ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ ဘေးမှ မြေကြွက်ကြီးတကောင် ဝှီးခနဲ ဖြတ်ပြေးသွားရာ ဖိုးရှုပ် လန့်ပြီး ထခုန်လိုက် မိသည်။ မြေကြွက်ကြီးက သူတို့ကို နည်းနည်း ကျော်ကာ ရပ်လိုက်ပြီး နှာခေါင်း ပွစိ ပွစိ လုပ်နေသည်။ ခဏနေတော့ သူတို့နားက အရာတခု ဝှီးခနဲ ဖြတ်သွားပြန်သည်။ ထို “ဝှီး” ကတော့ လောက်စာလုံးဖြစ်သည်။ “ဝှီး” တခုတည်းမဟုတ် .. နောက်က “ဖုတ်” ဆိုသည့်အသံပါ ကြားလိုက်ရပြီး ခုနက မြေကြွက်ကြီးခမျာ ချက်ချင်းပင် မာလက ဈာန်ကြွသွားလေတော့သည်။
ဖိုးရှုပ်။ ။ (အမှိုက်ပုံကို ပါလာသည့် သံချွန်တပ် တုတ်ချောင်းဖြင့် ဖွရင်း) အင်း ရန်ကုန်ရဲ့ ဇီးကွက် စီးပွားရေးစနစ်ကတော့ တော်တော်လေးကို ပြောင်းလဲလာပြီပဲကွနော် .. ကြွက်စုတ်။
ကြွက်စုတ်။ ။ ဈေးကွက်စီးပွားရေး လုပ်စမ်းပါကွာ။
ဖိုးရှုပ်။ ။ ဟာ .. ခုလို ကြွက်ဖမ်းထွက်တဲ့သူတွေအတွက်က ဇီးကွက် စီးပွားရေးပေါ့ကွ .. ။ သူတို့က ညဘက် ထွက်အလုပ်လုပ် .. နေ့ဘက်အိပ်ကြရတဲ့ ဥစ္စာ။
ကြွက်စုတ်။ ။ ခုက နေ့ခင်းကြောင်တောင်ကြီးလေ။
ဖိုးရှုပ်။ ။ ဒါကတော့ နေ့ခင်းဘက် မျက်စိလည် လမ်းမှားလာတဲ့ မြေကြွက်မို့လို့ ခံသွားရတာပါ။ တကယ့်သူတို့ အလုပ်က ညဘက် ဇီးကွက်စီးပွားရေး ..။
ကြွက်စုတ်။ ။ ဟာ .. ဈေးကွက်တွေ၊ ဇီးကွက်တွေ အသာထားစမ်းပါကွာ .. ခုမင်းက ဘာလုပ်မှာလဲ .. ငါ့ကိုလည်း ဆင်ထားလိုက်တာ အမှိုက်ကောက်သမား ကျနေတာပဲ။ ပြီးတော့ ဒီတုတ်ချွန်နဲ့ ဟိုထိုး ဒီထိုး ..။
ဖိုးရှုပ်။ ။ ခက်ပါလား ကြွက်စုတ်ရယ် .. ငါက သတင်းသမားဆိုတာ မမေ့နဲ့လေ။ ငါ စတိုရီ ပါမသွားရင် ကိုဂေါ်ကြီးက ထုမှာ .. မင်းလည်း သိရဲ့သားနဲ့။ ငါက ရန်ကုန်မြို့ကြီးအကြောင်း စတိုရီ ရေးမှာဆိုတော့ ဒီလိုစတိုင် ဝတ်ထားတာ အကောင်းဆုံးပဲကွ။ အမှိုက်ပုံနဲ့တူတဲ့ ရန်ကုန်ရွှေမြို့တော်ကြီးမှာ .. အမှိုက်ကောက်သမားစတိုင် ဖမ်းပြီး သတင်းလိုက်မယ်လေကွာ။
ကြွက်စုတ်။ ။ သေပါပြီကွာ .. ရန်ကုန်ပြန်ရမယ် ဆိုလို့ လိုက်လာတာ။ ခုတော့ အမှိုက်ဝိုင်းကောက် ပေးရမယ့်ပုံ ပေါက်နေပြီ။ ဒါနဲ့ ခုနက ကြွက်ကို လောက်လေးနဲ့ ပစ်ဖမ်းပြီး ဘာလုပ်ဖို့လဲ။
ဖိုးရှုပ်။ ။ ဒါလား ကြွက်သားက ပိဿာချိန်နဲ့ ရောင်းဖို့၊ ကြွက်မြီးက စည်ပင်ကို တခု ၅၀ နဲ့ ပြန်ရောင်း ဖို့လေ။ ဟာ ကြွက်စုတ် ဟိုရှေ့က အမှိုက်ပုံတခုကို ဖွနေတာ ဘယ်သူပါလိမ့် .. ဒီလူကို ငါမြင်ဖူးသလိုပဲကွ။
ကြွက်စုတ်။ ။ (စူးစိုက်ကြည့်လိုက်ရင်း) မြင်ဖူးမှာပေါ့ .. ဦးရုက္ခစိုးလေ။
အမှိုက်ကောက်သမား ပုံစံ ဝတ်ထားသော ဦးရုက္ခစိုးတယောက် သူတို့နားရောက်လာသည်။
ဖိုးရှုပ်။ ။ ဟား ကျနော်တို့တင် အမှိုက်ကောက်သမားပုံစံ ဝတ်ထားတယ်မှတ်တာ။ ဘာလို့ ဦးရုက္ခစိုးက ဒီစတိုင် ဝတ်ထားတာလဲဗျ။
ရုက္ခစိုး။ ။ ခု ချိန်မှာ ဒီစတိုင် ဝတ်ထားတာက အန္တရာယ်အကင်းဆုံးပဲလေကွာ .. မသိဘူးလား .. ဒါ ရန်ကုန် ဖက်ရှင်ကွ။ တော်ကြာ ငါ့ နတ်ယူနီဖောင်းနဲ့ဆိုရင် ထိုးထိုးထောင်ထောင်နဲ့ တမူထူးခြားနေမှာ စိုးလို့။ ခုလို ဝတ်ထားလိုက်တော့ ပေမှာ ကျံမှာလည်း မစိုးရိမ်ရတော့ဘူး။ ပြီးတော့ ကြုံတုန်းအမှိုက်ကောက်ပြီး အဟောင်းဆိုင် သွင်းရင် အပိုဝင်ငွေလေးဘာလေး ရနိုင်တယ်။
ကြွက်စုတ်။ ။ တော်ကြာ .. ချာတိတ်တွေက သူ့တို့ခွင် ဝင်လုတယ်ဆိုပြီး ဦးရုက္ခစိုးကို ပြဿနာရှာ နေမယ်နော် .. မကြီးမငယ်နဲ့ ကြည့်လုပ်ဦး။
ထိုစဉ် မိုးရွာချလိုက်ရာ ရေက ချက်ချင်း ခြေသလုံးတဝက်နစ်သွားသည်။ ရေပုပ်များနှင့်အတူ ရေသန့်ဘူးခွံများ၊ ကြွပ်ကြွပ်အိတ်များနှင့် တခြား အမှိုက်အဆွေးအပုပ်များ ပေါလောမျောပါလာသည်။ သူတို့နားက ဖြတ်သွားသည့် လူတယောက်က ရေထဲတွင် ပုဆိုးကို ဒူးအထက်ရောက်အောင် မရင်း ခပ်တည်တည်လျှောက်သွားကာ ကွမ်း တံတွေးကို “ဗျစ်” ခနဲ ရေထဲသို့ ထွေးချလိုက် သည်။ သူထွေးလိုက်သည့် ကွမ်းတံထွေးက ခဏနေတော့ ရေထဲမှာ ပျောက်သွားသည်။ ထိုစဉ် ဘတ်စ်ကားတစီး သူတို့ဘေးက ဖြတ်သွားရာ .. ရေညစ်ပတ်များ သူတို့ကိုယ် ပေါ်တွင် ရွှဲရွှဲစိုသွားသည်။ ယာဉ်ပေါ်က စပယ်ယာက ကားလမ်းမပေါ် ခြေတဘက် ချမိနေသော ဖိုးရှုပ်ကို “@#$#@%^&” ဟု ထောမနာပြုရင်း “ထွီ” ခနဲ ကွမ်းတံတွေး ထွေးချသွားပြန်သည်။
ရုက္ခစိုး။ ။ တွေ့တယ်မဟုတ်လား။ ရန်ကုန်မြို့ထဲကို ဒီလို အဝတ်အစားနဲ့ ထွက်တာ အကောင်းဆုံးပဲ။
ရန်ကုန်မြို့လယ်ခေါင်တွင် ကြီးနေသော ရေထဲမှာ သတိထားပြီး ဖြတ်လျှောက်ကြရသည်။ လမ်းဟိုဘက်ကို ကူးလိုက်နိုင်တော့ ရေလွတ်သည့် ပလက်ဖောင်းအုတ်ပြားတချပ်ကို တွေ့ရာ ဖိုးရှုပ် ဝမ်းသာအားရ တက်ရပ်လိုက် သည်။ “ဝုန်း” …။ ထို “ဝုန်း” ကတော့ ဆွေးနေသည့်ပလက်ဖောင်း အုတ်ပြားချပ် ကျိုးကျသွားခြင်း ဖြစ်သည်။ အောက်က မြောင်းက သိပ်မနက်သောကြောင့် ဖိုးရှုပ် ရေညစ်ပတ်ထဲတွင် ယက်ကန်ယက်ကန် နည်းနည်းဖြစ်ပြီး ပြန်ထလိုက်နိုင်သည် .. ။ သူတို့ ရောက်နေသည့်နေရာတွင် မီးသတ်ကန်ဟောင်း တခု ရှိသည်။ ထို ကန်ဟောင်းအုတ်ဘောင်ပေါ်တွင် အချိုးမကျသည့် အရာတခုက သူတို့ကို ကြည့်ရင်း ခွက်ထိုးခွက်လန် ရယ်မောနေသည်။
ကြွက်စုတ်။ ။ ဟာ .. ဘာသတ္တဝါလည်းဟ ..။ ရုပ်ကလည်း ပုံမကျ ပန်းမကျ .. လူတော့ မဟုတ်ဘူးနဲ့ တူတယ်။
“လူမဟုတ်ဘူးဗျ .. ကျုပ်က ကြပ် ..။ နာမည်က ငပွေး .. နေရပ်က ကြပ်ပြေး” ဟု ထိုသတ္တဝါက ပြောလိုက်သည်။ သူ့ပုံစံက အင်္ဂလိပ်ဂဏန်း ‘8’ ပုံသဏ္ဌာန်ဖြစ်သည်။ ရယ်လိုက်ချိန်တွင် ရှေ့တည့်တည့်က သွားကြီး တချောင်း တည်း ပြူးထွက်နေသည်။ ခြုံငုံ၍ ဆိုရလျှင် သူ့ပုံစံက ‘8’ တွင် တုတ်ချောင်းလေး ၂ ချောင်းတပ်ထားသည့် ပုံစံ ဖြစ်သည်။ ခြေထောက်လည်းမပါ။ အမြီးက တန်းလန်းနှင့် ..
ရုက္ခစိုး။ ။ မင်းပုံစံကလည်း ရုပ်ဆိုး လိုက်တာကွာ။
ငပွေး။ ။ ဟာ .. ကြပ်ပါဆိုမှ .. ကြပ်ရုပ်ပဲ ထွက်မှာပေါ့ .. ။ ဒါပေမယ့် ခင်ဗျားတို့ လူတွေ ကြည့်တော့သာ ရုပ်ဆိုးတာ၊ ကျုပ်တို့ ကြပ်လေဒီတွေကတော့ ကျုပ်ကို စီရော်နယ်ဒိုနဲ့ မလဲဘူးတဲ့ သဘောပေါက်။
ဖိုးရှုပ်က သူ့ကိုဟားထားသည့် ထိုကြပ်ကို နည်းနည်း စိတ်ခုနေသည်။
ဖိုးရှုပ်။ ။ ဘာလို့ မင်းက တဟားဟားရယ်နေရတာလဲ .. ဒီမှာ ဒီလောက် ဒုက္ခရောက်နေတဲ့ဟာကို။
ငပွေး။ ။ ရယ်မှာပေါ့ဗျ။ ခင်ဗျားပုံလည်း ပြန်ကြည့်ဦး။ ညစ်ပတ်လိုက်တာလည်း လွန်ရော။ ခင်ဗျားတို့ မို့လို့ ဒီလို ရန်ကုန်အမှိုက်ပုံကိုလာတယ်။ ဒီမှာ .. ကျုပ်တို့ ကြပ်ပြေးကိုလာကြည့်လိုက် .. သန့်ပြီး တောက်ပြောင် နေတာတွေ့ရလိမ့်မယ်။
ရုက္ခစိုး။ ။ မင်းနေရပ်က ကြပ်ပြေးဆိုတော့ နေပြည်တော်ပေါ့ ဟုတ်လား။ မင်းကကော ဒီရန်ကုန်ကို ဘာလာလုပ်တာလဲ။
ငပွေး။ ။ ကျုပ်က ၈ လေးလုံးမျိုးဆက် ကြပ်ဗျ။ ကျုပ်တို့ကြပ်ချုပ်ကြီးက လွှတ်လို့ လာကြည့်တာ။
ကြွက်စုတ်။ ။ ၈ လေးလုံးမျိုးဆက် ကြပ်ရယ်လို့ မကြားဖူးပါဘူးကွာ။ နောက်ပြီးကြပ်ချုပ်ကြီးတဲ့။
ပြောရင်းဖြင့် ကြွက်စုတ် ခွက်ထိုးခွက်လန် ရယ်မောနေသည်။
ငပွေး။ ။ ဟာ မရယ်နဲ့ဗျ။ နောက်နေတာမဟုတ်ဘူး။ ကျုပ်တို့ကြပ်တွေ ခု နေပြည်တော်ကို သိမ်းထားတယ်။ အရင်ကဆို အဲဒီနေရာက တောကြီးခေါင်ခေါင်ဗျာ။ ခုဆို မီးတွေကိုထိန်လို့ ..။ လမ်းတွေကလည်း အကျယ်ကြီးတွေ။ လူလည်း သိပ်မရှိဘဲ .. သန့်ပြီး တောက်ပြောင်နေတာပဲ။ ညဘက်မီးရောင်အောက်မှာ ကျုပ်တို့ ကြပ်တွေ မြူးကြတာ .. ဘာပြောကောင်းမလဲဗျာ ..။ ဒီလိုနဲ့ ကြပ်မျိုးဆက်တွေ ထပ်ပွားလာပြီး နေစရာ သိပ်မလုံလောက်တော့လို့ ကျုပ်တို့ ကြပ်ချုပ်ကြီးက အရင်ရွှေမြို့တော်ဟောင်း ရန်ကုန်ကို သွားကြည့်ခိုင်းတာနဲ့ လာခဲ့တာ။
ကြပ်ငပွေးက နှာခေါင်းကိုရှုံ့ကာ “ရွံစရာကောင်းလိုက်တဲ့မြို့ဗျာ။ လမ်းတွေကလည်းပျက်စီး၊ ညစ်ပတ်လိုက်တာ လည်း လွန်ရော၊ တကယ့် အမှိုက်ပုံ၊ ခင်ဗျားတို့ လူတွေပဲနေကြတယ်။ ကျုပ်တို့ ကြပ်တွေတော့ မနေနိုင်ဘူးဗျို့၊ တခုတော့ရှိတယ် ပြောမရဆိုမရ ဆိုးသွမ်းကြပ်တွေကို ရန်ကုန်ပို့ရင်တော့ဖြစ်မယ်” ဟု ဆက်ပြောသည်။
ရုက္ခစိုး။ ။ မင်းကလည်း ကြီးကျယ်လိုက်တာကွာ .. မင်းတို့ လုပ်ချင်တိုင်း လုပ်နေတာတွေ ချိုကုပ်ဒူးကြီးများ သိရင်တော့ မလွယ်ဘူးထင်တယ်။
ငပွေး။ ။ ဟာ .. သူ့လောက်က အေးအေးဆေးဆေးပါ။ ခုလည်း တရုတ်- မြန်မာနယ်စပ်က ဖက်ဆစ် မြန်မာ တပ်တွေကို အမိန့်ပေးနေရတယ် အားတာမဟုတ်ဘူး။ ကျုပ်တို့ ကြပ်တွေဘက် မလှည့်အားဘူး။
ဖိုးရှုပ်။ ။ ဟေ့ကောင် ဖက်ဆစ် ဂျပန်ပဲ ကြားဖူးပါတယ်ကွာ။
ငပွေး။ ။ ခင်ဗျားက ဘာသတင်းထောက်လဲ .. ညံ့လှချည်လား။ ခု ကမ္ဘာမှာ ဖက်ဆစ်ဆိုလို့ မြန်မာ တနိုင်ငံပဲကျန်တော့တယ်။ ဂုဏ်ယူလို့ရတယ်နော်။ နယ်စပ်မှာ တရုတ်တွေကို ပါးချ၊ တရုတ်မလေးတွေကို ကားပေါ်ဆွဲတင် .. ဒါမျိုးတွေလုပ်နေတာ ကျုပ်တို့ မြန်မာ့တပ်မတော်ခင်ဗျ။
ရုက္ခစိုး။ ။ ထားပါတော့ကွာ .. ခုနက မင်းပြောတော့ မင်းက ၈ လေးလုံးမျိုးဆက်ဆို၊ မင်းတို့ ကြပ်ချုပ်ကြီးကကော ..။
ငပွေး။ ။ သူကတော့ ဦးသန့်အရေးအခင်းတုန်းက သေတာလေ။ ဒီမှာ ဦးရုက္ခစိုး ..ကျုပ်တို့က ကြပ် လုပ်ချင်လို့ လုပ်နေတယ်မထင်နဲ့ဗျ ..။ အချိန်မရွေး ကျွတ်လွတ်လို့ရတယ် မှတ်ထား။ နအဖ မပြုတ်ကျမချင်း မကျွတ်ဘူးဆိုပြီး ကျုပ်တို့အားလုံး သန္နိဌာန် ချထားလို့ ခုလို ကြပ်ဘဝမှာ ပျော်ပျော်ကြီးနေနေကြတာ။
ကြွက်စုတ်။ ။ ကြီးကျယ်လိုက်တာကွာ။
ငပွေး။ ။ ကြီးကျယ်တာမဟုတ်ဘူး ဒါ အမှန်ပဲ။ ခု ချိုကုပ်ဒူးကြီးလက်ထက် .. နေပြည်တော်မှာ .. ညဘက် ညဘက် .. လမ်းတွေ၊ ရေမြောင်းတွေ၊ ကစားကွင်းတွေ၊ ပန်းခြံတွေ၊ စူပါမားကက်ကြီးတွေ၊ ဗိုလ်ချုပ်တွေရဲ့ အိမ်ယာ ခြံဝင်းတွေထဲမှာ ကျုပ်တို့ ကြပ်တွေကို ပြည့်နေတာပဲ။ တခါတလေများ သူတို့တွေ ကုလားသေကုလားမော အိပ်နေကြတုန်း အပျော်လွန်ပြီး သူတို့ အိမ်တွေထဲတောင် ဝင်သောင်းကျန်း လိုက်သေးတယ်။ ဟီးဟီး။
ရုက္ခစိုး။ ။ မင်းပြောတာနဲ့ ငါတောင် နေပြည်တော်လာပြီး ကစားချင်လာပြီ။
ငပွေး။ ။ သြော် မယုံရင် လာလည်စမ်းပါ။ ဦးရုက္ခစိုးအတွက်တော့ တာဝန်ယူတယ်။ ခုတောင် ကျုပ် ရန်ကုန်ရောက်တာ ၃၊ ၄ ရက်ကြာနေလို့ နေပြည်တော်ကို လွမ်းနေပြီ။ ကျုပ်က လျှပ်စစ်မီးမရှိရင် မနေတတ် တော့ဘူးလေ။ ဒီ ရန်ကုန်ကို ကြည့်ပါဦး .. မီးရဖို့အရေး မီးစက်ကြီးတွေ တဒုန်းဒုန်းနဲ့ .. နေပြည်တော်မှာဆိုရင် ..။
ဖိုးရှုပ်။ ။ မင်းကလည်း ၈ လေးလုံးမျိုးဆက်သာဆိုတယ် .. နေပြည်တော် ချီးမွမ်းခန်းချည်း ဖွင့်နေတော့ တာပဲ။
ငပွေး။ ။ ဘာဖြစ်လဲဗျာ .. ဒါကတော့ ၈ လေးလုံးမျိုးဆက် ဆိုပေမယ့်လည်း ကောင်းတဲ့နေရာ လေးမှာ တော့ နေချင်သေးတာပေါ့။ အရေးကြီးတာ တော်လှန်ရေး လုပ်နေဖို့ပဲ မဟုတ်လား ..။ တချို့ ၈ လေးလုံး မျိုးဆက် တွေဆို အမေရိကားတောင် သွားနေသေးတာပဲ။ ဟော သူတို့က အင်တာနက်ပေါ်ကနေ တော်လှန်ရေးလုပ်တယ် .. ကျုပ်တို့က ကြပ်ဘဝနဲ့ တော်လှန်ရေးလုပ်တယ်။
ရုက္ခစိုး။ ။ ဟား တော်လှန်ရေးက ပါလာပြန်ပြီ။ မင်းရဲ့ နေပြည်တော်ကြပ်ပြေးကြီး အကြောင်းပဲ ပြောစမ်းပါကွာ။
ငပွေး။ ။ ဟုတ်ပါတယ် .. ကျုပ်လည်း ဒါပဲ ပြောနေတာပဲ။ ရန်ကုန်မြို့ကြီး စုတ်ပြတ်လွန်းလို့ နေပြည်တော် ကြပ်ပြေးနဲ့ ယှဉ်ပြီး ခင်ဗျားတို့ နားလည်အောင် ပြောနေရတာ။ ခုဆိုရင် ရန်ကုန်က စုတ်ပြတ်ပြီး အမှိုက်ပုံနဲ့ တူရုံတင်မကဘူး .. ဟိုတနေ့က ဗိုလ်ချုပ်သားတွေ ရန်ဖြစ်ကြတာကလည်း ကျူးကျော်ရပ်ကွက် အစွန်အဖျားက လမ်းဘေးကလေကချေတွေ ကျနေတာပဲ။ ကြားလိုက်တယ် မဟုတ်လား။
ကြွက်စုတ်။ ။ ဒါကတော့ကွာ .. ခေတ်အဆက်ဆက် ဗိုလ်ချုပ်သားဆိုရင် ဘယ် ဗိုလ်ချုပ်သားများ ကောင်းလို့လဲကွ၊ အားလုံး လူဆိုးတွေချည်းပဲဟာ။
ရုက္ခစိုး။ ။ အင်း ဗိုလ်ချုပ်သားတွေက ဆိုးလွန်းတော့ .. လုံခြုံရေးစိတ်မချရလို့ ဗိုလ်ချုပ်သမီးကို နေအိမ် အကျယ်ချုပ်ကနေ ဘယ်မှ မထွက်ခိုင်းတာ ဖြစ်မယ် ထင်တယ်နော်။
ငပွေး။ ။ တော်ပါပြီဗျာ။ ကြာရင် ကျုပ်လုံခြုံရေးပါ စိုးရိမ်ရတယ်။ ကြပ်ချုပ်ကြီးကို အကြောင်းကြားပြီး ပြန်တာပဲကောင်းမယ်ထင်တယ် .. ခင်ဗျားတို့လည်း သိပ်ကြာကြာမနေကြနဲ့တော့ ကြားလား။
ဖိုးရှုပ်။ ။ ဦးရုက္ခစိုးရေ .. ရန်ကုန်ကတော့ ကြပ်တောင် မနေချင်တဲ့ မြို့ဖြစ်နေပါလား။ ကျနော်တို့လည်း ပြန်ကြရင်ကောင်းမယ် ထင်တယ်။
ရုက္ခစိုး။ ။ အေးကွ ..ရန်ကုန်မှာက အမှိုက်တွေ၊ အရှုပ်တွေရယ်၊ ကြွက်စုတ်တွေ .. အဲ .. အဲ မြေကြွက် တွေရယ်ပဲ ရှိတာဆိုတော့ .. ပဲရစ်မြို့ကြီးအလား တောက်ပတဲ့ နေပြည်တော်ကို ကြပ်ငပွေးနဲ့ လိုက်သွားဦးမယ်။
ကြွက်စုတ်။ ။ ဟင် ဘယ်လိုဖြစ်ရပြန်တာလဲဗျ။ ကျနော်တို့နဲ့အတူ ချင်းမိုင်ကို လိုက်မပြန်တော့ဘူးလား။
ဦးရုက္ခစိုးမှာ .. သူ့ကို အတင်းလိုက်ခေါ်နေသော ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ကို နည်းနည်းမှပင် လှည့်မကြည့်တော့ဘဲ ကြပ်ငပွေးနှင့်အပြိုင် ဇော်ဝင်းထွဋ်၏ “ပဲရစ်မြို့” သီချင်းကို ဖျက်ဆိုကာ နေပြည်တော်သို့ ကောက်ကောက် ပါအောင် လိုက်သွား လေတော့သည်။
“ဟေး .. ပဲရစ်မြို့နဲ့ နေပြည်တော်ကို မလဲနိုင်ဘူး .. ဒါဒါဒါ .. ဒီဒီဒီ .. …. ပဲရစ်မြို့ကို ပေးမယ် ဆိုတောင် လုံးဝမလဲနိုင် .. ငါလိုချင်တာ ဒါတွေမဟုတ်ဘူး .. ဟေး ပဲရစ်မြို့ .. ငါလက်မခံဘူး .. နေပြည်တော် .. ငါမလဲနိုင်ဘူး” … ။ ။
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များအပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။ အားပေး ဝေဖန်ကြသော ပရိသတ်ကို လေးစားလျက် … ။

No comments:
Post a Comment