11.20.2010

ဝါရင့်နိုင်ငံရေး သက်ကြီးပူဇော်ပွဲ ကျင်းပပြုလုပ်

Photobucket
Photobucket


Photobucket
Photobucket
အမျိုးသားပြန်လည်သင့်မြတ်ရေးလိုလားသူများနှင့် ဒီမိုကရေစီအင်အားစုများက ၀ါရင့်နိုင်ငံရေးသမားကြီးများ သက်ကြီးပူဇော်ပွဲ တရပ်ကို ပါရမီလမ်းနှင့် ဦးဘဟန်လမ်းထောင့်ရှိ ၀ါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေ အိမ်တွင် ယနေ့ (၂၀.၁၁.၂၀၁၀) စနေနေ့ နံနက်(၉)နာရီက ကျင်းပပြုလုပ်သည်။
အဆိုပါ ကန်တော့ပွဲသို့ ကန်တော့ခံ သက်ကြီး ၀ါရင့်နိုင်ငံရေးသမားကြီးများ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ NLD ခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ (၆၂)မျိုးဆက် (၇၄-၇၅-၇၆)မျိုးဆက် (၈၈)မျိုးဆက် ကျောင်းသား ခေါင်းဆောင်ဟောင်းများ၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှား သူများနှင့် အခြား နိုင်ငံရေးလှုပ်ရှားသူများ (၁၀၀)ကျော်ခန့် တက်ရောက်ကြသည်။
အဆိုပါကန်တော့ပွဲတွင် အသက်ရှစ်ဆယ်ကျော် ၀ါရင့် သက်ကြီးနိုင်ငံရေး သမား ကြီးများအား ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ပြီး လက်ဆောင်ပစ္စည်းများပေးအပ်ခြင်း ကန်တော့သူ အမျိုးသား ပြန်လည် သင့်မြတ်ရေးလိုလားသူများနှင့် ဒီမိုကရေစီအင်အားစုများ၏ ပန်ကြားလွှာကို ဖတ်ကြားခြင်း။ အပူဇော်ခံ သက်ကြီးဝါရင့် နိုင်ငံရေးသမားကြီးများကိုယ်စား ၀ါရင့်နိုင်ငံရေးသမားကြီးသခင်သိန်းဖေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦးနှင့် တိုင်းရင်းသားခေါင်းဆောင် နိုင်ငွေသိန်းတို့က သြ၀ါဒအမှာစကားများ ပြောကြားခြင်းတို့အပြင် အထူးအစီအစဉ်အဖြစ် ဒုတိယ ပင်လုံသဘောတူညီချက် ပေါ်ထွက်လာသည်အထိ အကောင်အထည် ဖော်ဆောင်ရွက်ပေးနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်အား တိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးအင်အားစုများက တာဝန် လွှဲအပ်ပေးပြီး နောက်ဆုံး အစီအစဉ် အဖြစ် တာဝန်လွှဲအပ်ခံရသူ ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်တုံ့ပြန်ပြောကြားခဲ့သည်။
ကန်တော့ပွဲသို့ ကန်တော့ခံပုဂ္ဂိုလ်များအဖြစ် သတ်မှတ်ထားသည့် ၀ါရင့်သက်ကြီးနိုင်ငံရေးသမားကြီး( ၂၈)ယောက် အနက် ရပ်ဝေးနေသူများနှင့် ကျန်းမာရေးချို့တဲ့၍ မလာရောက်နိုင်သူများမှ လွဲ၍ စုစုပေါင်း( ၂၀ )ဦး တက်ရောက်အပူဇော်ခံကြသည်။
ကန်တော့ပွဲသို့ တိုင်းရင်းသားခေါင်းဆောင်များနှင့် NLD ခေါင်းဆောင်များအပါအ၀င် နိုင်ငံရေးအင်အားစု (၁၀၀)ကျော် တက်ရောက်ခဲ့ကြသည့်အပြင် သတင်း ထောက်များနှင့် လာရောက်ကြည့်ရှုအားပေးသူ ရာနှင့် ချီရှိခဲ့ကြောင်း သိရှိရသည်။
ကန်တော့ပွဲပြီးနောက် ကျန်းမာရေးကြောင့် မလာရောက်နိုင်သူ ဆရာကြီးဒဂုန်တာရာနှင့်တကွ NLD ဥက္ကဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်နှင့် ဗဟိုအလုပ်အမှုဆောင် ဦးလွန်းတင်တို့အားလည်း အိမ်တိုင်ရာရောက် သွားကန်တော့ခဲ့ကြောင်း သိရှိရသည်။
လေ့လာသူတစ်ဦး 

သက်ကြီးဝါရင့်နိုင်ငံရေးသမားအားကန်တော့ကြိုး

နယ်ချဲ့ကိုတော်လှန်ခဲ့သော ဖက်ဆစ်နှင့် အာဏာရှင်စနစ်အဆင့်ဆင့်ကို ဆန့်ကျင်ခဲ့သော လွတ်လပ်ရေးကို ရယူပေးခဲ့သော ပြည်သူလူထုကြီးအကျိုးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့ကြသော နိုင်ငံရေးဂုဏ်သိက္ခာ ကြီးမားလှပါသော ဘဘတို့အား ကျနော်၊ ကျမတို့ ရိုသေလေးစားစွာ လက်ဆယ်ဖြာဦးထိပ်မိုး၍ ရှိခိုး ကန်တော့ပါတယ်။
ဒီမိုကရေစီတိုက်ပွဲအဆင့်ဆင့်မှာ အတူတိုက်ပွဲဝင်ခဲ့ကြတဲ့ ကျနော်ကျမတို့ဟာ ဘဘတို့အပေါ်မှာ စိတ်အား ဖြင့်ဖြစ်စေ၊ ကိုယ်နှုတ်အမူအရာအားဖြင့်ဖြစ်စေ ရည်ရွယ်၍ဖြစ်စေ၊ မရည်ရွယ်ပဲနှင့်ဖြစ်စေ ဘဘတို့အနေဖြင့် စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည် များရှိခဲ့ပါက သို့တည်းမဟုတ် အခြားအပြစ်များရှိခဲ့ပါက ယနေ့ယခု အချိန်အခါမှစ၍ ကျနော်ကျမတို့အား ခွင့်လွှတ်ပေးကြပါ။ ဆိုဆုံးမစရာများရှိပါကလည်း ဆိုဆုံးမပေးကြပါ။ အမြင်မှားယွင်းနေမှုများရှိရင်လည်း ပြုပြင်ပေးကြပါ။
ဘဘတို့အား ကန်တော့ရသည့် အကျိုးအားကြောင့်လည်း ကျနော်တို့ကျမတို့နဲ့ မြန်မာပြည်သူများအားလုံး၊ ဓားဘေး၊ လှံဘေး၊ စစ်လက်နက်ဘေးတို့မှ ကင်းဝေးပါစေ။ မြန်မာပြည်တွင်းနေထိုင်ကြကုန်သော၊ တိုင်းရင်းသားအချင်းချင်း၊ လက်နက်ကိုင်များအချင်းချင်း စည်းလုံးညီညွတ်ကြပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေး ဖော်ဆောင်နိုင်ကြပြီး၊ ငြိမ်းချမ်းစွာနေထိုင်ကြရပါစေ။
ဒီမိုကရေစီတိုက်ပွဲအဆင့်ဆင့်မှာ ကျဆုံးခဲ့ကြတဲ့ ရဟန်းရှင်လူ၊ ကျောင်းသူကျောင်းသား၊ ပြည်သူလူထုများရဲ့ ဆန္ဒအရ ဒီမိုကရေစီ အစိုးရစစ်စစ်လည်း အမြန်ဆုံးပေါ်ပေါက်နိုင်ပါစေ။
အကျဉ်းထောင်များအတွင်း၊ အကျဉ်းကျခံနေရသည့် ရဟန်းသံဃာတော်များအပါအ၀င် ဦးခွန်ထွန်းဦး၊ ဦးစိုင်းညွန့်လွင်၊ ကိုမင်းကိုနိုင်နဲ့ ၈၈မျိုးဆက်ကျောင်းသားများ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့ဝင်များနှင့် အခြား လုပ်ဖော်ကိုင်ဖက်များ သည်လည်း အကျဉ်းကျရာမှ အမြန်ဆုံး လွတ်မြောက်နိုင်ကြပါစေ။
ဘဘတို့လည်း ပြည်သူလူထုရှေ့မှ မားမားမတ်မတ်ရပ်၍ ကွယ်လွန်သည့် အချိန်အထိ နိုင်ငံရေးတာဝန်ကို ဦးဆောင်ထမ်းရွက်သွား နိုင်ပါစေကြောင်း ပန်ကြားတိုင်တည်လျှက် ကျနော်ကျမတို့က လက်ဆယ်ဖြာမိုး၍ ဦးနှိမ်မာန်လျှော့ ကန်တော့ပါသည် ခင်ဗျား။

ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေ၏ မိန့်ခွန်း

ယနေ့ကြွရောက်လာကြတဲ့ အပူဇော်ခံ သက်ကြီးဝါရင့်နိုင်ငံရေးသမားကြီးများနဲ့ ပူဇော်ကန်တော့သူ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ NLD ခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များနဲ့ အခြား ဒီမိုကရေစီလိုလားသူ တက်ကြွလှုပ်ရှားသူအပေါင်းတို့ခင်ဗျား… ယခုလို အင်မတန် မင်္ဂလာရှိတဲ့ ၀ါရင့် နိုင်ငံရေးသက်ကြီးပူဇော်ပွဲမှာ အပူဇော်အကန်တော့ ခံရတဲ့ အတွက်ကြောင့်ရော ကန်တော့ခံရသူများ ကိုယ်စား ပထမဆုံးသြ၀ါဒစကားပြော ကြားခွင့်ရတဲ့ အတွက်ကြောင့်ရော အထူးပဲ ကျေးဇူးတင် ဂုဏ်ယူကြောင်း အရင်ဆုံး ပြောလိုပါတယ်။
အခုလို နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေနဲ့ ရဲဘော်ရဲဖက်တွေကို စုစုဝေးဝေး တွေ့ဆုံရတဲ့အတွက် အားတက်မိပါတယ်။ ၀မ်းလည်းဝမ်းသာပါတယ်။ ကန်တော့ပွဲ ဖြစ်အောင် ကြိုးစားကြတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလိုလားသူများနဲ့ ဒီမိုကရေစီ အင်အားစုများကိုလည်း ကျေးဇူးတင်ပါတယ်။ အားလုံးအတွက် လိုအပ်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အကောင်အထည် ဖော်မယ့် ဒုတိယ ပင်လုံညီလာခံပဲခေါ်ခေါ်၊ အမျိုးသားညီလာခံ စစ်စစ်လို့ပဲပြောပြော၊ ၂၁ရာစု ပင်လုံညီလာခံလို့ပဲဆိုဆို အဲဒီညီလာခံ အမြန်ဆုံး ပေါ်ပေါက်နိုင်ပါစေ။ အဲဒီလိုပေါ်ပေါက်နိုင်ရေးအတွက် မစုက ဦးဆောင်ဦးရွက် ပြုပြီး တိုင်းရင်းသား ပြည်သူတရပ်လုံးက လက်တွဲညီညီလိုက်ပါဆောင်ရွက်နိုင်ကြပါစေလို့ ဆုပေးချင်ပါတယ်။ ကျနော်နဲ့တကွ အကန်တော့ခံ ၀ါရင့်သက်ကြီး နိုင်ငံရေးသမားကြီးများ အားလုံးကလည်း နောက်ဆုံး ထွက်သက်အထိ နိုင်ငံ့အကျိုးအတွက် မဆုတ်မနစ် ဆက်လက် ကြိုးပမ်းသွားမယ်လို့ ကတိပေးပါတယ်။
မြန်မာပြည်သူများနှင့် တကွ နိုင်ငံရေးရဲဘော်အားလုံး ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။

No comments:

Post a Comment