11.20.2010

အမျိုးသားပြန်လည်သင့်မြတ်ရေးလိုလားသူများနှင့် ဒီမိုကရေစီအင်အားစုများ၏ ‘သက်ကြီးဝါရင့်နိုင်ငံရေးသမားများသို့ အကြံပေးတင်ပြမေတ္တာရပ်ခံချက်’

‘သက်ကြီးဝါရင့်နိုင်ငံရေးသမားများသို့ အကြံပေးတင်ပြမေတ္တာရပ်ခံချက်’

လေးစားအပ်ပါသော ဘဘတို့ခင်ဗျား...

လွန်ခဲ့တဲ့ နှစ်ပေါင်း၆၀ခန့် ဗိုလ်ချုပ်အောင်ဆန်းကျဆုံးပြီး အမျိုးသားစည်းလုံးညီညွတ်ရေး ပြိုကွဲသွားပြီး နောက် ပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသားတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ မြန်မာ့နိုင်ငံရေး အင်အားစုတွေကြား၊ အမုန်းတရားတွေ၊ သံသယတွေ၊ အာဃာတတွေ တဖြည်းဖြည်း ကြီးထွားလာခဲ့တာ ယနေ့ဆို အမြင့်ဆုံးအချိန်ရောက်နေပါပြီ။ နိုင်ငံရေး ထိပ်တိုက်တွေ့ဆုံမှုတွေ၊ ပြည်တွင်းစစ်ကို အစပျိုးစေမယ့် စစ်ပွဲတွေကလည်း နယ်စပ်ဒေသတွေမှာ တစထက်တစ ကျယ်ပြန့် ဖြစ်ပေါ်လာနေပါတယ်။ တဖက်မှာလည်း စီးပွားရေးက ကမ္ဘာ့အလယ်မှာ အဆင်းရဲဆုံး နိုင်ငံအဖြစ် လျော့ကျသွားခဲ့ရုံသာမက ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အစရှိတဲ့ နယ်ပယ်အသီးသီးမှာလည်း ကမ္ဘာ့အနိမ့်ဆုံးအဆင့်ကို သက်ဆင်းကျရောက် သွားခဲ့ရပါပြီ။
အဲဒီလို ဘက်စုံအကျပ်အတည်းကြီးကို တပ်မတော်အစိုးရရဲ့ မကြာမီက ကျင်းပပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲနဲ့ဖြစ်ဖြစ် နောက်ဆက်တွဲပေါ်ပေါက်လာမယ့် ပြည်သူ့လွှတ်တော်နဲ့ အရပ်သားအစိုးရဆိုတဲ့ နိုင်ငံရေးအခင်းအကျင်းတွေနဲ့ပဲဖြစ်ဖြစ် ဖြေရှင်းလို့ရနိုင်မှာမဟုတ်ပါ။ ဒီလိုဘက်စုံအကျပ်အတည်းတွေနဲ့ ပြည့်နှက်နေတဲ့ ကျနော်တို့နိုင်ငံအတွက် လက်ငင်း လိုအပ်ချက်ကတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာ့နိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များ၊ တပ်မတော် ခေါင်းဆောင်များ အတူတကွ လက်တွဲပူးပေါင်းကာ မြန်မာတနိုင်ငံလုံးအကျိုးအတွက် ပြည်သူလူထုကြီး အကျိုးအတွက်၊ သံသယတွေ အာဃာတတွေ အမုန်းတရားနဲ့ မာန်မာနတွေ ဘေးဖယ်ပြီး ညီညီညွတ်ညွတ် စုပေါင်းဆွေးနွေး အဖြေရှာရေးပဲဖြစ်ပါတယ်။
လွတ်လပ်ရေးမရခင်ကာလ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ပင်လုံညီလာခံမှာ တိုင်းရင်းသား ခေါင်းဆောင်တွေ မြန်မာနိုင်ငံရေး ခေါင်းဆောင်တွေနှင့်အတူ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး ညှိနှိုင်းဆွေးနွေးသဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့အတွက် မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့တဲ့ သာဓကရှိခဲ့ပါတယ်။
ယခုလတ်တလော အခြေအနေအရ မြန်မာတနိုင်ငံလုံးရဲ့ ပြဿနာကို ဖြေရှင်းရမှာဖြစ်တဲ့အတွက် အဆိုပါ ပင်လုံညီလာခံကဲ့သို့သော အမျိုးသားညီလာခံစစ်စစ်တခု ကျင်းပပြီး ကျွန်ုပ်တို့နိုင်ငံအတွင်းမှာ ကြီးထွားလာနေတဲ့ အာဃာတတွေ၊ သံသယတွေ၊ အမုန်းတရားတွေကိုလျော့ချပြီး လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ နောင်ရင်ဆိုင် လာရမယ့် အခက်အခဲအကျပ်အတည်းတွေကို စုပေါင်းဖြေရှင်းဖို့ လိုအပ်ပါတယ်။
ညီလာခံဆိုတာ ကိုယ်နဲ့နီးစပ်ရာ အဆင်ပြေရာတွေစုခေါ်ပြီး ကိုယ့်အကျိုးအတွက်၊ ကိုယ်လိုချင်ရာ ကိုယ်ဆုံးဖြတ်တာမျိုးမဖြစ်စေရပါဘူး။ အဲဒီလိုလုပ်ခဲ့ရင်လဲ သံသယတွေ အာဃာတတွေ အမုန်းတရားတွေ တိုးပွား လာရုံသာမကပဲ ပိုမိုနက်ရှိုင်းတဲ့ အကျပ်အတည်း အခက်အခဲတွေကို ကြုံတွေ့ရမှာမို့ သက်ဆိုင်သူ အာလုံးနဲ့တကွ အဲဒီအကြပ်အတည်းရဲ့ဒဏ်ကို ကိုယ်တိုင်တွေ့ကြုံခံစားနေရတဲ့ ပြည်သူတွေအနေနဲ့ကလည်း လက်ခံမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ အမျိုးသားရေး အကျပ်အတည်းကြီးကို အမှန်တကယ်ဖြေရှင်းပေးနိုင်တဲ့ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးကိုလည်း အမှန်တကယ် ကိုယ်စားပြုနိုင်မယ့် အမျိုးသားညီလာခံစစ်စစ် တခုဖြစ်ဖို့တော့ လိုအပ်ပါတယ်။
လွန်ခဲ့တဲ့ အောက်တိုဘာ(၂၄)ရက်နေ့က စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဇိုမီးအမျိုးသားကွန်ကရက် ၂၂နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အခမ်းအနားပြုလုပ်စဉ် တမျိုးသားလုံးရဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် ဒုတိယ ပင်လုံညီလာခံခေါ်ဆိုဖို့ သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်များ၊ ၀ါရင့်နိုင်ငံရေးသမားကြီးများ၊ တိုင်းရင်းသားခေါင်းဆောင်များနဲ့ ဒီမိုကရေစီ အင်အားစုများ သဘောတူလက်မှတ်ရေးထိုး တာတွေ့ရပါတယ်။ တိုင်းရင်းသားများအပါအ၀င် တနိုင်ငံလုံးမှာရင်ဆိုင်နေရတဲ့ အထွေထွေအကျပ်အတည်းကြီးကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့ ဖိတ်ခေါ်တာလို့ ယူဆပါတယ်။ ဒုတိယပင်လုံညီလာခံလို့ အမည်တပ်တာလဲ ပထမပင်လုံညီလာခံမှာလို စုပေါင်းပြီး ညီညီညွတ်ညွတ်နဲ့ နယ်ချဲ့လက်အောက်က လွတ်လပ်ရေးရယူပေးနိုင်ခဲ့သလိုမျိုး ဒုတိယ ပင်လုံညီလာခံ (ညီလာခံစစ်စစ်) ကျင်းပပြီး ပြည်တွင်းမှာလိုအပ်နေတဲ့ “ငြိမ်းချမ်းရေး”ကို အဓိကထား စုပေါင်းအဖြေရှာပြီး ရယူနိုင်ဖို့ ရည်ရွယ်တယ် လို့သိရပါတယ်။
ကချင်တိုင်ရင်းသားခေါင်းဆောင်ကြီး ဆမားဒူးဝါးဆင်ဝါးနောင်ရဲ့ မိန့်ခွန်းတစ်ခုမှာ ‘နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုး တိုးတက်တယ်ဆိုတာ အဲဒီနိုင်ငံမှာရှိတဲ့ သယံဇာတပစ္စည်းတွေနဲ့ မဆိုင်ပါဘူး။ အဲဒီနိုင်ငံအတွင်းမှာရှိတဲ့ ပြည်သူ လူထုကြီးရဲ့ စည်းလုံးညီညွတ်မှုနှင့်ပဲ ဆိုင်ပါတယ်’ လို့ပြောခဲ့ပါတယ်။ အဲဒီစည်းလုံးညီညွတ်မှုသာ မရှိဘူးဆိုရင်ဖြင့် ဘယ်လောက်အားကြီးတဲ့ အစိုးရတက်တက်၊ ဘယ်လောက်ကောင်းတဲ့ ၀ါဒနဲ့ အုပ်ချုပ်အုပ်ချုပ် နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ လုံးဝလုပ်နိုင်မှာမဟုတ်သလို အေးချမ်းမှုလဲရှိမှာမဟုတ်ပါဘူး။
နိုဝင်ဘာ (၁၃)ရက်နေ့က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်၊ တိုင်းရင်းသားအားလုံး ပြည်သူလူထုအားလုံးကသာမက တစ်ကမ္ဘာလုံးကပါ တခဲနက်ထောက်ခံနေတဲ့ ၁၉၉၀ခုနှစ်အထွေထွေ ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြိုနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ် အကျယ်ချုပ်က လွတ်မြောက်ခဲ့ပါပြီ။
၎င်းလွတ်မြောက်လာချင်းချင်းမှာပဲ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို အကောင်အထည် ဖော်မယ့်အကြောင်းနဲ့ အဲဒီလိုဖော်ဆောင်ရာမှာလည်း ဒီမိုကရေစီကို အမှန်တကယ်လိုလားသူ မည်သည့် နိုင်ငံရေး အင်အားစုနဲ့မဆို လက်တွဲ ဆောင်ရွက်သွားပါ့မယ်လို့ ပြောကြားထားခဲ့တဲ့အလျောက် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အမျိုးသား ညီလာခံစစ်စစ်ဖြစ်တဲ့ ဒုတိယ ပင်လုံညီလာခံကြီး အကောင်အထည်ဖော် ပေါ်ပေါက်လာရေးမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဦးဆောင်ဦးရွက် ပြုနိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။
တဆက်တည်းမှာပဲ ယနေ့နိုင်ငံအုပ်ချုပ်ရေးမှာ တာဝန်ယူနေကြတဲ့ တပ်မတော်ခေါင်းဆောင်ကြီးများကို ပန်ကြား လိုတာကတော့ -
ယနေ့နိုင်ငံတော်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးဖော်ဆောင်နိုင်ဖို့ အရေးတကြီး လိုအပ်နေပါတယ်။ အမျိုးသား ခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း တည်ထောင်မွေးဖွားပေးခဲ့တဲ့ မြန်မာ့တပ်မတော်ရဲ့ ခေါင်းဆောင်ကြီးများအနေနဲ့ နိုင်ငံနဲ့ပြည်သူလူထုအပေါ်မှာ အမှန်တကယ်စေတနာရှိတယ်ဆိုရင် ယခုကဲ့သို့ တိုင်းပြည်နဲ့လူမျိုးအတွက် အမှန်တကယ် အရေးလည်းပါ လိုလည်းလိုအပ်တဲ့ အထက်ပါအမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကြီး လက်တွေ့ အောင်အောင်မြင်မြင် အကောင်အထည် ဖော်နိုင်ရေးအတွက် နိုင်ငံနဲ့ ပြည်သူလူထုအကျိုးကို ရှေးရှုပြီး အရေးပါတဲ့ အခန်းကဏ္ဍတခုကနေ တာဝန်သိသိ သစ္စာရှိရှိ ပါဝင်ဆောင်ရွက်ပေးပါရန် ကျနော်တို့အလေးအနက် တိုက်တွန်းပါတယ်။ ဖိတ်လည်း ဖိတ်ခေါ်ပါတယ်။ အမျိုးသားညီလာခံပေါ်ပေါက်လာရေး ကြိုးပမ်းဆောင်ရွက်နေသူတွေကိုလည်း ကူညီပေးဖို့ တောင်းဆိုပါတယ်။
တပ်မတော်ခေါင်းဆောင်ကြီးများအနေနဲ့ အဆိုပါအမျိုးသားညီလာခံစစ်စစ် ပေါ်ပေါက်အောင် ပါဝင်ကူညီ ကြိုးပမ်း ဆောင်ရွက်မယ်ဆိုရင်ဖြင့် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာရဲ့ ထောက်ခံမှု၊ ယုံကြည်မှုကို ရမှာဖြစ်ပြီး မြန်မာနိုင်ငံ အနေနဲ့လည်း အလွန်မင်္ဂလာရှိတဲ့ နိုင်ငံအဖြစ် ကမ္ဘာ့အလယ်မှာ ဂုဏ်ယူဝင့်ထည် နိုင်မှာပါ။
လေးစားအပ်ပါတဲ့ ၀ါရင့်သက်ကြီးနိုင်ငံရေးခေါင်းဆောင်များခင်ဗျား…
အသက်အရွယ်ကြီးရင့်လို့ဖြစ်စေ ကျန်းမာရေးမကောင်းလို့ဖြစ်စေ၊ နိုင်ငံရေးတာဝန်တွေကို စွန့်လွှတ်ပြီး အနားမယူကြပါနဲ့ဦးလို့ မေတ္တာရပ်ခံပါရစေ။ နယ်ချဲ့ကိုတော်လှန်ခဲ့ကြတဲ့ လွတ်လပ်ရေး အရယူပေးနိုင်ခဲ့ကြတဲ့ ဖက်ဆစ်နဲ့ အာဏာရှင်စနစ်ကို အစဉ်အဆက် ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြတဲ့ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့ပေမယ့် ကျန်ရှိနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဒီမိုကရေစီစနစ်စစ်စစ် ပေါ်ပေါက်ရေးနဲ့ ထာဝစဉ် တည်တံ့ခိုင်မြဲမယ့် ငြိမ်းချမ်းရေးမျိုးပေါ်ပေါက်သည်အထိ ကိုယ်တိုင်ပါဝင်၍ဖြစ်စေ အကြံဉာဏ်များပေး၍ဖြစ်စေ မိမိတို့တတ်နိုင်သလောက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဆက်လက်၍ လက်တွဲပါဝင်ဆောင်ရွက်ပေးကြပါရန် အလေးအနက် မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်။

မြန်မာပြည်ငြိမ်းချမ်းပါစေ -
(အမျိုးသားပြန်လည်သင့်မြတ်ရေးလိုလားသူများနှင့် ဒီမိုကရေစီအင်အားစုများ)

No comments:

Post a Comment