်မြေများတွင် ကြံဖွံ့ပါတီမှ ဝင်ရောက် ယှဉ်ပြိုင်မည်ဟု ဆိုပါသည်။
ထို့အတူ လက်ရှိအခြေအနတွင် နယ်ခြားစောင့်တပ်များ အဖြစ်ဆောင်ရွက်ရန် သဘောတူညီခြင်းမရှိသည့် လူမျိုးစုများ၏ ဒေသ ၃၂ နေရာတွင် တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်မလာနိုင်ဟူသော အကြောင်းပြ ချက်ဖြင့် စစ်တပ် ကိုယ်စားပြု ရွေးကောက်ပွဲ ကော်မရှင်က ယနေ့ညပိုင်းက ထုတ်ပြန် ကြေငြာသွားခဲ့ပါ သည်။
ထိုကြေငြာချက်တွင်ကချင်ပြည်နယ်ရှိ မဲဆန္ဒနယ်မြေ ၉နေရာ၊ ကယားပြည်နယ်တွင် နှစ်နေရာ၊ ကရင်ပြည်နယ်တွင် ၇နေရာ မွန်ပြည်နယ်တွင် ၁၂ နေရာနှင့် ရှမ်းနှင့် ဝ ဒေသများရှိ နေရာ ၁၂နေရာ အပါအဝင် စုစုပေါင်း ၃၂ နေရာတို့ဖြစ်ပါသည်။

ထိုတိုင်းရင်းသား အဖွဲ့များအားလုံးသည် နအဖ ၏ နယ်ခြားစောင့်တပ်ဖွဲ့ရေး အစီအစဉ်များကို ငြင်းပယ် ခဲ့ကြသူများဖြစ်ပြီး ကရင်အမျိုးသား အစည်းအရုံး KNU ကမူ ယခုအချိန်အထိ နအဖနှင့် အပစ်ရပ်စဲရေး မပြုလုပ်ခဲ့သည့် အဖွဲ့အစည်း ဖြစ်ပါသည်။
နိုဝင်ဘာလ ၇ရက်နေ့တွင် ကျင်းပပြုလုပ်မည့် နအဖ၏ ရွေးကောက်ပွဲသည် တရားမျှတမှု အခြေခံများ လုံးဝ မရှိသည့်အတွက် အတိုက်အခံ NLD ပါတီ အပါအဝင် အတိုက်အခံအင်အားစုများ တိုင်းရင်းသား လူမျိုးစုများနှင့် ကမ္ဘာ့နိုင်ငံ အများစုက တရားမျှတသည့် ရေါးကောက်ပွဲ ဖြစ်လာလိမ့်မည် မဟုတ်ဟု သုံးသပ်နေကြပြီး အကျိုးစီးပွါးရှေ့တန်းတင်သည့် အိမ်နီးခြင်း နိုင်ငံ အနည်းငယ်ကသာ ထောက်ခံ ခဲ့ကြပါသည်။ 
နိုင်ငံရေး လေ့လာစောင့်ကြည့်သူများကလဲ လာမည့်ရွေးကောက်ပွဲသည် မြန်မာပြည်၏ ပြဿနာများကို ပြေလည်စေလိမ့်မည် မဟုတ်ပဲ ပိုမိုဆိုးရွားသော အခြေအနေကိုသာ ပို့ဆောင်လိမ့်မည်ဟု သုံးသပ် နေကြပါသည်။ 
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

No comments:

Post a Comment