ပြန်လည်လွတ်မြောက်လာသဖြင့် ပျှော်ရွှင်နေသူ ဇနီးမောင်နှံနှစ်ဦး
ဇူလိုင် ၃
ဘန်ကောက်မြို့၊ အထပ်သုံးဆယ်ကျော် ကွန်ဒိုမီနီယံတိုက်ကြီး တစ်ခုတွင် လူမဆန်စွာ နှိပ်စက်ခံနေရသည့် အိမ်ဖေါ် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ဇနီးမောင်နှံ ပြန်လည် လွတ်မြောက်လာပြီဖြစ်သည်။
ဘန်ကောက်မြို့Charan Sanit Won လမ်းရ၀၊ လိုတကုန်တိုက် နောက်ကြောဘက်ရှိ၊ အထပ်၃၀ကျော်ရှိ သည့် Bangkok River Marina အမည်ရှိ ကွန်တိုတိုက်အတွင်း ၂၈ထပ် ညာဘက်အခန်းတွင် နေထိုင်သည့် အောက်ပိုင်း သေနေသည့် စုန်ချို့(ခ)(ဖိကျက်)ဆိုသည့် သူဌေး၏ အခန်းတွင် ကိုမင်းဇော်နှင့် မနီနီဝင်းချိုတို့ ဇနီးမောင်နှံနှစ်ဦး၊ ပြီးခဲ့သည့် ဇွန်လ၁၄ရက်နေ့မှ စတင်၍ တစ်လလျှင် ရ၅၀၀ဘတ်နှုန်းဖြင့် အိမ်ဖေါ်အလုပ် လုပ်ခဲ့ကြသည်။
ယမန်နေ့ကမှ ပြန်လည်လွတ်မြောက်လာသည့် မနီနီဝင်းချိုက “သူဌေးက အလွန်နှိပ်စက်ပါတယ်။ တော်တော် ရက်စက်ပါတယ်။ ဇွန် ၃၀ ရက်နေ့က ရဲစခန်းက စခန်းမှူးက ဖုန်းနဲ့ပြောတဲ့အခါ သူဌေးက ဘာပြောလဲဆိုတော့ လွန်ခဲ့တဲ့နှစ်ပေါင်း၂၀၀ လောက်က ထိုင်းနိုင်ငံက ရွေတွေ၊ ရတနာတွေကို ဗမာတွေယူသွားတာကို မေ့သွားလို့မရဘူး၊ ငါတို့သူတို့ကို နှိပ်ကွပ်လို့ရတုန်း၊ ရက်စက်လို့ရတုန်း ဂလဲ့စားချေရမယ်လို့ ပြောတာ၊ ကျမနားနဲ့ ဆတ်ဆတ်ကြားရပါတယ်။ ကျမကို အမျိုးမျိုးနှိပ်စက်ခဲ့ပါတယ်ရှင်၊ စခန်းမှူးဖုန်းဆက်တယ်၊ ကူညီကြတဲ့ဦးတို့ ဖုန်းဆက်တယ်။ သူမသိချင်သလိုနေတယ်၊ ခိုင်းစရာရှိတာတွေကို တစ်ခုပြီး တစ်ခု ဆက်တိုက်ခိုင်းနေတယ်။ ကျမဖြင့်ပြန်လွတ်ပါ့မလား တော်တော်စိုးရိမ်ခဲ့ပါတယ်။ ပြီးတော့ ထိုင်းအစိုးရတွေ အသံုးမကျဘူးတဲ့၊ ဗမာတွေကို ပတ်စပို့လုပ်ပေးတယ်တဲ့၊ သမီးတို့ပတ်စပို့ရှိလို့ အခုလို အားမတန်လို့ မာန်လျော့ရတာ၊ အံတော့တကြိတ်ကြိတ်ပဲ”ဟု ပြောပြသည်။
အဆိုပါအိမ်တွင် အလုပ်လုပ်ရင်း၆ရက်အကြာ ဇွန်၂၀ရက်နေ့ တနင်္ဂနွေနေ့တွင် အိမ်ရှင်၊ မင်းဇော်ဦးနှင့် ကချင်အိမ်အလုပ်သမ မမိုးနှင့် အမည်မသိ ဘုန်းကြီးကျောင်းတစ်ကျောင်းသို့ သွားခဲ့ကြသည်။ အဆိုပါ ဘုန်းကြီးကျောင်းတွင် စုန်ချို့၏ တပည့်ဘီးယားက မင်းဇော်အား ၄ချက်ခေါင်းကို ရိုက်သကဲ့သို့ စုန်ချို့ကပါ တစ်ချက်ရိုက်နှက်ခဲ့ပါသည်။ ထို့နောက်သူဌေးက မင်းဇော်တွင် ဖုန်းနှင့်ငွေပါ/မပါ ရှာဖွေကြည့်ခိုင်းခဲ့ပါသည်။ ထို့နောက် တလာနတ်ခေါ် ACဈေးသို့ လာခဲ့ကြပါသည်။ ဈေးအတွင်း ခပ်ခွာခွာလိုက်ပါရန် ပြောသဖြင့် နောက်မှလိုက်လာခဲ့ပါသည်။ ထို့နောက် မင်းဇော်ကို ထားရစ်ခဲ့ပြီး သူဌေးတို့ကား မောင်းထွက် သွားခဲ့ပါသည်။
“ကျနော့်ကို ဈေးအနားမှာ ပစ်ထားပြီး ကားမောင်းထွက်သွားကြတယ်။ နေ့လည်၁နာရီလောက်ရှိပါပြီ။ ကျနော့်မှာ ငွေတစ်ဘတ်မှမပါဘူး၊ ပတ်စပို့လည်းမိန်းမဆီမှာ ကျန်နေခဲ့တယ်၊ ဖုန်းလည်းမပါဘူး၊ ထိုင်းစကားလည်း ကျနော်မတတ်ဘူး၊ ခြေဦးတည့်ရာ ပုလိပ်တွေကို ရှောင်ကွင်းရင်း လမ်းလျှောက် လာခဲ့ပါတယ်၊ ရေလည်းမသောက်ရ၊ ထမင်းလည်းမစားရဘူး၊ ကျနော် မျက်ရည်ကျမိပါတယ်။ တံတားကြီး တစ်ခုအောက်ကိုရောက်တော့ မှောင်နေပါပြီ၊ ကျနော်ညအိပ်လိုက်ပါတယ်။ မနက်မိုးလင်းတော့ လမ်းညွှန် ဆိုင်းဘုတ်တွေကိုကြည့်ပြီး ၁နာရီလောက် လမ်းလျှောက်ပါတယ်။ ဒီတော့မှ အုန်းနွဲ့နယ်မြေဆိုတာ သိပါတယ်။
တက္ကစီတစ်စီးကိုငှါးပြီး အသိတစ်ယောက် အိမ်ကိုလာခဲ့ပါတယ်။ ခရီးပမ်းပြီးကျနော် ၄ရက်တိုင်တိုင် ဖျားပါတယ်။ ၂၇ ရက်နေ့ ညနေမှ ကျနော့်မိန်းမရဲ့ အဒေါ်တို့နေတဲ့ ဆူကူဗစ်ကို ရောက်လာခဲ့တာပါ”ဟု ပြောသည်။
သူဌေးစုန်ချို့အတွက် လိုအပ်သည့် အိမ်အလုပ်သမားများအား ဒိုင်ခံရှာဖွေ ပို့ပေးသူမှာ ဘန်ကောက်မြို့ဆူကူဗစ် ………………….. တွင် နေထိုင်သည့် ထိုင်းအမျိုးသမီး ပွဲစားမဖြစ်သည်။ ဇွန်လ၂၉ ရက်နေ့က မနီနီဝင်းချို၏ အစ်မ မခင်ချိုဦးနှင့် သူဌေးတို့ မနီနီဝင်းချို နေထိုင် အလုပ်လုပ်ကိုင်နေသည့် အဆိုပါ ကွန်ဒိုမီနီယံအဆောက်အဦးသို့ သွားရောက်၍ အနုးညွတ် မေတ္တာရပ်ခံပြီး နီနီဝင်းချိုကို ပြန်လည်ထည့်ပေးရန် တောင်းဆိုခဲ့သော်လည်း ထည့်မပေးပါ။ သူမအားပြန်လည် ရယူလိုပါက ထိုင်းအမျိုးသမီး……. ပွဲစားမကို ပေးချေထားသည့် ဘတ်ငွေသုံးသောင်းကို ပြန်ပေးရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ သူဌေးစေခိုင်းချက်အရ၊ တပည့်ဘီးယားက ခင်ပွန်းဖြစ်သူ မင်းဇော်၏ ယာယီ ပတ်စပို့ကိုပင်လျှင် အိမ်ရှင်က သိမ်းထားလိုက်သေးသည်။
မနီနီဝင်းချိုသည် အိမ်ရှင်အိပ်နေချိန်မှလွဲ၍ ကျန်အချိန်များတွင် သွားလာလှုပ်ရှား လုပ်ကိုင်ရမှုဟူသမျှတို့ကို လက်မထောက်ရပဲ။ ဒူထောက်၍သာ သွားလာရသဖြင့် ဒူးခေါင်းများ ပေါက်ပြဲနာကျင်နေရကြောင်း ၊ အောက်ပိုင်းသေနေသည့် အဆိုပါ အိမ်ရှင်က စိတ်အလိုမကျလျှင် သွားတိုက်နေသည့် အာပုပ်ရည်ဖြင့် ထွေးထုတ်ခြင်း၊ ရေလောင်းချခြင်းများ ပြုလုပ်လေ့ရှိပါသည်။ မနီနီဝင်းချိုက ခင်ပွန်းသည် မင်းဇော်နှင့် စကားပြောနေသည်ကို မြင်သဖြင့် တစ်ညလုံး မအိမ်ရပဲ နှိပ်နယ်ခိုင်းရုံသာမက နံနက် မိုးလင်းသည့်အခါ၊ အိမ်သာတက်ခွင့်
မပြုခြင်း၊ နံနက်စာနှင့် နေ့လည်စာတို့ကို လုံးဝစားခွင့်မပြုခြင်းများဖြင့် နှိပ်စက်ခံနေရကြောင်း ပြောပြပါသည်။
မမိုးနှင့် အိမ်အလုပ်လုပ်ကိုင်ခဲ့ဖူးသူ အချို့က အိမ်ရှင်သူဌေးက အောက်ပိုင်းသေနေသဖြင့် လိင်ဆက်ဆံခြင်း မပြုနိုင်တော့သော်လည်း၊ သူ၏တပည့်များအား မြန်မာအိမ်ဖေါ် အလုပ်သမများအား အတင်းအကျပ် လိင်ဆက်ဆံခိုင်းခဲ့ကြောင်း ပြောသူအချို့ရှိသည်။
မနီနီဝင်းချို၏ အစ်မအရင်းဖြစ်သူ မခင်ချိုဦးဆိုသူက ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ
သားများ အသင်းသို့ ဇွန်လ ၂၆ ရက်နေ့တွင် လာရောက် အကြောင်းကြားခဲ့ပါသည်။ BATအသင်းက ဘန်ကောက်အခြေစိုက် ရွေ့ပြောင်းအလုပ်သမားဆိုင်ရာ ကိစ္စရပ်နှင့် ပတ်သက်သည့် အဖွဲ့အစည်း ပေါင်းစုံတို့သို့ ဖြစ်စဉ်အကျဉ်းနှင့် ၄င်းတို့ဓါတ်ပုံများ ပေးပို့၍ အကူညီတောင်းခံခဲ့ပါသည်။ သို့ရာတွင် ဇွန်၂၉ရက်နေ့ ၃ရက်ကြာလာသည့်တိုင်အောင် မည်သည့်အဖွဲ့အစည်းကမှ ကူညီပေးခြင်းမရှိခဲ့ပါ။
ဇွန်လ ၃၀ ရက်နေ့တွင် ဖန်ငအခြေစိုက် FEDမှ ဒါ၇ိုက်တာဦးထူးချစ်နှင့် ချင်းမိုင်အခြေစိုက် MAP ဖေါင်ဒေးရှင်း ဒါရိုက်တာ ဂျက်ကီတို့က နိုင်ငံတကာအဖွဲ့ အစည်းအချို့တို့အား ဆက်သွယ်ဆောင်ရွက် ပေးခဲ့သည်။
ယခုကိစ္စရပ်အား ကိုင်တွယ်ဖြေရှင်းသည့် ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအ သင်းမှ အမျိုးသမီးရေးရာ ဌာနမှူး ဒေါ်သက်သက်ဦးက “ကျမတို့ အဖွဲ့ခေါင်းဆောင်နဲ့ ထိုင်းဘာသာပြန် ကိုနေလင်းအောင်တို့ Bang Phlat Policestation ရဲစခန်းကို သွားရောက်ခဲ့ပါတယ်။ ရဲစခန်းကို ရောက်တာနဲ့
ကျမတို့က ဦးထူးချစ်တို့ ညွှန်ကြားထားသလိုပဲ အဖွဲ့အစည်းအကြီး၂ဖွဲ့ကို စခန်းမှူးရှေ့ကပဲ ဖုန်းခေါ် လိုက်ပါတယ်။ သိပ်မကြာပါဘူး၊ စခန်းမှူးဖုန်းတွေရော စားပွဲတင်ဖုန်းတွေရော တစ်လုံးပြီးတစ်လုံး ဖုန်းဝင်လာတယ်။ ၇ဲအရာရှိ အမျိုးသမီးတစ်ဦး ချက်ချင်းပဲ ကျမတို့တိုင်ကြားချက်ကို ရေးမှတ်ပြီး ပရင့်ထုတ်ပြီး အဲဒီအောက်ပိုင်း သေနေတဲ့ အိမ်ရှင်သူဌေးဓါတ်ပုံနဲ့၊ ကိုယ်ရေးအချက်အလက် စာရွက် လာပေးတယ်။ သူဌေးက တစ်ပွင့်အဆင့်ရှိခဲ့တဲ့ စစ်တပ်က အရာရှိဟောင်းဖြစ်နေတယ်။ TV ချန်နယ်အမှတ်၅မှာ လက်တွန်းလှည်းနဲ့ အစီအစဉ်တစ်ခုကို ရိုက်ကူးပြသနေသူ တစ်ဦးလည်းဖြစ်တယ်။ စခန်းမှူးက ကြားကညှိပေးတဲ့ အဆင့် လုပ်ပေးပါတယ်၊ တရားမ၀င် လူကုန်ကူးနေသူကိုတော့ ဘာမှ အရေးယူတာမတွေ့ခဲ့ရဘူး”ဟု ပြောသည်။
အိမ်ရှင်သူဌေး၊ လူပွဲစားမ…..တို့နှင့် ရဲစခန်းမှူးတို့ အချိန်အတော်ကြာ ဖုန်းဖြင့်ညှိနှိုင်းပြီးနောက် ဇူလိုင်လ ၂ရက်နေ့တွင် မနီနီဝင်းချိုအား ပြန်လည်ပို့ပေးမည်ဖြစ်ကြောင်း စခန်းမှူးက အာမခံ၍ ကာယကံရှင် ကိုမင်းဇော်၊ မခင်ချိုဦးနှင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အသင်းသို့ လက်မှတ်ရေးထိုးပြီး စောင့်ဆိုင်းခဲ့ရသည်။
ဇူလိုင်လ ၂ရက်နေ့ သတ်မှတ်ထားသည့်နေတွင် ဘန်ကောက်နယ်မြေ အခြေစိုက် အမျိုးသမီး ကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ ထိုင်းအမျိုးသမီး အမ်မ်နှင့် အခြားဝန်ထမ်း အမျိုးသမီးတစ်ဦး၊ FARအဖွဲ့မှ မြန်မာဝန်ထမ်း ကိုမြင့်ဇူတို့လည်း လိုအပ်ပါက ဆက်လက်ကူညီနိုင်ရန် ရဲစခန်းသို့ ရောက်ရှိလာခဲ့ကြပါသည်။ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားအသင်းမှ ဦးကျော်သောင်းနှင့် ဘာသာပြန် ကိုနေလင်းအောင်၊ အမှုသည် ကိုမင်းဇော်နှင့် အစ်မဖြစ်သူ မခင်ချိုဦးတို့ နေ့လည်၁၂နာရီ ၀န်းကျင်ကတည်းက ရောက်ရှိနေခဲ့ကြသည်။ ယခင် သတ်မှတ်ထားသည့်အတိုင်း မွန်းလွဲ၂နာရီထိုးသည့်တိုင်အောင် မနီနီဝင်းချိုအား လာရောက် မအပ်နှံသဖြင့် စခန်းမှူးက ဖုန်းဆက်လိုက်သည်။ ထို့နောက် တစ်ပွင့်အဆင့်ရှိ ဒုရဲအုပ်တစ်ဦးနှင့် တပ်ကြပ်ကြီး အဆင့်ရှိသူတို့ အပြင် အမှုသည်၂ဦးနှင့် အတူ ဦးကျော်သောင်းနှင့် ကိုမြင့်ဇူတို့ အဆိုပါ ကွန်တို တိုက်ကြီးသို့ လိုက်ပါသွားခဲ့ကြသည်။
နာရီဝက်ကျော်ကျော်ခန့် စောင့်ဆိုင်းနေကြစဉ် လက်တွန်းလှည်းဖြင့် အသက်၅၀၀န်းကျင် အရွယ် အိမ်ရှင်ဆိုသူ ဆင်းလာခဲ့ပါသည်။ ယခင်အပေါက်ဝတွင် စောင့်နေကြသည့် မင်းဇော်နှင့် ခင်ချိုဦးတို့ကို မောင်းထုတ်လိုက်သဖြင့် ရဲအရာရှိ၂ဦးနှင့် ကိုမြင့်ဇူ၊ ဦးကျော်သောင်းတို့ သူ့ရှေ့သို့ သွားရောက်ခဲ့ကြသည်။ ထိုအခါ သူက ၃ရက်နေ့တွင် ပေးမည်၊ လာစရာမလို၊ ဘာကြောင့်လာရသနည်းဟု ရဲအ၇ာရှိများအား အော်ငေါက်ပါသည်။ မြန်မာ၂ယောက်ကိုလည်း သူကထိုင်းနိုင်ငံသား၊ ထိုင်းလူမျိုး၊ ဗမာက ဘာလုပ်နိုင်မယ် ထင်လို့ လာတာလဲ၊ စသဖြင့် မောက်မာစွာ ဆက်ဆံပြောဆိုပါသည်။ ထို့နောက် ရဲအရာရှိများက ပြန်သွားရန် အချက်ပြသဖြင့် အားလုံးပြန်လာခဲ့ကြပါသည်။
ရဲစခန်းသို့ ပြန်လည်သတင်းပို့ပြီး စခန်းမှူးနှင့် အိမ်ရှင်တို့ အပြန်အလှန် ဖုန်းဆက်ကြပြီးနောက် အမှုသည် များနှင့် ကယ်ဆယ်ရေးအဖွဲ့များ အားလုံး စောင့်ဆိုင်းနေခဲ့ကြရသည်။ တဖန်ရဲစခန်းသို့ ပြန်မပို့ပဲ အနီးရှိ ကုန်တိုက် သို့သာ ပို့မည်ဆိုသဖြင့် အားလုံး လိုတကုန်တိုက်တွင် လာစောင့်ကြရပြန်ပါသည်။ ညနေ ၅နာရီကျော်အချိန်တွင် တပည့်ဖြစ်သူ ဘီယားက ဆိုင်ကယ်ဖြင့် တင်ဆောင်လာပြီး ကုန်တိုက်ရှေ့သို့ လာရောက်ပို့ဆောင်ခဲ့ပါသည်။
ပြန်လည် လွတ်မြောက်လာသူ မနီနီဝင်းချိုက တစ်နေကုန် ထုံးစံအတိုင်းလုပ်နေခဲ့ရပြီး လာခါနီးမှ အ၀တ် အစားများကို ကောက်သိမ်းပြီး လာခဲ့ရကြောင်းပြောပြပါသည်။ ခင်ပွန်းဖြစ်သူ ကိုမင်းဇော်၏ ယာယီ ပတ်စပို့ကို ပြန်ရခဲ့သော်လည်း ဇနီးမောင်နှံ၂ဦး လုပ်အားခ၂၃ ရက်စာ အတွက် ငွေကိုမူ ပွဲစားမ….ကို ပေးပြီး ကြောင်း ပြောဆိုပြီး တစ်ပြားမှမပေးလိုက်ပေ။ အားလုံးရဲစခန်းသို့ ပြန်လာပြီးနောက် စခန်းမှုက ရရန် ကျန်သည့်ငွေကို ပွဲစားမအား သူတောင်းကြည့်မည်၊ ရရှိပါက အကြောင်းကြားမည်ဖြစ်ကြောင်း ပြောဆိုကြပြီး ညနေ၆နာရီကျော် အချိန်တွင် မိမိနေရပ်အသီသီးသို့ ပျော်ရွှင်စွာထွက်ခွာသွားခဲ့ကြသည်။
ဈေးတွင် စွန့်ပစ်ခံခဲ့ရသည့် အလုပ်သမား ကိုမင်းဇော်မှာ အသက်၂၃နှစ်ပြီး ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကမမောင်းကျေးရွာမှ ဦးမြင့်ဦး၊ ဒေါ်အေးသိန်းတို့၏ သားဖြစ်ပြီး ဘူမိဗေဒဘာသာရပ်ဖြင့် ဘွဲ့ရထားသူ တစ်ဦးဖြစ်သည်။ အဖွဲ့အစည်းများ ကူညီမှုကြောင့် နောက်ဆုံး လွတ်မြောက်လာသည့် အသက် ၁၉နှစ်အရွယ် မနီနီဝင်းချိုမှာ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် လှိုင်ဘွဲ့ကျေးရွာမှ ဦးဖိုးချို+ဒေါ်ခင်ဝင်းတို့၏ သမီးငယ် ဖြစ်သည်။
သူတို့နှစ်ဦး ဘန်ကောက်မြို့တွင် အိမ်ထောင်ပြုကြသည်မှာ သုံးလသာကြာမြင့်သေးပြီး ယခုကဲ့သို့ ကြုံတွေ့
ခဲ့ရခြင်းဖြစ်သည်။ သူတို့က မိမိတို့အနေဖြင့် အိမ်ဖေါ်အလုပ်မှလွဲ၍ အခြားအလုပ်များကို မလုပ်ကိုင် ဖူးကြောင်း၊ မလုပ်ကိုင်တတ်ကြောင်း ပြောပြကြသည်။ စက်ရုံအလုပ်ရုံတို့တွင် အခန်းခနှင့် စားစရိတ်တို့ အကုန်အကျများသဖြင့် အိမ်အလုပ်ကိုသာ လုပ်လိုကြခြင်းဖြစ်ကြောင်း ပြောပြသည်။ ယနေ့နံနက်ပိုင်းက လူသစ် မြန်မာအိမ်ဖေါ် အလုပ်သမ လာရောက်မပို့ဆောင်သဖြင့် အိမ်ရှင်သူဌေးက၊ ပွဲစားမအား အထူး ဒေါသ ထွက်နေကြောင်း။ နှစ်ဆယ်အောက် မြန်မာအလုပ်သမ ခပ်ချောချောကိုသာ လက်ခံမည်ဖြစ်ကြောင်း ပြောဆိုခဲ့ကြောင်း မနီနီဝင်းချိုက ပြောပြသည်။ အဆိုအိမ်သို့ နောက်နောင်ရောက်ရှိသွားမည့် မြန်မာ အလုပ်သမတို့၏ ကံကြမ္မာမှာ တွေးဝံ့စရာမရှိအောင် ဆိုးဝါးမည်ဖြစ်ကြောင်း ပြန်လည်လွတ်မြောက် လာသူများက အသိပေးပြောဆိုကြသည်။
အဆိုပါ သူဌေးနေထိုင်သည့် ကွန်တို
ဘန်ကောက်မြို့နှင့်အနီးပတ်ဝန်းကျင်မှ မြန်မာအလုပ်သမငယ်များအားအသိပေးအပ်ပါသည်။
ဘန်ကောက်မြို့ Charan Sanit Wongလမ်း ၇၀ရှိ၊ လိုတကုန်တိုက်ကြောဘက် အထပ်၃၀ကျော်ရှိသည့် Bangkok River Marina အမည်ရှိသည့် ကွန်တိုအဆောက်အဦးတွင် အိမ်ဖေါ်အလုပ်မလုပ်မိကြစေရန် သတိပေးအပ်ပါသည်။
အဆိုပါ အဆောက်အဦး၏ ၂၈ ထပ် ညာဖက်အခန်းတွင် အသက်၅၀ ၀န်းကျင် အောက်ပိုင်းသေနေသည့် ထိုင်းစစ်တပ်မှ တစ်ပွင့်ရာထူးဖြင့် အငြိမ်းစားယူထားသူ စုန်ချို့ဆိုသည့်သူဌေးမှာ လူမဆန်စွာ ရက်စက် ယုတ်မာသဖြင့် အသိပေးလိုက်ရခြင်း ဖြစ်ပါသည်။
အဆိုပါ အဆောက်အဦးအနီးတွင် ဆောက်လက်စ ကွန်ဒိုတိုက်တစ်လုံးရှိပါသည်။ အသေးစိတ် သိလိုပါက ကျနော်တို့ထံသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ကျော်သောင်း
တာဝန်ခံ
ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအသင်း
ဘန်ကောက်မြို့
၀၈၄ ၆၇၀ ၅၇၂၇
No comments:
Post a Comment