8.31.2009

မြန်မာ ဟုယူဆရသူ အလုပ်သမားသုံးဦး အသက်ရှူမွန်းကြပ်သေဆုံး

Photobucket
စက်တင်ဘာ ၁
ထိုင်းနိုင်ငံတောင်ပိုင်း ကျုံဖေါ်မြို့နယ် ၊မူထိ၅တာမွန်နာခအန်ရွာ အန်နောင်ကျော်လခစ် ဘုန်းတော်ကြီး ကျောင်းတွင် အမည်မသိ မြန်မာ အလုပ်သမားသုံးဦး အလောင်းကို ကျုံဖေါ် ကယ်ဆယ်ရေးအဖွဲ့က တွေ့ရှိ ခဲ့ကြောင်း ထိုင်းသတင်းစာတွင်ဖေါ်ပြထားသည်။
ဘုန်းတော်ကြီးကျောင်း သို့အဝင်လမ်းကီလိုမီတာ၃ဝအကွာ၌ သြဂုတ်လ ၂၈ ရက်နေ့ ညနေ ၉နာရီတွင် အဆိုပါ ဘုန်းတော်ကြီးကျောင်း အနီးတွင် ရွာသားအချို့က တွေ့ရှိသဖြင့် ရွာလူကြီး နိုင်ဖနိုန်ကဲမနီ က သက်ဆိုင်ရာ ရဲစခန်းအား အကြောင်းကြားခဲ့သည်။ ထို့နောက် ကယ်ဆယ်ရေးကားများဖြင့် ကျုံဖေါ်ဆေးရုံးကြီးသို့ အလောင်း များကို ပို့ဆောင် ပေးခဲ့ကြောင်း သြဂုတ်လ ၃ဝ ရက်နေ့ထုတ် ထိုင်းရပ် သတင်းစာတွင် ဖေါ်ပြထားသည်။
အမှုလိုက် ရဲအရာရှိ တူချပ်တီလီလပ်ဖုန် က “ဗမာတွေဖြစ်နိုင်ပါတယ်၊ မှတ်ပုံတင်တွေ စာရွက်စာတမ်း တွေလည်း ဘာမှမတွေ့ရဘူး၊ ဖိနပ်တောင် အလောင်းမှာ မတွေ့ရဘူး၊ တင်လာတဲ့ကားက လူသေမှုအပြင် လူကုန်ကူးမှုနဲ့ အရေးယူခံရမှာကို စိုးရိမ်တဲ့အတွက် အလောင်းကို အလျှင်အမြန် လာပစ်လိုက်တာ ဖြစ် နိုင်တယ်”ဟု သတင်းတွင် ဖေါ်ပြထားသည်။
ဆေးရုံမှ စမ်းသပ် စစ်ဆေးချက်အရ အဆိုပါ မြန်မာအလောင်း သုံးလောင်းမှာ အလောင်းတွေ့ရှိချိန် မတိုင်မီ ၁ဝနာရီခန့်က အသက်ရှူ မွန်းကြပ်ပြီး သေဆုံးခဲ့ကြောင်း သတင်းစာတွင် ရေးသားဖေါ်ပြထားသည်။ အအေးခန်း ကုန်ကား တစ်စီးက လာရောက်ပစ်ချသွားခြင်း ဖြစ်နိုင်ကြောင်း ရွာသားများ၏ ပြောဆိုချက်ကို မူတည်၍ ကျုံဖေါ် အနီးတစ်ဝိုက်တွင် ကားပိုင်ရှင် အချို့အပါအဝင် မြန်မာများကို မေးမြန်း စုံစမ်းနေကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် စီးပွားရေးကြပ်တည်း၊ အလုပ်အကိုင် ရှားပါးမှုများကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ရရာ လမ်းကြောင်းမှ နည်းမျိုးစုံဖြင့် ဝင်ရောက် အလုပ်လုပ်ကိုင် နေကြသည်။ ရွေ့ပြောင်း မြန်မာ အလုပ်သမား များမှာ ယခုကဲ့သို့ မကြာခဏ အဖြစ်ဆိုးများ ကြုံရလေ့ရှိသည်။
ပြီးခဲ့သည့် ၂ဝဝ၈ ဧပြီလ ၁ဝ ရက်နေ့ ကလည်း ရနောင်းမြို့ မှ ဖူးခက်မြို့သို မြန်မာ အလုပ်သမား တစ်ရာကျော် တင်ဆောင် လာသော အအေးခန်း အလုံပိတ် ကွန်တင်နာကားပေါ်တွင် အသက်ရှူမွန်းကြပ် သဖြင့် မြန်မာ အလုပ်သမား ၅၄ဦးသေဆုံးခဲ့ဖူးသည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။

No comments:

Post a Comment