ဒီနေ့နံနက် ကွန်ပြူတာကိုဖွင့်ပြီး ကိုယ့်အီးမေးအကောင့်ကို စစ်လိုက်တော့ ထူးထူးခြားခြားဖြစ်နေတာတခုကို သတိပြုမိတယ်။ အဲဒါကတော့ ပြည်တွင်းက ကိုယ့်သူငယ်ချင်းတွေ မိတ်ဆွေတွေ လိုင်းပေါ်မှာ အစီအရီ ရှိနေကြတာပဲ။ ခါတိုင်းက တယောက်ပေါ်လာလိုက် တစ်ခါပျောက်သွားလိုက်နဲ့ ၊ ဒါနဲ့ပဲ လှမ်းမေးလိုက်တော့ ခါတိုင်းနဲ့ကို မတူပဲ အင်တာနက်ကော်နက်ရှင်က အရမ်းကောင်းနေပါသတဲ့ ။ “တို့ကဖျက်ထားမယ်ထင်လို့ စမ်းတက်ကြည့်တာ မဲခိုးတာတွေ သတင်းပို့မှာ မကြောက်ဘူးလားမသိဘူး”တဲ့ တစ်ယောက်က ပြောတယ်။ ကျွန်တော်ကတော့ ပြန်ပြောလိုက်ပါတယ်။ “ခိုးပြီးနေတာ မင်းမသိဘူးလား အရင်နေ့တွေထဲက ပြောင်ခြိမ်းခြောက်ပြီး ယူထားတဲ့ စစ်သားတွေ၊ ရဲတွေ၊ ဝန်ထမ်းတွေရဲ့ မဲတွေရယ် ၊အဆက်အသွယ်နဲ့ ဗဟုသုတနဲတဲ့ နေရာတွေက ကြိုတင်မဲ ဆိုတာတွေရယ်ကို ရေပြီးလို့ တော်တော်ရနေပြီ ။ ဒီနေ့တော့ မဲရုံနားမှာ လူလုံးပြ နဲနဲခြောက်လိုက် ၊လှည့်လိုက်ရင် ရပြီဆိုတာ သူတို့ကြိုတွက်ပြီးသားလေ” လို့ ပြန်ပြောလိုက်ရတယ်။
မနက်ထဲက သူတို့ပြောပြနေတာ သတင်းစုံကြားနေရတယ်။ မနက်ထဲက လူကတဖျောက်ဖျောက်လောက်ပဲ လာနေတာတို့ ၊ ဘယ်နေရာမှာ ကြံ့ဖွံ့က အတင်းမဲရအောင် ခြိမ်းခြောက်နေတာတို့ ကြားနေရတယ်။ ဥက္ကလာဘက်မှာတော့ NDF က သာနေတယ် ဆိုလား။  စိတ်တော့မဝင်စားဘူး။ အဖြေသိနေသားမို့ပါ။
ကဲ…မဲရုံထဲက ပြန်ထွက်လာတဲ့ လူတချို့ရဲ့စကားသံလေးတွေကော နားထောင်ကြည့်ပါဦး။ စက်ရုံတခုနဲ့ ၊ ပန်းခြံတစ်ခုမှာ လုပ်တဲ့ လူနှစ်ယောက်က တမျိုးထဲ အဖြေပေးတယ်။ သူတို့သူဌေးကမှာလိုက်တယ် ကြံ့ဖွံ့ကို မထည့်ရင် အလုပ်ပြုတ်ပြီတဲ့။ စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ပါတ်သက်တဲ့ ထိပ်တန်းရွှေဆိုင်ကြီး တဆိုင်ရဲ့ ဝန်ထမ်းကတော့ မှာလဲမှာလိုက်တယ် ငွေလဲ ရခဲ့ပြီးပြီတဲ့ ။ ဒီတော့ … ဒီတော့.. ပေါ့နော်။
တကယ်တော့ မဲရုံတွေမှာ လူကခြောက်တီးခြောက်ချဲ့ပါ။ မဲတပြားရဲ့တန်ဘိုးကို နားလည်သူတွေ မဲရုံကို မလာပါဘူး။ လုပ်ပွဲကြီးမှာ မဲဝင်ပေးရတာလောက် ကြောင်တာတော့ မရှိတော့ပါဘူး။
အဲ.. ဒီကြားထဲမှာ မဲပေးနေတုန်း မီးကပြတ်သွားရသေးတယ်။ ဗိုလ်တစ်ထောင်မှာ ဖြစ်သွားတာပါ။ မဲပေးတဲ့လူတွေက ပြောတာတော့ မှောင်ထဲမှာ ဘာခြစ်ခဲ့မိမှန်းမသိဘူးတဲ့၊ ကောင်းကြရောပေါ့။ ဗိုလ်တစ်ထောင်ဆိုတာ အိန္ဒိယနွယ်တွေ အနေများတဲ့နေရာပါ။ သူတို့ကလဲ ပြောပြပါတယ်။ အရင် နေ့တွေထဲက လာခြိမ်းခြောက် ဟိန်းဟောက်ထားလို့ ကြောက်လှပါတယ်တဲ့ ။
သံတမန်တွေ အဲဒီဗိုလ်တစ်ထောင် မဲရုံကိုရောက်သွားတော့ မဲပုံးကြီးကြပ်သူ တစ်ယောက်ထဲ ကြောင်စီစီနဲ့ ထိုင်နေတယ်။ လူတွေတွေ့တော့ မဲပေးမယ်ထင်လို့ ဝမ်းသာသွားတယ်။ သူခမျာ မီးကလဲ မလာဆိုတော့ သရဲခြောက်မှာ ကြောက်ရှာတယ် ထင်ပါ့။
သံတမန်ဆိုတာနဲ့ တဆက်တည်းပဲ ပြောရဦးမယ်။ အစကတော့ တို့မှာတွေ့အကြုံတွေ တပုံကြီးရှိတယ် ဘာအကဲခတ်မှ မလိုဘူးလေး ဘာလေးနဲ့ ။ နောက်ဟိုကအော် ဒီကအော် တော့မှ ပြူတူးပြဲတဲနဲ့ သံတမန်တွေကို အတင်းလိုက်ကြည့်ပါ ဖြစ်ပြန်ရော။ ပြောင်းအလဲကလဲ မြန်ပါ့။ ဒါနဲ့ပဲ အာစီယံနဲ့ အရှေ့အလယ်ပိုင်းက သံတမန်တွေတွေက ပြောပြောဆိုဆိုနဲ့ လိုက်သွားကြပေမယ့် အမေရိကန်နဲ့ အီးယူက သံတမန်တွေကတော့ ငြင်းလိုက်တယ်တဲ့။ ဟုတ်တယ်လေ ။ ဒီလိမ်ဆင်ကြီးကို လိုက်ကြည့်နေလို့ အချိန်ကုန် လူပန်းတာပဲ အဖတ်တင်မှာ ။   
တကယ်တော့ လိမ်ဆင်က လိမ်ဆင်ပါပဲ ။
ကျွန်တော် သနားတာကတော့ မိုးပြော ချိုးပြောနဲ့ ဝင်ပြိုင်ကြတဲ့ သူတွေပါပဲ။ ခမြာများ ငွေငါးသိန်းရေထဲ ပစ်ချလိုက်ရင်တောင် ပလုံလို့ မြည်ဦးမယ်။ အခုတော့ ကုန်ခဲ့တာတွေအတွက် ငိုချင်းချရုံသာရှိတော့မှာပေါ့။ တကယ်တော့ မနိုင်တာပဲ ဝမ်းသာစရာလို့သာ တရားနဲ့ ဖြေကြပါ။ နိုင်သွားရင်လဲ ဖွတ်တွေကြားထဲမှာ လူတယောက်ထဲ ငုတ်တုတ်ကြီးဆို … အင်း ကျွန်တော်တွေးရင်းတောင် ကြက်သီးထတယ်။ သူတို့ကလဲ လူစကားမတတ်။ ကိုယ်ကလဲ ဖွတ်စကားမပြောတတ်။ ဒီကြားထဲမှာ အဆစ် အဖတ်တင်တာက ဟိုကိုကန့်ကွက် ဒီကိုကန့်ကွက် အာခြောက်ရတာကတော့ အပိုဆုပေါ့။ ဟိုကတော့ ဒါမျိုးတွေ အရေထူနေပြီဆိုတော့ တုံတိဘာဝေနေမှာပေါ့။ နိုင်အောင်လုပ်ပါတယ်ဆိုမှ လုပ်ချင်တာလုပ်မှာပေါ့။ ဒါကြောင့်လည်း ဘယ်လိုမှ လက်မခံနိုင်အောင် တဖက်စောင်းနင်းတွေ လုပ်ထားတာတောင် အတင်းဝင်ချင်ကြတော့ သူတို့ကဒီလိုလုပ်မှာပဲပေါ့။ နဂိုထဲက လိမ်ဆင် ရွေးကောက်ပွဲကြီးပါဆို။ ဘာကိုများ မျှော်လင့်နိုင်မှာလဲ ။
အဖြေသိပြီးသားပါ ။ ဘာမှ မထူးခြားလာပါဘူး။
ရွှေဝါရောင် သတင်းလွှာ၏ ပြည်တွင်းသတင်းထောက် ပေးပို့ချက်များကို အခြေပြု၍ ရေးသားပါသည်။

ရွက်စိမ်း