6.04.2009

“မပြက်ရင် မနေနိုင်တာကလွဲလို့”

E-mail Print
တခုသော ဗုဒ္ဓဟူးနေ့၌ ကျွန်ုပ် ရန်ကုန်သား တာတေသည် မြန်မာပြည်နိုင်ငံရေး အခြေအနေအတွက် ရင်လေးသည်က တကြောင်း .. ထမင်းစားများသွား၍ ဗိုက်လေးသည်က တကြောင်း၊ စာရေးရန် စာရေးစားပွဲ၌ ထိုင်လိုက် သော်လည်း ရေးစရာ အစရှာမရသဖြင့် အကြံအိုက်နေသည်က တကြောင်း စသော ကြောင်းသုံးကြောင်းပေါင်းဆုံ ကာ ရှေးလူကြီးများထားခဲ့သော စကားအတိုင်း တရေးနိုးသော် အကြံပေါ်လတံ့ဟု စဉ်းစားမိသဖြင့် အိမ်ရှေ့ ဝါးကွပ်ပျစ်တွင် စန့်စန့်ကြီး လဲလျောင်းရင်း အိပ်ပျော်ခြင်းသို့ ရောက်လေတော့သည်။ ထိုစဉ် ဝုန်းခနဲ အသံကြီး နှင့်အတူ ကျွန်ုပ်ရှေ့၌ ကိုယ်ရောင်ကိုယ်ဝါ တောက်ပသူတဦး ဘွားကနဲ ပေါ်လာလေသည်။

တာတေ။ ။ ဟား မျက်စိကျိန်းလိုက်တာ .. ပူရတဲ့အထဲ အဝါရောင်ကြီးဝတ်လို့ .. ခင်ဗျားဘယ်သူလဲ။

“ဘယ်သူဖြစ်ရမှာလဲကွ .. မင်းလက်ဆော့လွန်းလို့ နေပြည်တော်ရောက်လိုက်၊ မော်လ်ဒိုက်ရောက်လိုက် .. ရောက်ချင်ရာ ရောက်နေတဲ့ ချင်းမိုင်ရုက္ခစိုးလေကွာ” ဟူသော အဖြေစကားကြောင့် ကျွန်ုပ်မောင်တာတေ ရုတ်တရက် အိပ်ချင်စိတ်များ ပျောက်ကွယ်ကုန်တော့သည်။

တာတေ။ ။ ခင်ဗျားက နယ်မြေကျူးကျော်လှချည်လားဗျ။ ဘာကိစ္စကျုပ်ဆီကို မဖိတ်ဘဲ ရောက်လာတာလဲ။

ရုက္ခစိုး။ ။ မင်းတဲက လုံခြုံရေး ဘယ်လောက်များ တင်းကျပ်ထားလို့တုန်း။ နအဖ လုံခြုံရေး ဒီလောက် တင်းကျပ် တာတောင် ယက်ထောဆိုတဲ့ ပုဂ္ဂိုလ်ကျော်က ဒေါ်စုအိမ်ထဲရအောင် ဝင်သေးတာ။ ငါက တန်ခိုး ရှိတယ်ကွ။ ဒီမှာ ငါက မင်းအိမ်ကို လာချင်လို့လာတယ် မှတ်နေလား။ ဒီနေ့ ဗုဒ္ဓဟူးနေ့ရောက်နေပြီ .. မနေ့က ဘာလို့ ချင်းမိုင် ရုက္ခစိုး ကြော်ငြာ မတင်တာလဲ .. လာမေးတာ။ ကဲ ဖြေစမ်း။

တာတေ။ ။ ဟား ဦးရုက္ခစိုးရယ် .. ခင်ဗျားကိုယ်ခင်ဗျား ပရိသတ်အတော်လက်ခံတဲ့ စလီဘရစ်တီ ထင်နေလား ..။ ဆောရီးဗျာ .. ဒေဝါလီမဂ္ဂဇင်းမှာ ခင်ဗျားတယောက်တည်း ရယ်စရာလို့ထင်ရင် မှားသွား လိမ့်မယ်။ အခု ခင်ဗျားကို မဖတ်ချင်ကြတော့ဘူးဗျ။ အဲဒါကြောင့် ကျုပ် ဘာလုပ်ရမှန်းမသိဘဲ အိပ်နေတာ သိပြီလား။

ရုက္ခစိုး။ ။ ဟင် .. ဘာဖြစ်ရပြန်ပြီလဲ .. မင်းတို့ ဒေဝါလီက အယ်ချုပ်ကြီးပဲ ငါ့ကို ကြိုက်လှချည်ရဲ့ဆို။

တာတေ။ ။ အဲဒါပြောတာပေါ့ .. အယ်ချုပ် ကိုဂေါ်ကြီးက အစက ခင်ဗျားကိုကြိုက်တယ်ဆိုတာ .. ရယ်ရလို့ ဗျို့ ..။ ခင်ဗျားနဲ့ ဟိုနှစ်ကောင် ကြွက်စုတ်နဲ့ ဖိုးရှုပ် ပေါက်တတ်ကရလုပ်တာ၊ ပြောတာတွေက စိတ်ညစ်နေတဲ့ မြန်မာပြည်သူလူထုအတွက် စိတ်ဖြေစရာ၊ ထွက်ပေါက်ကလေးတွေ ဖြစ်နေလို့ ခင်ဗျားတို့ကို ပစားပေးထားတာ။ ခု ခင်ဗျားတို့ထက် ရယ်ရတဲ့ တကယ့် မြန်မာ့လူရွှင်တော်ကြီးတွေ ရှိနေပြီ .. ခင်ဗျားတို့ ဒိုးတော့။ ကျုပ်လည်း ခု ဘာရေးရမှန်းမသိဖြစ်နေပြီ။ အဲဒါကြောင့် မနေ့က ကြော်ငြာမတင်တာ သိပြီလား။

ရုက္ခစိုး။ ။ ဘာ မြန်မာ့ လူရွှင်တော်ကြီးတွေ ဟုတ်လား .. ။ ငါသိသလောက်တော့ ဇာဂနာကလည်း ထောင်ထဲမှာ .. သီးလေးသီးကလည်း ပြည်ပမှာ ရောက်နေတာ ..။ နောက်ထပ် ဘယ်သူတွေများ ရှိသေးလို့လဲ။

တာတေ။ ။ အဲဒါပြောတာပေါ့ ဦးရုက္ခစိုးရယ် .. ကျနော်လက်မှိုင်ချရလောက်အောင် ပြောင်မြောက်တဲ့ လူရွှင်တော်ကြီးတွေ ခု ပေါ်နေပြီဗျ။ ဒုတိယ နိုင်ဂျန်ဂါးရေးဝန်ကြီး မောင်ညစ် ဆိုတာ ကြားဖူးလား ..။

ရုက္ခစိုး။ ။ ဘယ်လို .. မောင်ညစ် ဟုတ်လား။ သူက ချိုကုပ်ဒူးကြီးထက် ပိုပြောင်တယ်လား။

တာတေ။ ။ ပြောင်လိုက်တာမှဗျာ .. ပြီးခဲ့တဲ့ အာဆီယံ - အီးယူ ဝန်ကြီးအဆင့်စည်းဝေးမှာ မောင်ညစ်က ဝန်ကြီး က မကဘဲ လူပြက်ထွက်လုပ်လို့ တကမ္ဘာလုံး တဝါးဝါး တဟားဟား ပွဲကျကုန်ပါရောလား။

ရုက္ခစိုး။ ။ ဟာ ဒါဆို ဒီလူ ကျုပ်တို့ထွေရာလေးပါး အုပ်စုကော သီးလေးသီးပါ နေစရာမရှိအောင် လုပ်တာပဲဗျ။ ဘယ်လိုတွေ ပြက်လဲ လုပ်ပါဦး။

တာတေ။ ။ ချိုကုပ်ဒူးကြီးက သူ့ဟာသူ ရူးပြီး မြန်မာပြည်မှာ ဆန်စပါး တောင်လိုပုံနေပါပြီ ပြောလို့မှ မဆုံးသေးဘူး … မောင်ညစ်က အမျိုးသားပြန်လည် ရင်ကြားစေ့ရေး လာမပြောနဲ့ ဒါတွေ တို့က လုပ်ဖူးပြီးသား .. အောင်မြင်အောင် ဆောင်ရွက်ပြီးသား လို့ ထပြက်လို့ အာဆီယံ ဝန်ကြီးတွေ တအုန်းအုန်းနဲ့ ထရယ်တာ .. ပွဲတောင် ပျက်မလိုဖြစ်သွားတယ်တဲ့။

ဦးရုက္ခစိုးက ကွပ်ပျစ်ကို “ဗျန်း” ခနဲ လက်ဝါးဖြင့် ပုတ်လိုက်ရာ ခင်းထားသည့် ဝါးတချောင်းကျိုးသွားသည်။

ရုက္ခစိုး။ ။ သိပြီ .. ဆြာတေ .. ခုမှ ကျုပ်သတိရတယ်။ အဲဒီပွဲမှာ မောင်ညစ်တယောက် မိန်းမကြီးလို သရုပ်ဆောင်ပြသွားသေးတယ်တဲ့ ကြားလိုက်သေးလား .. ။

တာတေ။ ။ ဟာ အဲဒါတော့ ကျနော် မသိလိုက်ဘူး .. ဘယ်လိုလဲဗျ။

ရုက္ခစိုး။ ။ ဘာပြောကောင်းမလဲကွာ .. မိန်းမကြီးလိုပဲ နှုတ်ခမ်းကြီးထော်၊ ခါးကြီးထောက်ပြီး ရန်တွေ့တာ .. အာဆီယံကော၊ အီးယူကော၊ ကုလသမဂ္ဂကောကို ပတ်ရမ်းတာနော .. သူ့ရုပ်ကြီးနဲ့ နှုတ်ခမ်းတလန် ပန်းတလန် ရန်တွေ့ပြတာများ မြင်မကောင်းဘူး “သူများအိမ်တွင်းရေးကို ဝင်ပါတဲ့ကောင်မတွေ .. အဲလေ ဝင်ပါတဲ့ အဝှာတွေ .. ပါရဲပါကြည့် ဒီတခါ ပါလို့ကတော့ အားလုံးကျုံးပစ်မယ် .. ၊ အဲ အားလုံးကို သိမ်းကျုံး ရမ်းပစ်မယ်” ဆိုပြီး ပြောတာ။

တာတေ။ ။ ဟာ အဲဒါကြောင့် ထိုင်းက ဟို ဗိုလ်ချုပ်ဟောင်းကြီး လန့်သွားတာဖြစ်မယ်ဗျနော်။

ရုက္ခစိုး။ ။ “နင်တို့ ထိုင်းနိုင်ငံသာ ပြည်သူလူထုက အနီ၊ အဝါ၊ အပြာတွေဝတ်ပြီး အစိုးရကို ဖြုတ်ချလိုချ .. ဆူပူလို ဆူပူ လုပ်နေတာ။ ငါတို့ မြန်မာပြည်ချိုကုပ်တွေကိုကြည့် လူထွက်လာ လူကိုသတ်လိုက်တာပဲ၊ ဘုန်းကြီးထွက်လာ ဘုန်းကြီးကို သတ်လိုက်တာပဲ .. ၊ ဘယ်သူမှ မလှုပ်ရဲဘူး .. မြင်လား .. နင်တို့သာ အမျိုးသားပြန်လည်သင့်မြတ်ရေး အရင်လုပ်ဟဲ့ .. ငါတို့ကိုလာမပြောနဲ့ .. ငါတို့က လုပ်စရာမလိုဘူး၊ အားလုံးငြိမ်ပိပြီးသား” ဆိုပြီး မောင်ညစ်က ရန်တွေ့တော့ ဟိုက မလန့်ဘဲ နေမလားဟ။

တာတေ။ ။ ကြည့်ရတာ ချိုကုပ်တွေက ထိုင်းနိုင်ငံဘက်ကို လှည့်ပြီး သွားဖြဲပြတယ်နဲ့ တူတယ် ဦးရုက္ခစိုးရဲ့ .. အဲဒါကြောင့် ထိုင်းက ဗိုလ်ချုပ်ဟောင်းကြီးက အချိုပြန်သပ်တာပေါ့။

ရုက္ခစိုး။ ။ သွားဖြဲပြရုံဘယ်ကမလဲ .. “ငါတို့နောက်မှာ ဘယ်သူရှိလဲသိလား .. မိုက်ရင်ထွက်ခဲ့ ငါ့အဖေနဲ့ ချမလား” လို့ပြောတော့ ဗိုလ်ချုပ်ဟောင်းကြီးလည်း သူတို့ဝန်ကြီးချုပ် ပါးစပ်မလွန်အောင် နည်းနည်းပါးပါး သတိ ပေးရတာပေါ့ကွာ ..။ သူတို့လည်း မြန်မာပြည်က ချိုကုပ်ဒူးကြီး ဓာတ်ငွေ့ ရောင်းပေးမှ မီးလာမှာကိုးကွ။ ထိုင်း တွေက အမှောင်နဲ့မှ ကျင့်သားမရသေးတာ။

တာတေ။ ။ ကျနော်တို့ မြန်မာပြည်သားတွေနဲ့များ ကွာပါ့ဗျာ။ မီးမလာရင် ဖရောင်းတိုင်ထွန်းမယ်၊ ထမင်းမရှိရင် ထမင်းရည်သောက်မယ်။ ဘယ်လောက်တော်လဲ။

ရုက္ခစိုး။ ။ မောင်ညစ်အပြင် နောက်ထပ် လူရွှင်တော်ရှိသေးတယ်မဟုတ်လား လုပ်ပါဦးကွ ..။

ပြောရင်းဆိုရင်း ဦးရုက္ခစိုး စိတ်ပါလာရာ မတ်တပ်ရပ်နေရာမှ ကျွန်ုပ်၏ ဘေးတွင် ဝင်ထိုင်လိုက်သောကြောင့် ခပ်နဲ့နဲ့ ဝါးကွပ်ပျစ်ကလေး “ဂျွတ်” ခနဲ အသံမြည်သွားသည်။ သို့သော်လည်း ပြောချင်အားကြီးနေသော ကျွန်ုပ်မှာ ဝါးကွပ်ပျစ် ကျိုးမှာကို ဂရုမစိုက်နိုင်တော့ ..။

တာတေ။ ။ ရှိပါ့ဗျာ .. ဒီတယောက်ကတော့ စင်ကာပူမှာ သွားပြက်တာဗျ။ အဲဒီက ပိုလီတက္ကနစ်မှာ တက်နေတဲ့ ကျောင်းသားတွေတောင် လာမယ့်နှစ် သင်္ကြန်မှာ ကဖို့ သူ့ဆီက လူရွှင်တော်ပညာ ယူရမယ် ပြောနေကြတယ်။

ရုက္ခစိုး။ ။ တကယ့် ပညာရှင်ထင်တယ်နော် .. ဘယ်သူပါလိမ့်။

တာတေ။ ။ ဒုတိယ ကာဆီးကာဆီးလုပ်ရေး ဝန်ကြီး ချိုကုပ် အေးညစ်လေ .. တော်တော်ရယ်စရာ ပြောတဲ့ လူဗျာ “အပြစ်ကျူးလွန် သူကို အပြစ်မပေးရင် မင်းမဲ့စရိုက်ပေါ်ထွန်းလာမယ်၊ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို ထိခိုက်မယ်” တဲ့ ကြည့်ပါဦး။ သူတို့ ချိုကုပ်ဒူးကြီးကို စောင်းပြောတာ အားလုံးသိတယ်။ စင်ကာပူရောက်နေတဲ့ ဝန်ကြီးတွေအားလုံး သူလုပ်လို့ ရယ်ကြတာ အူတွေတက်ကုန်လို့ အကုန်လုံး ဆေးရုံပို့လိုက်ရတယ်တဲ့။

ရုက္ခစိုး။ ။ ဟာ ဟုတ်လား။ ဒီတခါ ချိုကုပ်ဒူးကြီးက မျက်နှာသစ်လေးတွေကို ပွဲထုတ်လိုက်တာပဲကွ .. သီးလေးသီးတောင် ထမင်းငတ်နိုင်တယ်။ လူကြမ်းအဖွဲ့က လည်းပြောင်မြောက်၊ လူရွှင်တော်တွေကလည်း ဟုတ်နေပြီ .. ဘာကျန်သေးလဲ။

တာတေ။ ။ ကျန်သေးတယ်ဗျို့ ..။ နေပြည်တော် လူကြမ်းတွေက လူတွေကို နှိပ်စက်တယ်။ ကျနော်တို့ မိန်းမကြမ်းကြီးကတော့ ဘုရားပါမနေရအောင် နှိပ်စက်ပြတာ။ မသန်းရွှေတို့ ဒေါ်ခင်အေးဟန်တို့ .. ခင်စိုးပိုင် တို့လောက်တော့ ပျင်းတောင်ပျင်းသေးတယ်။

ရုက္ခစိုး။ ။ ဟေ မင်းပြောတာ ချိုကုပ်ဒူးကြီးကတော် ဒေါ်ကွိုင်ကွိုင်မဟုတ်လား။ သူက ဘာလုပ်ပြန်ပြီလဲ..။

တာတေ။ ။ သူ့ဟာသူနေတဲ့ ဓနုတ် ဘုရားကြီးကို သူတို့ သားအမိတွေ လက်ဆော့ပြီး ကြိုးနဲ့ သွားဆွဲ တာလေ။ တခါတည်း ပြိုကျရောဗျို့။

ရုက္ခစိုး။ ။ ဟာ ဒါလည်း ယတြာပဲလား။

တာတေ။ ။ ယတြာတော့ ယတြာပဲ .. ဒါပေမယ့် မတန်တရာပေါက်ကရတွေ သွားလုပ်တော့ ခု တဘောင်တောင် ထွက်နေပြီ ..။ ဒလမှ ဓနုတ် .. နေပြည်တော်မှာ ဗိုလ်ချုပ် ..။ ဟာ ယောင်လို့ ယောင်လို့ ..။

ရုက္ခစိုး။ ။ ဘာဖြစ်ရပြန်တာလဲကွ။

တာတေ။ ။ မပြောရဘူးလေ .. အဲဒီ ဘုရားပြိုတဲ့ အကြောင်း ဘယ်သူ့ကိုမှ ဘာမှမပြောရဘူးတဲ့ .. ဘာဆိုဘာမှ မပြောနဲ့ဆိုလို့ ကျနော်လည်း ဘာမှ မပြောရဲဘူး .. ထောင်ဒဏ် ၃ နှစ်တဲ့။ အောင်မလေး ကြောက်ပါပြီဗျ .. မပြောတော့ပါဘူး ..။

ခုမှ အမှန်တကယ် လန့်နိုးသွားခြင်းဖြစ်သည်။ ကျွန်ုပ်၏ ရှေ့တွင် ဦးရုက္ခစိုးလည်း မရှိတော့ ..။ ဗုဒ္ဓဟူးနေ့ အမီ ပေးရန် ချင်းမိုင်ရုက္ခစိုး အမြန်ရေးရမည်။ အိပ်မက်ထဲက တဘောင်ကို မေ့မသွားခင် အမြန်ဆုံး ချရေးထား လိုက်သည်။

“ဒလမှာဓနုတ် .. နေပြည်တော်က ဗိုလ်ချုပ်တွေပြုတ် .. ဓနုတ်ဘုရားက ပျက် .. ချိုကုပ်ဒူးကြီး အသက်ထွက်”။ ။

ရန်ကုန်သားတာတေ၏ ဦးရုက္ခစိုးနှင့် ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များအပေါ်မှာ အခြေခံရေးသားထားခြင်း မဟုတ်ပါ။ အားပေးဝေဖန်ကြသော ပြည်တွင်း ပြည်ပ ပရိတ်သတ်ကို လေးစားလျှက် …။

No comments:

Post a Comment