7.03.2010

ကမ္ဘောဒီယားအလုပ်သမားများ ၀ိုင်းရိုက်သဖြင့် မြန်မာအလုပ်သမား၎ဦး ဆေးရုံရောက် ၁ဦးဒဏ်ရာပြင်းထန်

ဇူလိုင် ၃
ထိုင်း/မလေးနယ်စပ် ဟတ်ယိုင်မြို့နယ် ထူးလုံရပ်ကွက်တွင် တည်ရှိသည့် SAIM EMEP အမည်ရှိလက်အိပ် စက်ရုံတွင် ကမ္ဘောဒီယား အလုပ်သမားများက ၀ိုင်းရိုက်ကြသဖြင့် မြန်မာအလုပ်သမားလေးဦး ဆေးရုံတင် လိုက်ရကြောင်း သိရှိရသည်။
ထိုနေ့ ညဥ့်၁၁ နာရီခန့်က မြန်မာအလုပ်သမား အောင်နိုင်ဝင်း ဆိုသည့် အလုပ်သမားက အလုပ်သမားများ အဆောင်ဝရံတာတွင် ဖုန်းပြောနေခဲ့သည်။ ထိုစဉ် အရက်မူးလာသည့် ကမ္ဘေဒီယားအလုပ်သမား တစ်ဦးက မလှမ်းမကမ်းတွင်ရှိသည့် အိမ်ထောင်မရှိသည့် မြန်မာအလုပ်သမငယ်၈ဦး နေထိုင်သည့် အခန်းအတွင်းသို့ ကိုယ်တစ်ပိုင်းဝင်နေပြီး ကျန်တစ်ဦးမှာ တံခါးသော့ကိုကိုင်ထားသည်ကို မြင်လိုက်သည်။
အောင်နိုင်ဝင်းက “ကျနော်ကဘာလုပ်တာလဲလို့ လှမ်းအော်လိုက်တော့ သူတို့နှစ်ယောက် ပြန်ထွက်လာကြ တယ်။ အပြင်ကလူက ကျနော့်ဆီကို တည့်တည့်လာပြီးတော့ သူ့သူငယ်ချင်း မူးလာလို့ဆိုပြီး လက်အုပ်ချီပြီး တောင်းပန်ပါတယ်။ ပြန်သွားပြီး မိနစ်ပိုင်းပဲကြာတယ်။ ဘယ်လိုစည်းရုံးလိုက်လည်းမသိဘူး၊ ချိန်းကြိုးတွေ၊ ဓါးတွေ၊ တုတ်တွေနဲ့ လူ၂၀လောက် ကျနော်တို့၃ယောက်ကို ၀ိုင်းရိုက်ပါတယ်။ ကျနော်တို့လည်း အခန်းတွင်းကို ၀င်ပြေးပါတယ်။ သူတို့အခန်းထဲအထိ လိုက်လာပြီးအိပ်နေတဲ့ ကျော်ဝင်းနိုင်ကိုပါမကျန် ရိုက်ပါတယ်။ မိန်းကလေးတွေ ၀ိုင်းအော်တော့မှ ခြံစောင့်တွေရောက်လာပါတယ်” ကမ္ဘောဒီးယား အလုပ်သမား၂၀ခန့် လက်နက်ကိုယ်စီဖြင့် ရောက်ရှိလာခဲ့ပြီး ဝိုင်းရိုက်ကြသဖြင့် မြန်မာအလုပ်သမား လေးဦးတို့ ခြေလက်ဦးခေါင်းတို့တွင် ပေါက်ပြဲဒဏ်ရာများစွာ ရရှိခဲ့ပြီးဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့ရသည်။
ဆေးရုံတက်ရသည့် မြန်မာအလုပ်သမားလေးဦးမှာ(၁)ကျော်ဝင်းနိုင် (၂)မျိုးဦး (၃)အောင်နိုင်ဝင်း (၄)ကျော်ထွန်းစိုးတို့ ဖြစ်ကြသည်။ ထိုသူတို့အားလုံး ဦးခေါင်းတွင် ဆယ်ချက်အထက် ချုပ်ရသူများဖြစ်သည်။ သုံးဦးမှာမှာ ဇူလိုင်လ၁ ရက်နေ့ တွင် ဆေးရုံမှ ဆင်းလာခဲ့သော်လည်း ဦးခေါင်းများမူးနောက်နေသေးသည်။ ကျော်ထွန်းစိုး ဆိုသူမှာ ဒဏ်ရာပြင်းထန်သဖြင့် ဇူလိုင်၁ ရက်နေ့အထိ ဆေးရုံမှဆင်းခွင့် မရရှိသေးချေ။
နံနက်မိုးလင်းသည့်အခါ အလုပ်ရုံ ရုံးခန်းတွင် ရိုက်ခံရသည့် မြန်မာအလုပ်သမားများအား ခေါ်ယူမေး မြန်းခဲ့သော်လည်း အလုပ်ရုံတာဝန်ရှိသူများက အပြစ်ပေးအရေးယူခြင်း၊ မျှမျှတတမရှိသဖြင့် မြန်မာ အလုပ်သမားများ မကျေမနပ်ဖြစ်နေကြသည်။ အလုပ်ရုံမှ မန်နေဂျာနှင့် ၀ဏ္ဏဆိုသူတို့က မြန်မာ အလုပ်သမားများကို ခြိမ်းခြောက်မှုများပါရှိနေသည်။ ဥပဒေကြောင်းအရ တရားစွဲဆိုနိုင်ရန်အတွက် ဒေသတွင်း အလုပ်သမားအရေး ဆောင်ရွက်သည့် အဖွဲ့အစည်းများအား အကူညီရှာဖွေဆဲဖြစ်ကြောင်း သိရှိရသည်။
အဆိုပါစက်ရုံတွင် ကမ္ဘောဒီယားနှင့် လာအိုလူမျိုး သုံးရာဝန်းကျင်ခန့်နှင့် မြန်မာသုံးရာကျော်ခန့်ရှိသည်။ အဆိုပါ မြန်မာများအနက် လူငါးဆယ်ကျော်တို့မှာ မဲဆောက်မှ ယာယီပတ်စပို့လုပ်၍ တရားဝင်လူကုန်ကူး နေသည့် (……….)ထံတွင် ဘတ်ငွေ ၁၇၀၀၀ ဈေးဖြတ်၍ တက်လာသူများ ဖြစ်ကြောင်းပြောပြသည်။

No comments:

Post a Comment