2.12.2011

ပင်လုံအကြောင်းအရာ မေးမြန်းဆွေးနွေးပွဲ ဘန်ကောက်တွင်ကျင်းပ

Photobucket
ဖေဖေါ်ဝါရီလ ၁၁
မနေ့ ညနေက ဘန်ကောက်မြို့ လယ်ရှိ Bangkok Art and Culture Centre အဆောက်အဦး ခန်းမတွင်
မြန်မာနိုင်ငံ၏ ဒုတိယပင်လုံ အကြောင်းအရာ ဆွေးနွေးပွဲတရပ်အား မြန်မာ့အရေး တက်ကြွလှုပ်ရှားသည့် အဖွဲ့ များက စုပေါင်းကျင်းပခဲ့ကြသည်။
မြန်မာမိတ်ဆွေများအဖွဲ့ (FOB) မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ထိုင်းလှုပ်ရှားမှုကော်မတီ (TACDB) မြန်မာ့
အရေး အာဆီယံ ပါလီမန်အမတ်များအဖွဲ့ (AMPIC) ပြည်သူ့အာဏာ ဖွံ့ဖြိုးရေးအဖွဲ့နှင့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (AI) တို့  ပူးပေါင်း၍ ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေမှ နိုင်ငံခြား ဆက်ဆံရေး အဖွဲ့ဝင် ဦးမိုးဇော်ဦး၊ ရှမ်းသတင်းဌာန အယ်ဒီတာ ဦးခွန်ဆိုင်းနှင့် NUPA (ရခိုင်ပြည် အမျိုးသား ညီညွတ်ရေး ပါတီဥက္ကဌ) ဒေါက်တာခင်မောင်တို့က ပင်တိုင်ဆွေးနွေး ဟောပြောကြသည်။
ဒုတိယပင်လုံ အကြောင်းအရာနှင့် ပတ်သက်၍ The Nation သတင်းစာမှ အကြီးတန်းသတင်းထောက် Pravit Rojanaphruk က ပင်တိုင်မေးမြန်းပြီး တာမဆတ် တက္ကသိုလ်တွင် တက်ရောက်နေကြသော နိုင်ငံတကာ ကျောင်းသူကျောင်းသားများနှင့် တက္ကသိုလ်တက်နေသော ထိုင်းသံဃာတော်တစ်ပါးတို့က မေးမြန်းကြသည်။
နေရှင်း အကြီးတန်းသတင်းထောက်နှင့် နိုင်ငံတကာ တက္ကသိုလ်ကျောင်းသားများက “ မြန်မာနိုင်ငံဟာ ဗြိတိသျှ လက်အောက်က လွတ်မြောက်လာပြီးတော့ ဘာကြောင့် မလွတ်လပ်နိုင်သေးတာလဲ၊ ပထမ ပင်လုံမှာ ဘာတွေ ဗိုလ်ချုပ်တို့နဲ့ ချုပ်ဆိုခဲ့ကြပြီး၊ ခု ဒုတိယပင်လုံဆိုတာကော ဘယ်လောက်အထိ ဖြစ်နိုင်ခြေရှိသလဲ အမှန်တကယ်ကော မြန်မာနိုင်ငံအတွက် လိုအပ်သလား”ဟု မေးမြန်းကြသည်။
ဖြေကြားသူများက “နှစ်၆၀ ပြည်တွင်းစစ်ဟာ တိုင်းရင်းသားတွေကို တန်းတူရေးမပေးပဲ မဟာလူမျိုးကြီး
ဝါဒနဲ့ စစ်အာဏာရှင် စနစ်ကြောင့်ဖြစ်တယ်။ ခု ပြောနေကြတဲ့ ဒုတိယပင်လုံ ညီလာခံကို အပြည့်အ၀ ထောက်ခံတယ်။ ပေါ်ပေါက်အောင်လဲ ၀ိုင်းဝန်းကြိုးစားကြမယ်။ ခုထိ တိုက်ပွဲဖြစ်နေတာဟာ ပြည်တွင်း ငြိမ်းချမ်းမှုမရှိတာကို ပြတာဖြစ်တယ်။ တိုင်းရင်းသားတွေ တိုက်နေတာ တန်းတူရေးနဲ့ လွတ်လပ်ရေး ဖြစ်တယ်။ ကျနော်တို့ တတိုင်းပြည်လုံး စစ်ကျွန်ဘ၀အောက်က လွတ်မြောက်အောင် ရရာ လက်နက် စွဲကိုင်ပြီး တိုက်ခိုက်နေကြတာဖြစ်တယ်။ စစ်အစိုးရ အုပ်ချုပ်နေသမျှ ကာလပတ်လုံး ပြည်တွင်းစစ် ဘယ်တော့မှ မငြိမ်းဘူး”ဟု ပြောဆိုသွားကြသည်။ မွန်းလွဲ ၂နာရီမှ စတင်၍ ကျင်းပသည့် ဤဆွေးနွေးပွဲ ညနေ ၅နာရီခွဲတွင် ပြီးဆုံးသည်။
အစီအစဉ်အရ စွယ်စုံရ အနုပညာရှင် ကိုဇာဂနာ မှတ်တမ်း ရုပ်ရှင် This Prison Where I Live “ကျနော်နေတဲ့ ဤ အကျဉ်းထောင်” အမည်ရှိ ရုပ်ရှင်ကားကို ပြသသည်။ ထိုရုပ်ရှင်ကားကို ရိုက်ကူးခဲ့သည့် အင်္ဂလန်နိုင်ငံသား ဒါရိုက်တာRex Bloomstein ကိုဇာဂနာ၏ လုပ်ဖေါ်ကိုင်ဘက်များလည်းဖြစ်၊ တပည့်များလည်း ဖြစ်ကြသော သီးလေးသီးမှ ကိုဂေါ်ဇီလာနှင့် ကိုစိန်သီးတို့အား တက်ရောက်လာသူများက မေးမြန်းကြသည်။
ဒါရိုက်တာက “အများပြည်သူအတွက် မိမိကိုယ်ကိုယ် မိမိ (အော်လံ)ပါလို့ ပြောတဲ့ ကိုဇာဂနာ။ ပြီးတော့ နာဂစ် ဒုက္ခသည်တွေကို သူ့လက်ကိုင်ဖုန်းကို ရောင်းပြီး အကူအညီပေးတာ၊ ဖိနှိပ်ရက်စက်တဲ့ အစိုးရ ကို မကြောက်မရွံ့ ပြောရဲတဲ့ သူရဲ့သတ္တိ၊ အဲဒါတွေကို အထူးလေးစားလို့ ဒီရုပ်ရှင်ကားကို ရိုက်တာဖြစ်တယ်။ ကြောက်မွေးပါရင် ဇာဂနာနဲ့ နှုတ်မယ်ဆိုတဲ့ သူ့ရဲ့ ခံယူချက်နဲ့ သူရဲ့ နာမည်ကလည်း ဂုဏ်ပြုထိုက်တယ် ထင်လို့ ပါ” ဟု ပြောသည်။
ကိုဇာဂနာ ဦးနေ၀င်းခေတ်က ပျက်လုံးတစ်ခုအား အမှတ်တရပြောပေးပါရန် ထိုင်းစာရေးဆရာ တစ်ယောက်
တောင်းဆို မေးမြန်းခဲ့သည်။ ကိုဂေါ်ဇီလာက “ မဆခေတ်က သူတောင်းစား ညီလာခံလုပ်တာတွေ၊ ပြီးတော့ ပြည်ပကို တာဝန်ထမ်းဆောင်ဖို့ အလွှတ်ခံရတာကို အနစ်နာခံတဲ့ အနေနဲ့ သားနဲ့မယားကိုပါ ခေါ်သွားပါမယ် ဆိုတဲ့ နိုင်ငံတာဝန် ထမ်းဆောင်သူတွေရဲ့ ကိုယ်ကျိုးရှာဖွေတတ်တဲ့ ပျက်လုံးတွေကို မြန်မာပရိတ်သတ်တွေ အလွန်ပဲ သဘောကျပါတယ်။ အနုပညာသည် လူရွှင်တော်ဆိုတာ တိုင်းပြည်မှာ မဆီမလျှော်တာတွေကို ပြည်သူတွေ ရယ်စရာဖြစ်အောင်နဲ့ အုပ်ချုပ်သူတွေ သတိပြုအောင် ပြုပြင်အောင် ထောက်ပြတဲ့ လူတွေသာဖြစ်တယ်။ ကျနော်တို့ အစိုးရက ထောက်ပြတယ်လို့ မမြင်ပဲ သူတို့ကို အပြစ်ပြောတယ် ဆိုပြီး ကျနော်တို့ ဆရာကို နှစ်ရှည်ထောင်ဒဏ်ချ လိုက်တယ်ဗျာ” ဟု ရှင်းပြခဲ့သည်။
အခမ်းအနားစီစဉ်သူများက ကဏ္ဍ ၂ခုအား တပေါင်းတည်း ကျင်းပခဲ့သော်လည်း တက်ရောက်လာသူများက
စိတ်ဝင်တစားရှိခဲ့ကြသည်။ တက္ကသိုလ်ကျောင်းသား ထိုင်းသံဃာတော်တစ်ပါးက “ဦဇင်း ဒီအခမ်းအနား ဖိတ်စာကို ရတော့ ကျောင်းနေဘက် မြန်မာသံဃာတွေကို ဂျီတော့နဲ့ အီးမေးကနေ သွားရအောင်လို့ ခေါ်တယ်။ သူတို့က ဘာပြောလဲဆိုတော့ ဒီပွဲကိုလာရင် ဓါတ်ပုံအရိုက်ခံရမယ်။ VDO အရိုက်ခံရမယ်။ ပြည်တွင်းက သိသွားရင် အန္တရာယ်ဖြစ်နိုင်တယ်လို့ ပြန်ပြောကြတယ်။ ခုကြည့်လေ မြန်မာသံဃာတော် တွေ တစ်ပါးမှ မရောက်ဘူး။ ဦးဇင်း အဖြေတစ်ခုရလိုက်တာက သူတို့ဟာ ပြည်ပက လွတ်လပ်တဲ့ တိုင်းပြည်ကို ရောက်နေတာတောင် အကြောက်တရားက မကုန်သေးပါလား ဆိုတာပါပဲ” ဟု စာသင်သား မြန်မာ သံဃာများ ကြောက်ရွ့ံနေမှုကို ထုတ်ဖေါ် မိန့် ဆိုသွားခဲ့သည်။
သီးလေးသီးမှ ကိုစိန်သီးက“ပြည်တွင်မှ လူရွှင်တော်များ ပြောရဲဆိုရဲခြင်းကို အထူးလေးစားပါတယ်။ ပြည်တွင်းက ညီအကိုတော် အနုပညာရှင်တွေ ပြည်တွင်းမှပြောတာ ထိရောက်ပါတယ်။ ပြည်ပကိုထွက်လာဖို့ မစဉ်းစားပါနဲ့ ကျနော်တို့ လွတ်လွတ်လပ်လပ် ပြောလို့ဆိုလို့ရတယ် ဆိုပေမယ့် ထမင်းနပ်မမှန်လို့ပါ” ဟု အသောဖေါက်ပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြသည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။ 

No comments:

Post a Comment