11.17.2010

ဒေါ်အောင်ဆန်းစုကြည် ရန်ကုန် ဗဟိုတရားရုံးချုပ်သို့ သွားရောက်လက်မှတ်ရေးထိုး

ရန်ကုန် နိုဝင်ဘာ ၁၆။
ခုနှစ်ခွဲကျော်ကြာ နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက် လာပြီးသည့်နောက် လေးရက်မြောက်နေ့ ယနေ့နေ့လည်ခင်းတွင် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တိုင်း ဗဟို တရားရုံးချုပ်သို့ သွားရောက်၍ NLD ပါတီအားဖျက်သိမ်းခဲ့သည့် အမိန့်အပေါ် တရားစွဲဆိုထားသည့် လျှောက်လွှာကို လက်မှတ်ရေးထိုးခဲ့သည်ဟု သိရပါသည်။
သူမ၏ ရှေ့နေ ဦးဥာဏ်ဝင်းက နအဖက ပါတီကို ဖျက်သိမ်းတဲ့ အမိန့်အပေါ် တရားစွဲရာမှာ ဥပဒေအရ ပါတီရဲ့ အမြင့်ဆုံးတာဝန်ရှိတဲ့သူ လက်မှတ်ရေးထိုးရမှာဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက် လက်မှတ်ရေးထိုးခဲ့တာဖြစ်တယ်ဟု ဆိုပါသည်။
ဒေါ်အောင်ဆန်းစုကြည် ပါတီဆက်လက်ရပ်တည်သွားနိုင်ရေးအတွက် ရင်ဆိုင်တိုက်ပွဲဝင်သွားရန် အဆင်သင့်ဖြစ်နေသည်ဟု ဦးဥာဏ်ဝင်းမှပင် ဆက်လက်ပြောခဲ့ပါသည်။ ယခုစွဲဆိုထားသည့် အမှုကို နေပြည်တော်ရှိ အထူးတရားရုံးက လာမည့် ၁၈ ရက်နေ့တွင် ကြားနာမည်ဟု ဆိုပါသည်။
NLD ရုံးတွင် ပြီးခဲ့သော တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံပြည်သူလူထုများ၏ ဒီမိုကရေစီ လိုအပ်ချက်အရ ထွက်ပေါ်လာခဲ့သည့် ပါတီသည် ဥပဒေအရ တရားဝင်သည် ဖြစ်စေ မဝင်သည်ဖြစ်စေ နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည် သွားမည်ဟု ပြောခဲ့ပါသည်။
ပြည်တွင်း သတင်းထောက်(ရွှေဝါရောင် သတင်းလွှာ) 

No comments:

Post a Comment