11.17.2010

ရနောင်းယာယီပတ်စပို့ လုပ်ငန်းခွင်တွင် စိတ်ညစ်ရကြောင်း မြန်မာအလုပ်သမားများပြောဆို

နိုဝင်ဘာ ၁၆
ထိုင်းမြန်မာနယ်စပ် ရနောင်းတွင်ဖွှုင့်လှစ်ထားသော ယာယီပတ်စပို့ လုပ်ငန်းခွင်အတွင်း အထူး စိတ်ညစ်စရာများ ရှိကြောင်း မြန်မာအလုပ်သမားများက ပြောသည်။
ရနောင်စခန်းတွင် ယခင်မြ၀တီ မဲဆောက်တံတားဖွင့်စဉ်တုန်းက တစ်နေပကို လူပေါင်း၁၅၀၀ ၀န်းကျင်ခန့်သာ လုပ်ကိုင်ပြီးစီးခဲ့သော်လည်း ယခုနိုဝင်ဘာလဆန်း ၆ရက်နေ့တစ်နေ့တည်းတွင် ရနောင်းစခန်း၌ လူပေါင်း ၃၀၄၄ဦး လုပ်ကိုင်ပြီးစီးခဲ့သည်။ ယာယီပတ်စပို့ လုပ်ငန်းခွင် အတွေ့အကြုံအား အဆိုပါနေ့ရက်က သွားရောက် လုပ်ကိုင်ခဲ့သူ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖေါင်ဒေးရှင်းမှ ပညာရေးတာဝန်ခံ ဦးမင်းသိန်းကျော်က ပြောပြသည်။
“ရနောင်စခန်းမှာ မြန်မာဘက်က အထူးရဲSPနှင့် လူဝင်မှုကြီးကြပ်ရေး၊ စာရေးအားလုံး ၁၈ဦးလောက်ပဲရှိတယ်။ လာလုပ်တဲ့ အလုပ်သမားနဲပ ရုံးဝန်ထမ်းက ဘယ်လိုမှ မမျှဘူး။ တစ်ယောက်ချင်းစီကို စစ်ဆေးပြီးမှ လုပ်ရတာဖြစ်လေတော့ တစ်နေကုန်တစ်နေခန်း မတ်တပ်ရပ်ပြီး တန်းစီစောင့်ရတာ၊ စိတ်ညစ်ဖို့အကောင်းဆုံးကတော့ အစိုးရ၀န်ထမ်းတော့ ဟုတ်ဟန်မတူဘူး၊ နေ့စားတွေနဲ့ တူပါတယ်။ အော်တာတွေ၊ ငေါက်တာတွေ တူအရွယ်၊ သားအရွယ်လောက်ပါပဲ၊ တော်တော်ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတာကိုတော့ ခံရခက်တယ်ဗျ” ဟု ပြောသည်။
မှတ်ပုံတင် ပျောက်ဆုံးသူများရော၊ မှတ်ပုံတင်မရှိသူများ အပါအ၀င် မြန်မာနိုင်ငံတွင် နိုင်ငံသားအဖြစ် အသိမှတ်ပြုခြင်း မခံရသော ကုလား လူမျိုးများကိုပင်လျှင် လုပ်ပေးနေသဖြင့် ၀မ်းသာဖွယ်ရာ ရှိကြောင်းပြောပြသည်။
အလားတူ ရွေ့ပြောင်းအလုပ်သမားများ ဖွံ့ဖြိုးရေးဌာနမှ မမိစိန်းကလည်း ယာယီပတ်စပို့ လုပ်ငန်းနှင့် ပါတ်သက်ပြီး သူ့ ခံစားချက်ကို ပြောပြသည်။
“ဒီယာယီပတ်စပို့ အလုပ်က ငွေကုန်ကြေးကျများလွန်းတယ်။ ပြီးတော့ ကျမတို့ရဲ့ ပြည်တွင်း/ပြည်ပနေရပ် တွေကို သိရှိသွားပြီးဖြစ်တဲ့အတွက် အာဏာပိုင်တွေ အချိန်မရွေး ဖမ်းဆီးပြန်ပို့နိုင်တယ်လို့ ခံစားမိတယ်။ နောက်တစ်ခုက ဘတ်တစ်သောင်းကျော် အနည်းဆုံးကုန်ကျတာကြောင့် နေရပ်ရင်းမှာရှိတဲ့ သားသမီးနဲ့ မိဘတွေကို ပိုက်ဆံပြန်မပို့ နိုင်တော့ဘူး၊ ပြီးတော့ Work permit လုပ်ခအတွက်လည်း ကုန်အုံးမယ် ဆိုတော့ ကျမတို့ တစ်နှစ်စာ လုပ်အားခတွေ ကုန်သွားပြီ၊ ၃လတစ်ကြိမ် လ၀က ရုံးကိုသွားပြီးတော့ တုံးထုရအုံးမယ် ဆိုတော့ အလုပ်သမားတွေနဲ့ မတန်မရာအလုပ်လို့ ကျမမြင်တယ်ရှင့်”ဟု ပြောသည်။
ရနောင်း ယာယီပတ်စပို့ လုပ်ငန်းခွင်အတွင်း လူထောင်ချီ လုပ်ကိုင်နေသော်လည်း လူအများအား တန်းစီခိုင်းသည့် အခါဖြစ်စေ၊ ဓါတ်ပုံရိုက်ရန် ခေါ်သည့်အခါတွင်ဖြစ်စေ မကြားမိပါက အော်ဟစ်ဆဲဆိုခြင်း ခံရကြောင်း၊ လူ့အခွင့်အရေး သင်တန်းများနှင့် ထိစပ်လုပ်ကိုင်နေရသော မိမိတို့အနေဖြင့် အထူးခံရခက်ကြောင်း မမိစိန်က ပြောပြသည်။
ထို့အပြင် အချို့ မှာ ညဥ့် ၁၂နာရီမှ စတင်၍ တန်းစီထားသော်လည်း နောက်ကျမှရောက်လာသည့် ကုမ္ပဏီအချို့တို့ကို မျက်စိမှိတ် လျှာထုတ်ဖြင့် စီနီယာ ကျော်တက်ခြင်းများလည်းရှိသည်။ အချို့ပွဲစားများမှာ ရောက်လျှင်ရောက်ခြင်း အထက်ပါ နေ့ စား ရုံးအလုပ်သမားများနှင့် နှစ်ကိုယ်ကြား လုပ်သွားလေ့ရှိကြသည်။ လူအရေအတွက် အမြောက်အများတို့အား အော်ဟစ်ရန် စပီကာငယ်များ ဆောင်ထားသင့်ကြောင်း အလုပ်သမားများက ပြောသည်။ တူသားအရွယ် တပည့်အရွယ်များက ယခုကဲ့သို့ အော်ဟစ်ကြိမ်းမောင်း ခံရခြင်းကိုလည်း ပတ်စပို့မျက်နှာဖြင့် သည်းခံရခြင်းဖြစ်ကြောင်း အလုပ်သမားများက ပြောသည်။
ထိုင်းနှင့်မြန်မာအစိုးရတို့ နှစ်နိုင်ငံချစ်ကြည်ရေး သဘောတူညီချက်အရ လုပ်ကိုင်အကောင်အထည် ဖေါ်နေသော ယာယီစပို့ လုပ်ငန်းမှာ တစ်နှစ်တာကာလအတွင်း မြန်မာအလုပ်သမား နှစ်သိန်းဝန်းကျင်သာ လုပ်ကိုင်ပြီးစီးသေးသည်။ ထိုင်းနိုင်ငံအတွင်း ရွေ့ပြောင်းအလုပ်သမား ၃သန်းဝန်းကျင်ခန့်ရှိကြောင်း နိုင်ငံတကာ အဖွဲ့အစည်းများက ခန့်မှန်းထားကြသည်။
နှစ်နိုင်ငံအစိုးရတို့ ချမှတ်ချက်အရ မြန်မာအလုပ်သမားများမှာ မဖြစ်မနေ လုပ်ကိုင်နေကြရသဖြင့် ဘတ်ငွေ သောင်းချီ ကုန်ကျနေသည်။ သို့ရာတွင် ထိုင်းရဲများ၊ ထိုင်းလုပ်ငန်းရှင်များက ယခင်ဥပဒေများအတိုင်း /ယခင် အမူအကျင့်များအတိုင်း တရားဝင် ယာယီပတ်စပို့ ကိုင်ဆောင်ထားသော အလုပ်သမားများကို အနိုင်ကျင့်မြဲဖြစ်သည်။
ယာယီပတ်စပို့ ကိုင်ဆောင်ထားသော အလုပ်သမားဖြစ်သော်လည်း အလုပ်သမားများထံတွင် ပါလာသော ဖုန်းနှင့် ငွေများကို လုယက်ယူငင်ဆဲဖြစ်သည်။
ယခုအခါ ထိုင်းအစိုးရက လာမည့်ဒီဇင်ဘာလမှစတင်၍ ယာယီပတ်စပို့ လုပ်ထားသောအလုပ်သမာများထံမှ
တိုင်းပြည်ပြန်ပို့ စရိတ်ဟု အကြောင်းပြလျှက် တစ်လကို ဘတ်ငွေ ၄၀၀နုန်းဖြင့် ၆လတိုင်တိုင် ဖြတ်တောက်မည်ဖြစ်ကြောင်း ကြေညာ ထားပြီးဖြစ်သည်။
အလုပ်သမားအခွင့်အရေးဆိုင်ရာများကို လုပ်ကိုင်ကြသောအဖွဲ့ အစည်းပေါင်းစုံတို့ က ကန့် ကွက်ခဲ့ကြသော်လည်း ထိုင်းအစိုးရက အဆိုပါ ၄၀၀ ဘတ်စီ ၆လ ဖြတ်တောက်မည့် ပြန်လည်ပို့ဆောင်ရေး စရိတ်ဥပဒေကို ပြီးခဲ့သည့်လက၊ တရားဝင် ပြဌာန်းကြေညာခဲ့သည်။
ယာယီပတ်စပို့သည် မြန်မာအလုပ်သမားများအတွက် လောလောဆယ်တွင် အကျိုးကျေးဇူး ခံစားရခြင်းမရှိပဲ
တစ်ခုပြီးတစ်ခု အကြပ်ရိုက်လာသည်။ ယာယီပတ်စပို့ လုပ်ငန်းစဉ်ကြောင့် ထိုင်းအစိုးနှင့် ထိုင်းပွဲစား ကုမ္ပဏီတို့ အကြီးအကျယ် အမြတ်အစွန်းရရှိကြသော်လည်း ယာယီပတ်စပို့ လုပ်ထားသော အလုပ်သမားများအတွက် ဥပဒေဘောင်အတွင်းမှ အကာအကွယ်၊ အခွင့်အလမ်းများ လုံးဝကင်းမဲ့နေသဖြင့် ယာယီပတ်စပို့ လုပ်ငန်းအပေါ်ရွေ့ပြောင်း မြန်မာအလုပ်သမားများ ပို၍ သံသယရှိလာကြကြောင်း သိရှိရသည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။ 

No comments:

Post a Comment