4.11.2009

သင်္ကြန် အတွေးမိုး






သင်္ကြန် အတွေးမိုး

တန်ခိုးရှင်တွေက
တဂိုးထဲနဲ့ ကပ်ရှုံးအောင်
ဘဝများကို ဖန်ဆင်းခဲ့တာတော့ ဖြစ်နိုင်မယ် မထင်ဘူး ။

ဆင်ဆာဖြတ်ခံထားရတဲ့ သင်္ကြန်စာကို
ယုံယုံကြည်ကြည် မဖတ်ဖြစ်တာ ကြာပြီ ၊
မျှော်လင့်ချက်တွေ ရှင်သန်ဖို့
ဗေဒင်နဲ့ ဓါတ်ရိုက်ဓါတ်ဆင် လုပ်တာထက်
မကောင်းဆိုးဝါးတွေကို စိတ်ရှိလက်ရှိ ရိုက်လိုက်ချင်ပြီ ၊
အဆိုးအမှားတွေက ပန်း၊ ဆီမီးများနဲ့
ဘုရားကို လာဘ်ထိုးနေကြပြီလား ။ ။

သိကြားမင်းရဲ့ ခွေးရပိုက်မှာ မကောင်းမှုတွေ မင်နီဝိုင်းတော့
အတ္တမက် ဖောက်ပြန်တဲ့ အသိုင်းအဝိုင်းက
နှစ်စဉ်နှစ်တိုင်း ထိပ်ပိုင်းမှာ အရှက်မဲ့ ဗိုလ်စွဲနေဆဲ၊
နှစ်ဟောင်းရဲ့ စိတ်အညစ်အကြေးတွေကို
စစ်ဆေး ဆေးကြောပစ်ဖို့ မေ့လျော့နေကြတယ် ။

တနှစ်မှ တခေါက်ပေါ်လာတတ်တဲ့ သိကြားမင်းကို
ဗီဇာရမှ ပေါ်လာတဲ့ ဂမ်ဘာရီလို မဖြစ်စေချင်ဘူး ၊
ဗယုတ်ဗယက် သရုပ်ပျက်တွေကိုယ်တိုင်က
မိမိမှ လွဲ၍ ဘယ်သူမှ သရုပ်မပျက်ရလို့
ဥပဒေတွေ ထုတ်ထားတဲ့ ခေတ်ကာလ ၊
အနက်ရောင် တိမ်မဲတိမ်တိုက်တွေ
ကောင်းကင်မှာ အုပ်စုလိုက် ဗိုလ်ကျတော့
သင်္ကြန်မိုးများ ပြေးထွက်လာမဲ့ပုံက
ဒုက္ခသည်တွေ နယ်စပ်ထွက်ပြေးလာသလိုပါပဲ ။

အတွေး တောင်စဉ်တောင်တန်းများရဲ့
စိမ်းစိမ်းလန်းလန်း သစ်ပင်တွေထဲ
ပူလောင်ပြင်းပြတဲ့ နွေစစ်စစ်နေ့များမှာ
ငြီမ်းချမ်းရေး ပိတောက်ပန်းကို အမောတကောဖွေရှာကြည့်
အမေ့အိမ်ကို တယောက်ထဲ နာကျင်စွာလွမ်းနေမိတယ် ။

မျက်နှာမလွှဲခင်က ခဲနဲ့ပစ်ခံရပုံက ၊
သင်္ကြန်မှာ ရေပူဖောင်း အပေါက်ခံရတာထက်ဆိုးတယ် ၊
ဖောင်မစီးပဲ နာဂစ်ဘဝတွေ ရေငတ်နေတယ် ။

အချိန်တွေ ပေါင်းချုပ်ထားတဲ့ အနှစ် နှစ်ဆယ်ဆိုပေမဲ့
အကြိမ်ကြိမ် ဇာတ်ပေါင်းမထုပ်ရလဲ အချစ်ပြယ်ပြီ မထင်ပါနဲ့ ၊
နှလုံးသွေးနဲ့ ရေးသားခဲ့တဲ့ စွဲလမ်းတမ်းတဆဲစိတ် ၊
အသည်းကျွမ်းလှတဲ့ အတိတ် ၊
သင်္ကြန်မိုးတွေ ဘဝမှာ တိတ်နေခဲ့တာကြာပြီ ။

အောင်ခိုင်မြင့်
အီးမေးဖြင့်ပေးပို့လာခြင်းဖြစ်ပါသည်။

No comments:

Post a Comment